မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၃၂

ဥပုသ်နေ့မှာ ဘာလုပ်သင့်သလဲ

ဥပုသ်နေ့မှာ ဘာလုပ်သင့်သလဲ

မဿဲ ၁၂:၉-၁၄ မာကု ၃:၁-၆ လုကာ ၆:၆-၁၁

  • လက်တစ်ဖက်​သေနေ​သူကို ဥပုသ်​နေ့မှာ ကုသ​ပေး

နောက်​ဥပုသ်​နေ့တစ်နေ့မှာ ယေရှု​က တရားဇရပ်​ကို သွားတယ်။ အဲဒါက ဂါလိလဲ​ပြည်မှာ​ဖြစ်မယ်။ တရားဇရပ်မှာ လက်တစ်ဖက်​သေတဲ့​သူကို တွေ့တယ်။ (လုကာ ၆:၆) ကျမ်းတတ်​နဲ့ ဖာရိရှဲတွေက ယေရှုကို မျက်ခြည်မပြတ် စောင့်ကြည့်​နေကြ​တယ်။ ဘာလို့လဲ။ “ဥပုသ်​နေ့မှာ ရောဂါ​ကုပေးသင့်သလား” ဆိုပြီး မေး​တာ​ကို​ကြည့်ရင် သူတို့ရဲ့ သဘောထား​မှန်​ကို သိနိုင်တယ်။—မဿဲ ၁၂:၁၀

ဂျူး​ဘာသာရေး ခေါင်းဆောင်​တွေ​က အသက်​အန္တရာယ်​ ရှိမှပဲ​ ဥပုသ်​နေ့မှာ ရောဂါ​ကုသ​င့်​တယ်လို့ လက်ခံ​ထားတာ။ ဥပမာ၊ ဥပုသ်​နေ့မှာ အရိုးကျိုး​သွား​လို့ ပြန်​ဆက်​တာ၊ အဆစ်​လွဲလို့ ပတ်တီး​စည်း​တာ မလုပ်ရဘူး။ အဲဒါတွေက အသက်​အန္တရာယ်​ရှိတဲ့ အခြေအနေ​မဟုတ်လို့​ပဲ။ ကျမ်းတတ်​နဲ့ ဖာရိရှဲတွေက သနားစရာ​ကောင်းတဲ့ အဲဒီ​လူကို စိုးရိမ်လို့ မေးခွန်း​မေး​တာ မဟုတ်ဘဲ ယေရှုကို အပြစ်တင်​ချင်​လို့ အကြောင်း​ရှာနေ​ကြ​တာ။

သူတို့ ဉာဏ်​များနေ​တာ​ကို ယေရှု သိတယ်။ ဥပုသ်​နေ့မှာ အလုပ်​မလုပ်ရဘူး​ဆိုတဲ့​ပညတ်ကို ချိုးဖောက်​တာ​နဲ့ ပတ်သက်ပြီး သူတို့ရဲ့သဘောထား​က အစွန်းရောက်​နေတယ်၊ ကျမ်းစာနဲ့​လည်း မကိုက်ညီ​ဘူးဆို​တာ သိတယ်။ (ထွက်မြောက်ရာ ၂၀:၈-၁၀) သူ​လုပ်တဲ့​ကောင်းမှုတွေကို အပြစ်ရှာ​ဝေဖန်တာ​မျိုး အရင်က​လည်း ကြုံဖူးတယ်။ အခု ယေရှု​က လက်တစ်ဖက်​သေနေ​သူကို “ထပြီး ဒီ​အလယ်မှာ လာ​ရပ်ပါ” လို့​ပြောပြီး သူတို့နဲ့ ထိပ်တိုက်​ရင်ဆိုင်​လိုက်တယ်။—မာကု ၃:၃

