မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၄၃

နိုင်ငံတော်နဲ့ပတ်သက်တဲ့ ပုံဥပမာများ

နိုင်ငံတော်နဲ့ပတ်သက်တဲ့ ပုံဥပမာများ

မဿဲ ၁၃:၁-၅၃ မာကု ၄:၁-၃၄ လုကာ ၈:၄-၁၈

  • နိုင်ငံတော်​နဲ့ ပတ်သက်တဲ့ ပုံဥပမာ​တွေကို ယေရှု​ပြော

ဖာရိရှဲတွေကို ယေရှု​ပြစ်တင်​ဆုံးမ​တာ ကပေရနောင်​မြို့မှာ ဖြစ်နိုင်တယ်။ အဲဒီ​နေ့မှာပဲ တည်းခို​တဲ့​အိမ်ကနေ ထွက်ပြီး လူအုပ် စုဝေး​နေတဲ့ ဂါလိလဲ​အိုင်​နား​ကို လာတယ်။ လှေပေါ်​တက်​ထိုင်ပြီး ကမ်း​ကနေ ခွာ​ခိုင်း​လိုက်တယ်။ ပြီးတော့ ပုံဥပမာ​တွေ အများကြီး​သုံးပြီး ကောင်းကင်​နိုင်ငံတော်​အကြောင်း လူအုပ်​ကို စ​သွန်သင်တယ်။ ယေရှု​အသုံးပြုတဲ့ ပုံဥပမာ​တွေဟာ နားထောင်​နေ​သူတွေ ရင်းနှီး​ကျွမ်းဝင်​ပြီးသား​မို့ နိုင်ငံတော်ရဲ့​အသွင်အပြင် အမျိုးမျိုး​အကြောင်း နားလည်ဖို့ လွယ်ကူတယ်။

မျိုးကြဲသူ​တစ်ယောက်​အကြောင်း ယေရှု စပြော​တယ်။ မျိုးကြဲ​တဲ့အခါ မျိုးစေ့​တချို့ လမ်းပေါ်​ကျ​ပြီး ငှက်တွေ လာ​ကော​က်​စား​သွားတယ်။ မျိုးစေ့​တချို့က မြေဆီလွှာ​ပါး​တဲ့ ကျောက်ခံမြေ​ပေါ်​ကျတယ်။ အပင်ပေါက်​လာပေမဲ့ အမြစ်​မ​စွဲ​တဲ့​အတွက် နေ​မြင့်​လာတဲ့အခါ အပင်​တွေ နေလောင်​ပြီး ညှိုးနွမ်း​သွားတယ်။ မျိုးစေ့​တချို့က ဆူးပင်တွေ​ကြားထဲ ကျတဲ့​အတွက် ဆူးပင်တွေ ကြီးထွား​လာပြီး အုပ်​မိုး ပိတ်ဆို့​သွားတယ်။ မျိုးစေ့​တချို့ကတော့ ကောင်းတဲ့​မြေပေါ်​ကျ​ပြီး “အဆ ၁၀၀၊ အဆ ၆၀၊ အဆ ၃၀” သီးပွင့်​ကြတယ်။—မဿဲ ၁၃:၈

နောက်​ပုံဥပမာမှာ ယေရှု​က နိုင်ငံတော်ကို လူတစ်ယောက် မျိုးစေ့ကြဲ​တာ​နဲ့ ခိုင်းနှိုင်း​ခဲ့​တယ်။ သူက ညမှာ အိပ်စက်​လိုက်၊ နေ့မှာ နိုးထ​လိုက်နဲ့ အဲဒီ​အတောအတွင်း မျိုးစေ့​တွေ ကြီးထွား​လာတယ်။ ဒါပေမဲ့ ဘယ်လို ကြီးထွား​လာသလဲ​ဆိုတာ သူ “မသိလိုက်ဘူး။” (မာကု ၄:၂၇) မျိုးစေ့​တွေ​က သူ့အလိုလို ကြီးထွား​လာပြီး နောက်ဆုံးမှာ ကောက်နှံ ရင့်မှည့်​လာတဲ့​အတွက် ရိတ်သိမ်း​လိုက်တယ်။

