မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၄၅

နတ်ဆိုးအများကြီးကိုအောင်နိုင်တဲ့တန်ခိုး

နတ်ဆိုးအများကြီးကိုအောင်နိုင်တဲ့တန်ခိုး

မဿဲ ၈:၂၈-၃၄ မာကု ၅:၁-၂၀ လုကာ ၈:၂၆-၃၉

  • နတ်ဆိုးတွေကို ဝက်​အုပ်​ထဲ နှင်ထုတ်

တပည့်တွေဟာ ဂါလိလဲအိုင်မှာ မုန်တိုင်း​ဒဏ် အ​လူး​အလဲ​ခံရ​ပြီးနောက် ကမ်း​တစ်ဖက်​ကို ရောက်လာတဲ့​အခါ ထိတ်လန့်​တုန်လှုပ်​စ​ရာ မြင်ကွင်း​တစ်ခုကို မြင်​လိုက်ရတယ်။ အရမ်း​ကြောက်စရာ​ကောင်းတဲ့ နတ်ဆိုးစွဲ​သူ​နှစ်ယောက် သင်္ချိုင်းဂူ​တွေ​ကြားထဲ​ကနေ ထွက်လာပြီး ယေရှု​ဆီ ပြေး​လာတယ်။ သူတို့​ထဲမှာ တစ်ယောက်က ပို​ကြမ်းတမ်းတဲ့​အပြင် နတ်ဆိုး​ပူး​တာ​လည်း ပို​ကြာနေတဲ့​ပုံပဲ။ ဒါကြောင့် သူ့​အကြောင်းကိုပဲ အလေးပေး ပြောထားတာ။

သနားစရာ​ကောင်းတဲ့ အဲဒီ​လူဟာ အဝတ်​လည်း​မ​ဝတ်၊ “သင်္ချိုင်း​တ​စ​ပြင်​နဲ့ တောင်ပေါ်မှာ နေ့​နေ့​ည​ည အော်ဟစ်ပြီး ကိုယ်ကို ကျောက်စောင်း​နဲ့​ရှ​အောင် လုပ်တတ်​တယ်။” (မာကု ၅:၅) ကြမ်းတမ်း​လွန်း​လို့ အဲဒီ​လမ်းကို ဘယ်သူမှ မ​ဖြတ်​ရဲ​ဘူး။ သူ့ကို သံကြိုး​နဲ့​ချည်​ထား​လည်း သံကြိုး​ကို ဆွဲဖြတ်၊ ခြေချင်း​ကို အပိုင်းပိုင်း ဖြတ်ပစ်တယ်။ သူ့ကို ဖမ်းချုပ်​ထား​နိုင်​သူ တစ်ယောက်မှ မရှိဘူး။

သူက ယေရှု​ရှေ့မှာ လာ​ဒူးထောက်​တဲ့အခါ သူ့ကို ဝင်​ပူး​နေတဲ့ နတ်ဆိုး​က “အမြင့်ဆုံး​ဘုရားသခင်ရဲ့ သားတော် ယေရှု၊ ခင်ဗျား​က ကျုပ်နဲ့ ဘာ​ဆိုင်​လို့​တုံး။ ကျုပ်​ကို ဒဏ်​မ​ခတ်​ဘူးလို့ ဘုရားသခင်ကို တိုင်တည်ပြီး ကျိန်ဆို​ပါ” လို့​အော်ပြောတယ်။ ယေရှုကလည်း နတ်ဆိုးတွေကို​အောင်နိုင်​တဲ့ တန်ခိုး​ရှိကြောင်း ပြတဲ့​အနေနဲ့ “နတ်ဆိုး၊ သူ့​အထဲက​နေ ထွက်​စမ်း” ဆိုပြီး အမိန့်​ပေး​လိုက်တယ်။—မာကု ၅:၇၊ ၈

