မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၄၂

ဖာရိရှဲတွေကိုပြစ်တင်ဆုံးမ

ဖာရိရှဲတွေကိုပြစ်တင်ဆုံးမ

မဿဲ ၁၂:၃၃-၅၀ မာကု ၃:၃၁-၃၅ လုကာ ၈:၁၉-၂၁

  • “ယောနရဲ့ အံ့ဖွယ်အမှု” အကြောင်း​ပြော

  • မိသားစု​ထက် တပည့်​တွေ​နဲ့ ပို​ရင်းနှီး

ဘုရားရဲ့ တန်ခိုး​နဲ့ ယေရှု နတ်ဆိုး​တွေ နှင်ထုတ်​တာ​ကို ကျမ်းတတ်​နဲ့ ဖာရိရှဲတွေ ငြင်းပယ်မယ်​ဆိုရင် သန့်ရှင်းသော စွမ်းအားတော်ကို ဆန့်ကျင်​ပြောဆို​မိ​နိုင်တဲ့ အန္တရာယ်​ရှိတယ်။ ဒါဆိုရင် သူတို့က ဘုရား​ဘက်တော်သား​လား၊ စာတန့်​ဘက်တော်သား​လား။  ယေရှု​က “ကောင်းတဲ့​အပင်​ဆိုရင် ကောင်းတဲ့​အသီး သီး​မှာ​ပဲ။ မကောင်းတဲ့​အပင်​ဆိုရင်တော့ မကောင်းတဲ့​အသီး သီး​မှာ​ပဲ။ အသီးကို​ကြည့်တာ​နဲ့ အပင်​ကောင်းမကောင်း သိနိုင်တယ်” လို့​ပြောတယ်။—မဿဲ ၁၂:၃၃

ယေရှုသာ  စာတန့်​အမှုဆောင်​နေတယ်​ဆိုရင် နတ်ဆိုး​နှင်ထုတ်ခြင်း​ဖြစ်တဲ့ ကောင်းတဲ့​အသီး ဘယ်လိုလုပ် သီး​နိုင်မှာလဲ။ တောင်ပေါ်​ဒေသနာ​မှာ ယေရှု​ပြောသလိုပဲ အသီး​ကောင်း​ရင် အပင်​လည်းကောင်း​မယ်၊ အသီး​ကောင်းပြီး အပင်မ​ကောင်းတာမျိုး မရှိဘူး။ ဒါဆိုရင် ဖာရိရှဲတွေ​ရဲ့ အသီး​ဖြစ်တဲ့ မဟုတ်မမှန် စွပ်စွဲချက်တွေ​က ဘာကို ဖော်ပြ​နေသလဲ။ သူတို့ဟာ မကောင်းတဲ့​အပင်​ဖြစ်မှန်း ဖော်ပြ​နေတယ်။ ဒါကြောင့် ယေရှု​က “မြွေ​ဆိုး​အမျိုး​တို့၊ ခင်ဗျားတို့ဟာ ဆိုးညစ်​သူတွေ​ဖြစ်နေ​တော့ ဘယ်လိုလုပ်ပြီး ကောင်းတဲ့​စကား ပြောနိုင်​မှာ​လဲ။ စိတ်ထဲ ရှိတာ​တွေ​ပဲ နှုတ်​က ထွက်​တတ်တယ်” လို့​ပြောတယ်။—မဿဲ ၇:၁၆၊ ၁၇။ ၁၂:၃၄

မှန်ပါတယ်၊ ကျွန်တော်တို့ရဲ့ စကားတွေက စိတ်နှလုံး အခြေအနေကို ဖော်ပြ​နေတယ်။ အဲဒီ​စကားတွေပေါ်​မူတည်ပြီး တရား​စီရင်ခံ​ရမှာ ဖြစ်တယ်။ ဒါကြောင့် ယေရှု​က “ကျွန်တော်​ပြောမယ်။ လူတိုင်း​က ကိုယ်​ပြောခဲ့သ​မျှ အကျိုး​မရှိတဲ့ စကားတွေ​အတွက် တရား​စီရင်​ရာ​နေ့မှာ ဖြေရှင်းချက် ပေး​ရလိမ့်မယ်။ ကိုယ်​ပြောတဲ့ စကား​ကြောင့် ဖြောင့်မတ်သူ​လို့ သတ်မှတ်​ခံရမှာ ဖြစ်သလို ကိုယ်​ပြောတဲ့ စကား​ကြောင့်​ပဲ အပြစ်ရှိ​သူ​လို့ သတ်မှတ်​ခံရလိမ့်မယ်” လို့​ပြောတယ်။—မဿဲ ၁၂:၃၆၊ ၃၇