ဒီ​နောက် မျိုးကြဲခြင်း​နဲ့ ပတ်သက်တဲ့ တတိယ​ပုံဥပမာ​ကို ယေရှု​ပြောတယ်။ လူတစ်ယောက်က ကောင်းတဲ့​မျိုးစေ့ကြဲ​ပေမဲ့ “လူတွေ အိပ်ပျော်​နေချိန်မှာ” ရန်သူ​ရောက်လာပြီး ဂျုံမျိုးစေ့​တွေ​ကြားထဲ ပေါင်းမျိုးစေ့ ကြဲ​သွားတယ်။ ကျွန်တွေ​က ပေါင်းပင်​တွေကို နုတ်​ပစ်ရ​မလား​ဆိုပြီး ခွင့်တောင်း​တယ်။ ဒီ​အခါ လယ်​ရှင်​က “မ​နုတ်​နဲ့​ဦး။ ပေါင်းပင်​တွေကို နုတ်​လိုက်ရင် ဂျုံပင်​တွေကို​ပါ ရော​နုတ်​မိ​မှာ စိုး​ရတယ်။ ရိတ်သိမ်းချိန်​အထိ နှစ်မျိုး​စ​လုံး ပေါက်​ပါစေ။ ရိတ်သိမ်းချိန် ရောက်တဲ့အခါ ပေါင်းပင်​တွေကို အရင်​နုတ်​ပြီး မီးရှို့​ဖို့ စည်းထား​ကြ။ ပြီးမှ ဂျုံပင်​တွေကို​ရိတ်​ပြီး ကျီ​ထဲ စုသိမ်း​ကြ​ဆိုပြီး ရိတ်သိမ်း​သူတွေကို ငါ​မှာ​မယ် လို့​ပြန်​ပြောတယ်။”—မဿဲ ၁၃:၂၄-၃၀

နားထောင်​နေ​သူတွေဟာ လယ်ယာ​စိုက်ပျိုးရေး​အကြောင်း ကောင်းကောင်း​သိကြတယ်။ ဒါကြောင့် အားလုံး ရင်းနှီး​ပြီးသား​ဖြစ်တဲ့ အသေးဆုံး မုန်ညင်းစေ့​အကြောင်း ယေရှု​ပြောပြတယ်။ “ကောင်းကင်​နိုင်ငံဟာ လယ်​မှာ​စိုက်​တဲ့ မုန်ညင်းစေ့​နဲ့ တူတယ်။” မုန်ညင်းစေ့​ဟာ ကြီးလာ​ပြီး အကိုင်းအခက်​မှာ ငှက်တွေ နား​လောက်​တဲ့​အပင်​ကြီး ဖြစ်လာတယ်။ (မဿဲ ၁၃:၃၁) ယေရှု​က အပင်​တွေ​အကြောင်း သင်ပေး​နေတာ မဟုတ်ဘူး။ အဲဒီအစား အသေးဆုံး​အစေ့​လေး​ကနေ ဘယ်လောက်​အထိ ကြီးလာ​နိုင်တယ်​ဆိုတဲ့ အံ့ဖွယ် ကြီးထွားမှု​အကြောင်း ဥပမာ​ပေး​နေတာ။

ဒီ​နောက် နားထောင်​နေ​သူတွေ ရင်းနှီး​ပြီးသား ဖြစ်​စဉ်​တစ်ခု​အကြောင်း ပြောတယ်။ ကောင်းကင်​နိုင်ငံတော်ဟာ “တဆေး​နဲ့ တူတယ်။ အမျိုးသမီး​တစ်ယောက်က ဂျုံမှုန့်​သုံး​တောင်းထဲ တဆေး​ထည့်​ပြီး နယ်​လိုက်” တယ်။ (မဿဲ ၁၃:၃၃) တဆေး​ရဲ့ စိမ့်ဝင်​ပျံ့နှံ့​ပုံကို မမြင်ရပေမဲ့ တဆေး​က မုန့်​ည​က်​တစ်​ပုံ​လုံး​မှာ ပျံ့နှံ့​သွားပြီး မုန့်​ည​က်​ကို ဖောင်းကြွ​စေတယ်။ အဲဒီလို သိသိသာသာ ပျံ့နှံ့၊ ပြောင်းလဲသွား​တာ​ကို မမြင်နိုင်​ဘူး။

