မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၃၆

ယုံကြည်ခြင်းခိုင်ခံ့တဲ့တပ်မှူး

ယုံကြည်ခြင်းခိုင်ခံ့တဲ့တပ်မှူး

မဿဲ ၈:၅-၁၃ လုကာ ၇:၁-၁၀

  • တပ်မှူး​ရဲ့​အစေခံ ရောဂါ​ပျောက်​သွား

  • သစ္စာ​ရှိသူတွေ ကောင်းချီး​ခံစားရ

တောင်ပေါ်​ဒေသနာ​ကို ဟောပြော​ပြီးနောက် ယေရှု​က ကပေရနောင်​မြို့ကို သွားတယ်။ အဲဒီမှာ ဂျူး​အကြီးအကဲ​တချို့ သူ့​ဆီ ရောက်လာတယ်။ သူတို့နဲ့​နောက်ခံ​မတူတဲ့ ရောမ​တပ်မှူး၊ စစ်သား​တစ်​ရာ​ကို အုပ်ချုပ်တဲ့ တပ်မှူး​တစ်ယောက်က သူတို့ကို လွှတ်​လိုက်တာ။

တပ်မှူး​ချစ်တဲ့ အစေခံ​ဟာ သေခါနီး အသည်းအသန် ဖြစ်နေတယ်။ တပ်မှူး​ဟာ လူမျိုးခြား​ဖြစ်ပေမဲ့ ယေရှု​ဆီ အကူအညီ​တောင်းတယ်။ သူ့​အစေခံ​ဟာ “လေဖြတ်​ပြီး အိမ်မှာ လဲနေ​ပါတယ်။ သူ​အကြီးအကျယ် ဝေဒနာ ခံစား​နေရ​ပါတယ်” လို့ ယေရှုကို ဂျူးတွေ ပြောပြတယ်။ (မဿဲ ၈:၆) ဂျူး​အကြီးအကဲ​တွေ​က ဒီ​တပ်မှူး​ကို ကူညီ​ထိုက်​ကြောင်း ယေရှုကို အခုလို​ပြောတယ်– “သူဟာ ကျွန်တော်တို့​လူမျိုးကို ချစ်တယ်။ ကျွန်တော်တို့​အတွက် တရားဇရပ်​တောင် ဆောက်​ပေးထားတယ်။”—လုကာ ၇:၄၊ ၅

ယေရှုလည်း သူတို့နဲ့အတူ တပ်မှူး​ရဲ့​အိမ်ကို လိုက်သွား​တယ်။ အိမ်နဲ့​မလှမ်းမကမ်း​ကို ရောက်တဲ့အခါ တပ်မှူး​က သူ့​မိတ်ဆွေတွေကို​လွှတ်​ပြီး “ဆရာ၊ ဒုက္ခ​မခံပါနဲ့တော့။ ဆရာ့​ကို အိမ်ထဲ​ဖိ​တ်​ဖို့ ကျွန်တော် မထိုက်တန်​ပါဘူး။ ဆရာ့​ကို လာ​တွေ့​ဖို့​လည်း မထိုက်တန်ဘူးလို့ ထင်​ပါတယ်” ဆိုပြီး ပြော​ခိုင်း​လိုက်တယ်။ (လုကာ ၇:၆၊ ၇) တခြား​သူတွေကို အမိန့်ပေး​ရတဲ့​သူက ဘယ်လောက်တောင် နှိမ့်ချ​လိုက်သလဲ။ ဒီ​တပ်မှူး​ဟာ ကျွန်တွေကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံ​တဲ့ ရောမတွေ​နဲ့ မတူဘူး။—မဿဲ ၈:၉

ဂျူးတွေဟာ ဂျူး​မဟုတ်​သူတွေနဲ့ အပေါင်းအသင်း​မ​လုပ်​မှန်း တပ်မှူး ကောင်းကောင်း​သိထားတယ်။ (တမန်တော် ၁၀:၂၈) ဒါကြောင့်လည်း “ပျောက်စေ​လို့ ဆရာ​ပြောလိုက်​ရုံ​နဲ့ ကျွန်တော့်​ကျွန်​က ရောဂါ​ပျောက်​သွားမှာပါ” လို့ သူ့​မိတ်ဆွေတွေကို ပြော​ခိုင်း​တာ​ဖြစ်မယ်။—လုကာ ၇:၇

ဒီ​စကားကို​ကြားတဲ့​အခါ ယေရှု အံ့သြ​သွားပြီး “ကျွန်တော်​ပြောမယ်။ ဒီလောက်​ထိ ယုံကြည်ခြင်း​ခိုင်ခံ့တဲ့​သူကို အစ္စရေး​တွေထဲမှာ​တောင် မတွေ့ဖူး​ဘူး” လို့​ပြောတယ်။ (လုကာ ၇:၉) တပ်မှူး​ရဲ့​အိမ်ကို မိတ်ဆွေ​တွေ ပြန်​ရောက်တဲ့အခါ အသည်းအသန် ဖြစ်နေတဲ့​အစေခံ ကျန်းမာ​သွား​မှန်း သိလိုက်​ရတယ်။

ယေရှု​က ကုသ​ပေးပြီး​တာ​နဲ့ ဒီ​ဖြစ်ရပ်ကို​သုံးပြီး သစ္စာရှိ လူမျိုးခြားတွေ ကောင်းချီး​ခံစား​ရမယ်ဆိုတာ အခုလို အတည်ပြု​ပြောဆိုတယ်– “အရှေ့​နဲ့ အနောက်​အရပ်​ကနေ လူ​အများကြီး ရောက်လာပြီး ကောင်းကင်​နိုင်ငံမှာ အာဗြဟံ၊ အိဇက်၊ ယာကုပ်တို့​နဲ့​အတူ ထိုင်ပြီး စားသောက်​ကြ​လိမ့်မယ်။” ဒါဆိုရင် သစ္စာ​မဲ့တဲ့​ဂျူးတွေ​ကော။ သူတို့ကတော့ “အပြင်ဘက် မှောင်မိုက်​အရပ်​ဆီ နှင်ထုတ်ခံ​ရလိမ့်မယ်။ အဲဒီမှာ ငိုကြွေး​ပြီး အံကြိတ် ခံပြင်း​နေကြ​လိမ့်မယ်။”—မဿဲ ၈:၁၁၊ ၁၂

ခရစ်တော်​နဲ့​အတူ နိုင်ငံတော်​ဝင်စား​ခွင့်​ကို ဦးဆုံး ကမ်းလှမ်း​ခံရပေမဲ့ လက်မခံ​ခဲ့​တဲ့ ဂျူးတွေဟာ ငြင်းပယ်​ခံရလိမ့်မယ်။ လူမျိုးခြားတွေ​ကျတော့ ယေရှုရဲ့​စားပွဲမှာ​ထိုင်ပြီး စားသောက်​ကြ​လိမ့်မယ်၊ တစ်နည်းအားဖြင့် “ကောင်းကင်​နိုင်ငံမှာ” သူတို့ကို ကြိုဆိုလက်ခံ​ပါလိမ့်မယ်။