အံ့ဖွယ်​အမှုတွေ​ကို ယေရှု​လုပ်ပြ​နေပေမဲ့ ကျမ်းတတ်​နဲ့ ဖာရိရှဲတွေက “ဆရာ၊ ဆရာ​ပြ​တဲ့ အံ့ဖွယ်အမှု တစ်ခုလောက် မြင်ချင်​ပါတယ်” လို့ တောင်းဆို​ကြတယ်။ ယေရှု အံ့ဖွယ်​အမှုတွေ လုပ်တာကို သူတို့​ကိုယ်တိုင် မြင်​တာ​ပဲ​ဖြစ်ဖြစ်၊ မမြင်​တာ​ပဲ​ဖြစ်ဖြစ်​ မျက်မြင်သက်သေ​တွေ​ကတော့ အများကြီး​ပါပဲ။ ဒါကြောင့် ယေရှု​က ဂျူး​ဘာသာရေး ခေါင်းဆောင်​တွေကို “ဆိုးညစ်​ဖောက်ပြန်တဲ့ လူမျိုးဆက်​က အံ့ဖွယ်​အမှုကို မြင်​ချင်ကြတယ်။ ဒါပေမဲ့ ပရောဖက်​ ယောန​ရဲ့ အံ့ဖွယ်အမှု​က​လွဲလို့ ဘယ်​အံ့ဖွယ်​အမှုကို​မှ သူတို့ မြင်ရ​မှာ မဟုတ်ဘူး” လို့​ပြောတယ်။—မဿဲ ၁၂:၃၈၊ ၃၉

အဲဒီ​စကားတွေ​ရဲ့ အဓိပ္ပာယ်​ကို ယေရှု အခုလို ရှင်းပြတယ်– “ယောန​က ငါး​ကြီး​ဝမ်း​ထဲမှာ သုံးရက်​နေခဲ့ရသလို လူသားကလည်း မြေကြီး​ထဲမှာ သုံးရက်​နေရ​လိမ့်မယ်။” ယောန​ကို ငါး​ကြီး​မျိုချ​လိုက်ပြီး​နောက် ပြန်​အန်ထုတ်​လိုက်တယ်။ အဲဒါက သေ​ရာ​ကနေ အသက် ပြန်ရှင်​လာသလို​ပါပဲ။ ဒီလို​နည်းနဲ့ ယေရှု​က သူ​သေဆုံးမယ်၊ သုံးရက်​မြောက်​နေ့မှာ အသက်ပြန်ရှင်​လာမယ်​ဆိုတာ ကြို​ပြောတယ်။ နောက်ပိုင်းမှာ အဲဒီအတိုင်း ဖြစ်လာတဲ့​အခါ ဂျူး​ဘာသာရေး ခေါင်းဆောင်​တွေ​က “ယောနရဲ့ အံ့ဖွယ်အမှု” ကို ငြင်းပယ်ခဲ့​ကြတယ်။ နောင်တ​မယူ၊ မပြောင်းလဲ​ခဲ့​ကြဘူး။ (မဿဲ ၂၇:၆၃-၆၆။ ၂၈:၁၂-၁၅) ဒါပေမဲ့ “နိနဝေ​မြို့သားတွေ” ကတော့ သူတို့ကို ယောန​ဟောပြောတဲ့​အခါ နောင်တ​ယူခဲ့တယ်။ ဒါကြောင့် သူတို့က ဒီ​လူမျိုးဆက်​ကို ပြစ်တင်​ရှုတ်ချ​လိမ့်မယ်။ ရှေ​ဘ​ဘုရင်မ​လည်း သူ့​ပုံသက်သေ​အားဖြင့် ဒီ​လူမျိုးဆက်​ကို ပြစ်တင်​ရှုတ်ချ​မယ်​လို့ ယေရှု​ပြောတယ်။ ဘုရင်မ​ဟာ ရှောလမုန်ရဲ့ ပညာရှိ​စကားတွေကို ကြားချင်စိတ်​ပြင်းပြ​ပြီး ကြားတဲ့​အခါ သိပ်​အံ့သြ​ခဲ့​တယ်။ အခု “ဒီ​နေရာမှာ ရှောလမုန်​ထက် ပို​ကြီးမြတ်တဲ့​သူ ရှိနေတယ်” လို့ ယေရှု​ပြောတယ်။—မဿဲ ၁၂:၄၀-၄၂