ယေရှု​က အဲဒီ​ပုံဥပမာ​တွေ ပြော​ပြီးနောက် လူအုပ်​ကို ပြန်လွှတ်​လိုက်ပြီး သူ​တည်းခို​တဲ့​အိမ်ကို ပြန်လာတယ်။ ဒီ​အခါ တပည့်​တွေ​က သူ​ပြော​သွားတဲ့ အကြောင်း​တွေကို နားလည်​ချင်​လို့ သူ့​ဆီ ရောက်​လာကြတယ်။

ယေရှုရဲ့ ပုံဥပမာ​တွေ​ကနေ အကျိုး​ရယူခြင်း

ယေရှု ပုံဥပမာ ပြောတာကို တပည့်​တွေ ကြားဖူး​ပေမဲ့ တစ်ထိုင်​တည်း​နဲ့ ဒီလောက်​အများကြီး ပြောတာကို​တော့ မကြား​ဖူး​ဘူး။ ဒါကြောင့် ယေရှု​ဆီ​လာပြီး “သခင်၊ ဘာလို့ ပုံဥပမာ​တွေ​သုံးပြီး ဟော​တာလဲ” လို့​မေးကြတယ်။—မဿဲ ၁၃:၁၀

အကြောင်းရင်း​တစ်ခုကတော့ ကျမ်းစာ ပရောဖက်ပြုချက်ကို ပြည့်စုံ​စေဖို့​ပါ။ မဿဲ အခုလို မှတ်တမ်းတင်​တယ်– “ပုံဥပမာ မပါဘဲ သူ မ​ဟော​ဘူး။ ဒါကြောင့် ‘ငါက နှုတ်​ကို​ဖွင့်ပြီး ပုံဥပမာ​တွေ ပြောမယ်။ လူ့​လောက အစပြုချိန် ကတည်းက ထိမ်ဝှက်​ထားတဲ့ အရာတွေကို ထုတ်ဖော်​မယ်’ ဆိုပြီး ပရောဖက်​က​တစ်ဆင့် ပြောခဲ့တဲ့​စကား ပြည့်စုံ​လာတယ်။”—မဿဲ ၁၃:၃၄၊ ၃၅။ ဆာလံ ၇၈:၂

နောက်​အကြောင်းရင်း​ကတော့ လူတွေရဲ့ သဘောထားကို ဖော်ထုတ်​ဖို့​ပါ။ လူအများစုက ယေရှုကို ပုံပြောကောင်း​သူ၊ အံ့ဖွယ်​အမှု လုပ်တဲ့​သူ​လို့​ပဲ မြင်ကြ​တယ်။ သခင်​အဖြစ် မမြင်ကြဘူး၊ မနာခံ​ကြဘူး၊ ကိုယ်ကျိုးစွန့်ပြီး သူ့​နောက်ကို​လည်း မလိုက်​ချင်​ကြဘူး။ (လုကာ ၆:၄၆၊ ၄၇) သူတို့ရဲ့ သဘောထား​နဲ့ အကျင့်တွေကို မပြောင်းလဲ​ချင်​ကြဘူး။ ယေရှု​ပြောတဲ့ သတင်းစကားကို သေသေချာချာ နားလည်​ချင်စိတ် မရှိကြဘူး။

တပည့်​တွေရဲ့ မေးခွန်း​ကို ယေရှု ဒီလို ပြန်ဖြေ​တယ်– “သူတို့က ကြည့်လျက်နဲ့ မမြင်​ဘူး။ ကြားလျက်နဲ့ နားမလည်​ဘူး။ ဆိုလိုရင်းကို​လည်း သဘောမပေါက်​ဘူး။ ဒါကြောင့် ပုံဥပမာ​တွေ သုံးပြီး ကျွန်တော်​ဟော​နေတာ။ ဟေရှာယရဲ့ ပရောဖက်ပြုချက်​က သူတို့ဆီ​မှာ ပြည့်စုံတာ​ပဲ။ . . . ‘ဒီ​လူတွေဟာ စိတ်​တံခါး​ကို ပိတ်​ထား​ကြတယ်’ . . . လို့​ရေးထားတယ်။”—မဿဲ ၁၃:၁၃-၁၅။ ဟေရှာယ ၆:၉၊ ၁၀