ယေရှု​က ကျမ်းတတ်​နဲ့ ဖာရိရှဲတွေ​ဘက် လှည့်​ပြီး “ခင်ဗျားတို့မှာ သိုး​တစ်ကောင်​ရှိတယ်​ဆိုပါစို့။ အဲဒီ​သိုး​က ဥပုသ်​နေ့မှာ တွင်း​ထဲ​ကျသွား​ရင် မ​ဆွဲတင်​ဘဲ​နေတဲ့​သူ ရှိသလား” လို့​မေးလိုက်တယ်။ (မဿဲ ၁၂:၁၁) သိုး​တစ်ကောင်​ဟာ သိပ်​တန်ဖိုးကြီး​တော့ မ​ဆွဲတင်​ဘဲ တွင်း​ထဲမှာ တစ်နေ့လုံး ထား​မှာ​မဟုတ်ဘူး။ အဲဒီလိုသာ ထား​လိုက်ရင် သိုး​လည်း သေမယ်၊ ငွေ​လည်း ဆုံး​မယ်။ ဒါ့အပြင် “ဖြောင့်မတ်​သူက ခြံမွေး​တိရစ္ဆာန်တွေကို ဂရုစိုက်​တယ်” လို့​ ကျမ်းစာ​ပြောတယ်။—ပညာအလိမ္မာ ၁၂:၁၀

ယေရှု​က “လူဟာ သိုး​ထက် အများကြီး တန်ဖိုး​ရှိတယ်။ ဒါကြောင့် ဥပုသ်​နေ့မှာ ကောင်းမှုပြုသင့်တယ်” ဆိုပြီး ယုတ္တိ​ရှိ​ရှိ နှိုင်းယှဉ်​ပြ​လိုက်တယ်။ (မဿဲ ၁၂:၁၂) ဒါကြောင့် အဲဒီ​လူကို ကုပေး​တာ​ဟာ ဥပုသ်​ပညတ်ကို ချိုးဖောက်​နေတာ မဟုတ်ပါဘူး။ ဒီလိုမျိုး ယုတ္တိ​ရှိပြီး ကရုဏာ​ပါတဲ့ ကျိုးကြောင်း​ရှင်းပြ​မှု​ကို ဘာသာရေး​ခေါင်းဆောင်​တွေ ပြန်​မချေပ​နိုင်​ဘဲ နှုတ်ဆိတ်​သွားကြတယ်။

ယေရှု​က စိတ်လည်း​ဆိုး၊ စိတ်လည်း​ထိခိုက်​ပြီး ပတ်ဝန်းကျင်​ကို ကြည့်​လိုက်​တယ်။ ဒီ​နောက် လက်တစ်ဖက်​သေနေ​သူကို “လက်​ဆန့်​လိုက်ပါ” လို့​ပြောတယ်။ (မဿဲ ၁၂:၁၃) လက်​ဆန့်​လိုက်တဲ့အခါ ပြန်ကောင်း​သွားတယ်။ သူ သိပ်​ဝမ်းသာ​သွား​ပေမဲ့ ယေရှုကို ထောင်ချောက်​ဆင်​သူတွေ​ကော ဘယ်လို ဖြစ်သွားသလဲ။

အဲဒီ​လူ လက်​ပြန်ကောင်း​လာလို့ ဝမ်းသာမယ့်​အစား ဖာရိရှဲတွေက ထွက်သွား​ပြီး “ယေရှုကို သတ်ဖို့ ဟေရုဒ်​နောက်လိုက်​တွေ​နဲ့ ချက်ချင်း တိုင်ပင်​ကြတယ်။” (မာကု ၃:၆) ဒီ​နိုင်ငံရေး​အဖွဲ့မှာ ဇဒ္ဒုကဲ​လို့​ခေါ်တဲ့ ဘာသာရေး​အဖွဲ့ဝင်​တွေ​လည်း ပါတယ်။ အများအားဖြင့် ဇဒ္ဒုကဲ​တွေ​နဲ့ ဖာရိရှဲတွေက မတည့်​ကြပေမဲ့ ယေရှုကို အတိုက်အခံလုပ်​တဲ့ နေရာမှာ​တော့ တစ်​ကျိတ်​တည်း တစ်​ဉာဏ်​တည်း​ပဲ။