ဆိုးညစ်​တဲ့ ဒီ​လူမျိုးဆက်​ရဲ့ အခြေအနေကို လူတစ်ယောက်​ဆီကနေ နတ်ဆိုး​တစ်ကောင်​ထွက်သွားတဲ့​ အခြေအနေနဲ့ နှိုင်းယှဉ်​ပြခဲ့တယ်။ (မဿဲ ၁၂:၄၅) ဒီ​လူက ကောင်းတဲ့​အရာတွေ ပြန်​မ​ဖြည့်​ထားတဲ့​အတွက် နတ်ဆိုး​က သူ့​ထက်​ပို​ဆိုးတဲ့ နတ်ဆိုး​ခုနစ်ကောင်​ကို ခေါ်လာပြီး ဝင်​နေတယ်။ အစ္စရေး​လူမျိုး​တွေ​လည်း သန့်စင်​ခံရ၊ ပြုပြင်​တည့်မတ် ခံခဲ့ရတယ်။ ဒီ​အခြေအနေ​က အဲဒီ​လူ​ဆီကနေ နတ်ဆိုး​တစ်ကောင် ထွက်သွား​တာ​နဲ့ တူတယ်။ ဒါပေမဲ့ အစ္စရေး​တွေ​က ဘုရားရဲ့ ပရောဖက်​တွေကို လက်မခံကြဘူး။ အဆိုးဆုံး​ကတော့ ဘုရားရဲ့ စွမ်းအားတော်​ရရှိ​ထားသူ ယေရှုကို ငြင်းပယ်​တာ​ပဲ။ အဲဒါက သူတို့ရဲ့​အခြေအနေဟာ အစ​တုန်း​က​ထက် ပို​ဆိုး​နေပြီ​ဆိုတာ ပြ​နေတယ်။

ယေရှု စကားပြော​နေတုန်း မိခင်နဲ့ ညီ​တွေ ရောက်လာပြီး အပြင်မှာ ရပ်​စောင့်နေကြတယ်။ အနားမှာ​ထိုင်​နေ​သူတချို့​က “ဆရာ့​အမေနဲ့ ညီ​တွေ​က တွေ့ချင်​လို့ အပြင်မှာ ရပ်​စောင့်နေတယ်” လို့​ပြောတော့ ယေရှု​က တပည့်​တွေ​နဲ့ သူ​ဘယ်လောက်​ရင်းနှီးတယ်​ဆိုတာ သက်သေပြ​တယ်။ တပည့်​တွေ​ဘက်​ကို ညွှန်ပြပြီး “ဘုရားသခင်ရဲ့ တရားစကားကို ကြားနာ​ပြီး လက်တွေ့​ကျင့်​တဲ့ ဟောဒီ​လူတွေဟာ ကျွန်တော့်​အမေ၊ ကျွန်တော့်​ညီအစ်ကို​တွေ​ပါပဲ’’ လို့​ပြောတယ်။ (လုကာ ၈:၂၀၊ ၂၁) ဒီ​နည်း​အားဖြင့် သူနဲ့ ဆွေမျိုးတွေ​ကြားမှာ​ရှိတဲ့ ရင်းနှီးမှု​နှောင်ကြိုး​ထက် သူနဲ့ တပည့်​တွေ​ကြားမှာ​ရှိတဲ့ ရင်းနှီးမှု​နှောင်ကြိုး ပို​ခိုင်မာ​တယ်​ဆိုတာ ဖော်ပြ​လိုက်တာပဲ။