ယေရှု​စကားကို နားထောင်​နေ​သူ အားလုံး​ကတော့ အဲဒီလို မဟုတ်ပါဘူး။ “ခင်ဗျားတို့​ကတော့ ဒါတွေကို မြင်ရ၊ ကြားရတဲ့​အတွက် ပျော်ရွှင်​ချမ်းမြေ့တယ်။ ကျွန်တော် မှန်တာကို ပြောမယ်။ ပရောဖက်​တွေ၊ ဖြောင့်မတ်​သူတွေက ခင်ဗျားတို့ မြင်ရတာ​တွေကို မြင်​ချင်​ပေမဲ့ မြင်ခွင့်​မရခဲ့​ဘူး။ ခင်ဗျားတို့ ကြား​ရတာတွေကို ကြား​ချင်​ပေမဲ့ ကြားခွင့်​မရခဲ့​ဘူး” လို့ ယေရှု​ဆက်ပြောတယ်။—မဿဲ ၁၃:၁၆၊ ၁၇

မှန်ပါတယ်၊ တမန်တော် ၁၂ ယောက်​နဲ့ တခြား သစ္စာရှိ​တပည့်တွေဟာ စိတ်​တံခါး​ကို ဖွင့်​ထား​ကြတယ်။ ဒါကြောင့် “ခင်ဗျားတို့​က ကောင်းကင်​နိုင်ငံနဲ့ ပတ်သက်တဲ့ မြင့်မြတ်တဲ့ လျှို့ဝှက်ချက်​တွေ​အကြောင်း နားလည်​နိုင်​ခွင့် ရ​ကြပေမဲ့ သူတို့ကတော့ မရကြဘူး” လို့ ယေရှု​ပြောတယ်။ (မဿဲ ၁၃:၁၁) သူတို့ တကယ် နားလည်​ချင်စိတ်​ရှိလို့ ယေရှု​က မျိုးကြဲသူ ပုံဥပမာ​ကို ရှင်းပြ​ပေးတယ်။

“မျိုးစေ့​ဟာ ဘုရားသခင်ရဲ့ တရား​စကား ဖြစ်တယ်” လို့ ယေရှု​ပြောတယ်။ (လုကာ ၈:၁၁) မြေ​ကတော့ စိတ်နှလုံး​ဖြစ်တယ်။ ဒါက ယေရှုရဲ့​ပုံဥပမာ​ကို နားလည်ဖို့ ကူညီ​ပေးတဲ့ အဓိက​အချက်​ပဲ။

မျိုးစေ့​တွေ လမ်းပေါ်​ကျတယ်​ဆိုတဲ့ အဓိပ္ပာယ်​က “တရား​စကား​ကို ကြားပေမဲ့ မယုံကြည်​အောင်၊ ကယ်တင်ခြင်း​မရအောင် သူတို့​စိတ်နှလုံး​ထဲ​က တရားစကားကို မာရ်နတ် လာ​နုတ်ယူ​သွားတာကို ဆိုလိုတယ်။” (လုကာ ၈:၁၂) မျိုးစေ့​တွေ ကျောက်ခံမြေ​ပေါ်​ကျတယ်​ဆိုတဲ့ အဓိပ္ပာယ်​က တရားစကားကို လူတွေ ဝမ်းသာ​အားရ လက်ခံပေမဲ့ စိတ်ထဲမှာ အမြစ်​မစွဲတာကို ဆိုလိုတယ်။ “တရား​စကား​ကြောင့် ဒုက္ခ​ရောက်တဲ့အခါ၊ ညှဉ်းဆဲ​ခံရတဲ့​အခါ” ကျရှုံး​သွားတယ်။ မိသားစုဝင်​တွေ ဒါမှမဟုတ် တခြားသူတွေ အတိုက်အခံလုပ်​တာ​ကို ကြုံရပြီး “စမ်းသပ်​ခံရချိန်မှာ” ကျရှုံး​သွားကြတယ်။—မဿဲ ၁၃:၂၁။ လုကာ ၈:၁၃

ဆူးပင်တွေ​ကြားမှာ ကျတဲ့ မျိုးစေ့​တွေ​က​ကော။ အဲဒါက တရားစကားကို ကြားတဲ့​လူတွေကို ရည်ညွှန်းတယ်​လို့ ယေရှု ပြောတယ်။ ဒါပေမဲ့ “ဒီ​လောကစနစ်ရဲ့ စိုးရိမ်​ပူပန်စရာ​တွေ၊ စည်းစိမ်​ရဲ့ လှည့်စားမှု​တွေ” က သူတို့ကို လွှမ်းမိုး​သွားတယ်။ (မဿဲ ၁၃:၂၂) သူတို့ရဲ့ စိတ်နှလုံးထဲမှာ တရား​စကား​ရှိပေမဲ့ အုပ်မိုး​ ပိတ်ဆို့​ခံရတဲ့​အတွက် မ​သီးပွင့်​နိုင်တော့ဘူး။

ယေရှု​ပြောတဲ့ နောက်ဆုံး​မြေ အမျိုး​စား​ကတော့ ကောင်းတဲ့​မြေ​ဖြစ်တယ်။ အဲဒါက တရားစကားကို​ကြား​ပြီး နှလုံးသွင်း​တဲ့​သူ၊ ဆိုလိုရင်း​အမှန်​ကို သဘောပေါက်​တဲ့​သူတွေကို ရည်ညွှန်းတယ်။ ဘာ​ရလဒ်​ရသလဲ။ သူတို့က “သီးပွင့်​ဖြစ်ထွန်း” ကြတယ်။ အသက်အရွယ်၊ ကျန်းမာရေး စတဲ့​အခြေအနေတွေကြောင့် သီးပွင့်​ပုံ​ချင်း မတူ​နိုင်ကြဘူး။ တချို့က အဆ ၁၀၀၊ တချို့က အဆ ၆၀၊ တချို့က အဆ ၃၀ သီးပွင့်​ဖြစ်ထွန်းတယ်။ မှန်ပါတယ်၊ “တရားစကားကို နာယူ​ပြီးနောက် စိတ်​စွဲမှတ်​ထားပြီး ခံနိုင်ရည်ရှိရှိ သီးပွင့်​ဖြစ်ထွန်း” တဲ့ “စိတ်​ကောင်း​နှလုံး​ကောင်း ရှိသူ​တွေ” ဟာ ဘုရားရဲ့ အမှုဆောင်​လုပ်ငန်းမှာ ကောင်းချီး​ခံစား​နေရ​တယ်။—လုကာ ၈:၁၅

ဒီ​စကားတွေက ယေရှုရဲ့ ရှင်းပြချက်တွေကို နားလည်​ချင်တဲ့ တပည့်​တွေ​အတွက် တကယ့်ကို မှတ်သား​စ​ရာ​ပါပဲ။ အခု​ဆိုရင် သူတို့က ပုံဥပမာ​တွေကို အပေါ်ယံ​ထက်မက နားလည်​သွားကြပြီ။ ယေရှု​က သူတို့ကို ပုံဥပမာ​တွေ​အကြောင်း ကောင်းကောင်း နားလည်စေ​ချင်တယ်။ ဒါမှ တခြား​သူတွေကို အမှန်တရား​အကြောင်း ပြန်​ရှင်းပြ​နိုင်မှာ။ “မီးခွက်​ကို ထွန်း​ပြီး တောင်း​နဲ့​အုပ်​ထား​လေ့​မရှိဘူး။ ခုတင်​အောက်မှာ ထား​လေ့​မရှိဘူး။ ဆီမီးတိုင်​ပေါ်မှာ တင်ထား​မယ် မဟုတ်လား” လို့ ယေရှု​မေးတယ်။ ပြီးတော့ “နား​ရှိတဲ့​သူ ကြားပါစေ” လို့ ပြောတယ်။—မာကု ၄:၂၁-၂၃

ထပ်ဆင့်​ရှင်းပြချက်​တွေ ရရှိကြ

မျိုးကြဲသူ ပုံဥပမာ​အကြောင်း ရှင်းပြ​ပြီးနောက် တပည့်​တွေ​က ထပ်​သိချင်​နေတုန်းပဲ။ ဒါနဲ့ “လယ်​မှာ​ပေါက်​တဲ့ ပေါင်းပင်​ပုံဥပမာ​ကို ရှင်းပြပါ​လား” လို့​ တောင်းဆို​ကြတယ်။—မဿဲ ၁၃:၃၆

ဒါကို​ကြည့်ခြင်းအားဖြင့် သူတို့ရဲ့သဘောထား​ဟာ ကမ်းခြေ​ကလူ​အုပ်​နဲ့ မတူဘူး​ဆိုတာ သိနိုင်တယ်။ ဒီ​လူအုပ်​က ပုံဥပမာ​တွေကို ကြားပေမဲ့ ဆိုလိုရင်း​နဲ့ သက်ဆိုင်ပုံကို မသိ​ချင်​ကြဘူး။ အကြမ်းဖျင်း သိ​ရုံ​လောက်​နဲ့ ကျေနပ်​နေကြ​တယ်။ ယေရှု​က ကမ်းခြေ​ကလူ​အုပ်​နဲ့ ပို​သိချင်စိတ်​ရှိတဲ့ တပည့်​တွေကို နှိုင်းယှဉ်​ပြီး အခုလို​ပြောတယ်–

“ကြားတဲ့​အရာကို အာရုံစိုက် နားထောင်ပါ။ အာရုံစိုက် နားထောင်သလော​က် နားလည်ခွင့် ရ​ကြ​လိမ့်မယ်။ အဲဒီလို နားထောင်​ရင် ပိုပြီး နားလည်​လာပါလိမ့်မယ်။” (မာကု ၄:၂၄) တပည့်တွေဟာ သူတို့​ကြားတဲ့​အရာတွေကို အာရုံစိုက် နားထောင်ကြ​တယ်။ ယေရှု​ပြောတဲ့ စကားတွေကို စိတ်ဝင်တစား နားထောင်ကြ​တယ်။ ဒါကြောင့် သူတို့ဟာ ထပ်ဆင့်​ရှင်းပြချက်​တွေ၊ ထပ်ဆင့် သိနားလည်မှု​တွေ ရရှိ​ကြတယ်။ ဒီတော့ ဂျုံပင်​နဲ့ ပေါင်းပင်​ပုံဥပမာ​အကြောင်း သူတို့ကို အခုလို ရှင်းပြတယ်–

“ကောင်းတဲ့​မျိုးစေ့ကို ကြဲ​တဲ့​သူဟာ လူသား​ပဲ။ လယ်​က ဒီလောက၊ ကောင်းတဲ့​မျိုးစေ့​က နိုင်ငံတော်သား​တွေ၊ ပေါင်းမျိုးစေ့​တွေ​ကတော့ ဆိုးညစ်သူရဲ့သားတွေ ဖြစ်တယ်။ ပေါင်းမျိုးစေ့​ကို​ကြဲ​တဲ့ ရန်သူ​ဟာ မာရ်နတ်​ဖြစ်တယ်။ ရိတ်သိမ်းချိန်​ဟာ လောက​စနစ်​နိဂုံးပိုင်း၊ ရိတ်သိမ်း​သူတွေကတော့ ကောင်းကင်တမန်တွေ​ပေါ့။”—မဿဲ ၁၃:၃၇-၃၉

ပုံဥပမာ​ရဲ့ အသွင်အပြင် တစ်ခုစီ​ကို ပြော​ပြီးနောက် ဖြစ်ပျက်​လာမယ့်​အရာကို ယေရှု​ဆက်ပြောတယ်။ လောက​စနစ်​နိဂုံးပိုင်းမှာ ရိတ်သိမ်း​သူတွေ​ဖြစ်တဲ့ ကောင်းကင်တမန်တွေဟာ ပေါင်းမျိုး​စေ့​နဲ့​တူတဲ့ ခရစ်ယာန်​အတုအယောင်​တွေ​နဲ့ “နိုင်ငံတော်သား​တွေ” ကို ခွဲခြား​ပါလိမ့်မယ်။ “ဖြောင့်မတ်​သူတွေဟာ” စုသိမ်း​ခံရပြီး “အဖ​ဘုရားရဲ့ နိုင်ငံမှာ” နေ​လို ထွန်းလင်း​ကြ​လိမ့်မယ်။ “ဆိုးညစ်သူရဲ့သားတွေ” ကော။ သူတို့ကတော့ ဖျက်ဆီး​ခံရလိမ့်မယ်။ “ငိုကြွေး​ပြီး အံကြိတ်​ခံပြင်း​နေလိမ့်မယ်။”—မဿဲ ၁၃:၄၁-၄၃

ယေရှု​က တပည့်​တွေကို ပုံဥပမာ​သုံးခု ထပ်​ပြောပြတယ်။ ဦးဆုံး၊​ “ကောင်းကင်​နိုင်ငံဟာ လယ်​မှာ ဝှက်ထား​တဲ့ ဘဏ္ဍာ​နဲ့​တူတယ်။ လူတစ်ယောက်က အဲဒီ​ဘဏ္ဍာ​ကို တွေ့​တဲ့အခါ ပြန်​ဝှက်ထား​လိုက်တယ်။ ဝမ်းသာ​အားရ​နဲ့ ပိုင်ဆိုင်သမျှကို သွား​ရောင်းပြီး အဲဒီ​လယ်​ကို ဝယ်တယ်။”—မဿဲ ၁၃:၄၄

သူ​အခုလို ဆက်ပြောတယ်– “ကောင်းကင်​နိုင်ငံဟာ ကုန်သည်​တစ်ယောက် နယ်​တကာ​လှည့်​ပြီး ရှာနေ​တဲ့ ပုလဲကောင်း​နဲ့​တူတယ်။ တန်ဖိုး​ကြီးတဲ့ ပုလဲ​တစ်လုံး​ကို တွေ့​တဲ့အခါ ချက်ချင်းပဲ ပိုင်ဆိုင်သမျှကို သွား​ရောင်းပြီး အဲဒီ​ပုလဲ​ကို ဝယ်တယ်။”—မဿဲ ၁၃:၄၅၊ ၄၆၊။

ဒီ​ပုံဥပမာ​နှစ်ခုစလုံး​မှာ ယေရှု​က တကယ်​တန်ဖိုး​ကြီးတဲ့ အရာ​အတွက် လိုလိုလားလား စွန့်လွှတ်​ချင်စိတ်​ရှိသူ​အကြောင်း အလေးပေး ဖော်ပြတယ်။ ကုန်သည်​က တန်ဖိုး​ကြီးတဲ့ ပုလဲ​ကို ရနိုင်​ဖို့ “ပိုင်ဆိုင်သမျှကို” ချက်ချင်း ရောင်းလိုက်တယ်။ ယေရှုရဲ့​တပည့်​တွေ​က တန်ဖိုး​ကြီးတဲ့ ပုလဲ​ပုံဥပမာ​ကို နားလည်​နိုင်ကြတယ်။ လယ်​မှာ​ဝှက်ထား​တဲ့ ဘဏ္ဍာ​ကို တွေ့​တဲ့​သူကလည်း အဲဒီ​ဘဏ္ဍာ​ကို ရနိုင်ဖို့ “ပိုင်ဆိုင်သမျှကို သွား​ရောင်း” လိုက်တယ်။ အလွန်​တန်ဖိုး​ကြီးတဲ့​အရာ ဖြစ်ပေမဲ့ အဲဒါကို ရယူ​နိုင်တယ်ဆိုတာ ဒီ​အဖြစ်အပျက် နှစ်ခုစလုံး​ကနေ သိရတယ်။ ဘုရားကို မှီခို​ချင်တဲ့ ဆန္ဒ​ရှိပြီး အဲဒီ​ဆန္ဒ​ကို ဖြည့်ဆည်း​နိုင်ဖို့ စွန့်လွှတ်မှု​တွေ လုပ်တဲ့​သူလည်း အဲဒီလို​ပါပဲ။ (မဿဲ ၅:၃) ယေရှုရဲ့ ပုံဥပမာ​တွေကို နားထောင်​နေ​သူတွေထဲမှာ တချို့က ဘုရားကို မှီခို​ချင်တဲ့​ဆန္ဒ​ကို ဖြည့်ဆည်း​ဖို့၊ ယေရှုရဲ့ နောက်လိုက်စစ်​တွေ ဖြစ်လာဖို့ လိုလိုလားလား စွန့်လွှတ်မှု​တွေ လုပ်ပြီး​ကြပြီ။—မဿဲ ၄:၁၉၊ ၂၀။ ၁၉:၂၇

နောက်ဆုံး၊ ယေရှု​က ကောင်းကင်​နိုင်ငံဟာ ပင်လယ်ထဲ​ချပြီး ငါး​အမျိုးမျိုးကို အုပ်မိ​တဲ့ ပိုက်ကွန်​နဲ့ တူတယ်လို့ ပြောတယ်။ (မဿဲ ၁၃:၄၇) ငါး​တွေကို ခွဲထုတ်​ပြီး ကောင်းတဲ့​ငါး​တွေကို ခြင်း​ထဲ​ရွေး​ထည့်၊ မကောင်းတဲ့​ငါး​တွေကို​တော့ ပစ်​ထုတ်​လိုက်တယ်။ ဒီလောက​စနစ်​နိဂုံးပိုင်းမှာ အဲဒီအတိုင်း ဖြစ်လိမ့်မယ်။ ကောင်းကင်တမန်တွေ​က ဖြောင့်မတ်သူတွေ​ထဲ​ကနေ ဆိုးညစ်သူ​တွေကို ခွဲထုတ်​မယ်​လို့ ယေရှု​ပြောတယ်။

ယေရှု​ကိုယ်တိုင်ကလည်း ပုံဆောင်​ငါးဖမ်း​လုပ်ငန်းကို လုပ်ဆောင်ခဲ့​ပြီး ဦးဆုံး​တပည့်​တွေကို “လူ​ဖမ်း​တဲ့ တံငါသည်​တွေ ဖြစ်စေမယ်” လို့​ပြောခဲ့တယ်။ (မာကု ၁:၁၇) ဒါပေမဲ့ ပိုက်ကွန်​ပုံဥပမာ​က အနာဂတ်၊ “လောက​စနစ်​နိဂုံးပိုင်း” နဲ့ သက်ဆိုင်​တယ်။ (မဿဲ ၁၃:၄၉) ဒါကြောင့် ယေရှု​ပြောတာကို နားထောင်​နေတဲ့ တမန်တော်တွေ​နဲ့ တခြား​တပည့်တွေဟာ အနာဂတ်မှာ အလွန် စိတ်ဝင်စားစရာ​ကောင်းတဲ့ အရာတွေ ဖြစ်လာ​ဦး​မယ်​ဆိုတာ နားလည်​နိုင်ကြတယ်။

မှန်ပါတယ်၊ လှေပေါ်​ကနေ​ပြောတဲ့ ပုံဥပမာ​တွေကို ကြားခဲ့​သူတချို့​ဟာ ထပ်ဆင့်​ကောင်းချီးတွေ ရခဲ့တယ်။ ယေရှု​က ပုံဥပမာ​အားလုံး​အကြောင်း တပည့်​တွေကို “သီးသန့်​ရှင်းပြ” ချင်စိတ်​ရှိတယ်။ (မာကု ၄:၃၄) သူဟာ “ကိုယ့်​ဘဏ္ဍာ​ထဲ​က အသစ်တွေ​ကို​ရော အဟောင်း​တွေကို​ပါ ထုတ်ပြ​တဲ့ အိမ်ရှင်​နဲ့​တူတယ်။” (မဿဲ ၁၃:၅၂) ဒီလို​ပုံဥပမာ​တွေ သုံးတာ​က သွန်သင်ခြင်း​စွမ်းရည်ကို ကြွားဝါ​ချင်​လို့​မဟုတ်ဘဲ အဖိုးတန်​ရတနာ​နဲ့​တူတဲ့ အမှန်တရား​တွေ​အကြောင်း တပည့်​တွေကို သင်​ပေးချင်လို့​ဖြစ်တယ်။ ယေရှုဟာ တကယ့်ကို ပြိုင်ဘက်​ကင်းတဲ့ “ဆရာ” တစ်ယောက်ပါ​ပဲ။