တကယ်တော့ သူ့​ထဲမှာ နတ်ဆိုး​အများကြီး ဝင်​ပူး​နေတာ။ “မင်း​နာမည် ဘာလဲ” လို့ ယေရှု မေးတဲ့အခါ “ကျုပ်​နာမည် တပ်ဖွဲ့​လို့​ခေါ်တယ်။ ကျုပ်တို့​ဟာ အလုံးအရင်း​ကြီး​ပါ” လို့​ပြန်ဖြေ​တယ်။ (မာကု ၅:၉) ရောမ​တပ်ဖွဲ့​တစ်ဖွဲ့​မှာ ထောင်နဲ့​ချီတဲ့ စစ်သားတွေ ရှိတယ်။ အဲဒီလိုပဲ သူ့​အထဲ​ဝင်​ပူး​နေတဲ့ နတ်ဆိုးတွေကလည်း အများကြီး​ပဲ။ အုပ်စု​လိုက်​ဝင်​ပြီး ဒုက္ခ​ပေး​ရတာကို ပျော်​နေကြတာ​ဖြစ်မယ်။ နတ်ဆိုးတွေက “တွင်း​နက်​ကြီး​ထဲ မ​နှင်ချ​ဖို့” ယေရှုကို တောင်းပန်​ကြတယ်။ အနာဂတ်မှာ သူတို့နဲ့ သူတို့ရဲ့ ခေါင်းဆောင်ကြီး စာတန် ဘာဖြစ်မယ်​ဆိုတာ သိထားကြ​ပုံပဲ။—လုကာ ၈:၃၁

အနီးအနားမှာ ဝက် ၂,၀၀၀ လောက် ကျက်စား​နေတယ်။ ဝက်တွေ​ဟာ ပညတ်တရား​အရ မသန့်ရှင်းတဲ့ တိရစ္ဆာန်တွေ​ဖြစ်လို့ ဂျူးတွေ​က ဝက်​မမွေး​ကြဘူး။ နတ်ဆိုးတွေက “ကျုပ်တို့ကို ဒီ​ဝက်​အုပ်​ထဲ ဝင်ခွင့်​ပြုပါ” လို့​တောင်းပန်တယ်။ (မာကု ၅:၁၂) ယေရှု​ခွင့်ပြု​လိုက်​တော့ နတ်ဆိုးတွေက ဝက်တွေ​ထဲ ဝင်​ပူး​တဲ့​အတွက် ၂,၀၀၀ လောက်​ရှိတဲ့ ဝက်​အုပ်​ဟာ ကမ်းပါး​ပေါ်ကနေ တစ်ဟုန်ထိုး​ဆင်း​ပြီး ရေနစ်​သေ​ကုန်တယ်။

ဝက်​ကျောင်း​တဲ့ လူတွေလည်း မြို့ရွာ​တွေ​ဆီ အပြေးအလွှား သွား​ပြောပြတဲ့​အခါ လူတွေက ဘာများ​ဖြစ်သလဲ ဆိုပြီး လာ​ကြည့်ကြ​တယ်။ သူတို့​ရောက်လာတော့ နတ်ဆိုးစွဲ​ဖူး​တဲ့​သူဟာ ပုံမှန် စိတ်​အခြေအနေ​အတိုင်း ပြန်ဖြစ်​နေတာကို မြင်​လိုက်ရတယ်။ သူက အဝတ်​ဝတ်​ပြီး ယေရှု​ခြေရင်းမှာ ထိုင်​နေတယ်။

သူ့​အကြောင်းကြား​ဖူး၊ မြင်ဖူး​တဲ့​လူတွေ ကြောက်လန့်​သွားကြတယ်။ ဒီ​ဒေသမှာ ယေရှု ဘာများ​ထပ်​လုပ်​ဦး​မလဲ​ဆိုပြီး စိတ်ပူ​လာကြတယ်။ ဒါကြောင့် ဒီ​နယ်​ကနေ ထွက်သွား​ပါ​ဆိုပြီး တောင်းဆိုတယ်။ ယေရှုလည်း လှေပေါ်​တက်ပြီး ထွက်​မယ်​အလုပ်မှာ နတ်ဆိုးစွဲ​ဖူး​သူက အတူ​လိုက်​ခွင့်ပြုပါ​လို့ တောင်းပန်တယ်။ ဒါပေမဲ့ ယေရှု​က ခွင့်မပြု​ဘဲ “ဆွေမျိုးသားချင်း​တွေ​ရှိရာ အိမ်ကို ပြန်​ပြီး ခင်ဗျား​အတွက် ယေဟောဝါ​ဘုရား လုပ်ပေးခဲ့တာ​တွေ၊ ကရုဏာ​ပြခဲ့​တာတွေကို ပြောပြပါ” လို့​မှာတယ်။—မာကု ၅:၁၉

ခါ​တိုင်း​ဆိုရင် ယေရှု​က သူ​ကုသ​ပေးတဲ့​သူတွေကို ဘယ်သူ့ကိုမှ ပြန်​မပြောဖို့ မှာ​လေ့​ရှိတယ်။ ထူးဆန်းတဲ့ သတင်းတွေ​ပေါ် အခြေခံပြီး ကောက်ချက်​ချတာ​မျိုး မဖြစ်စေ​ချင်​လို့​ပဲ။ ဒါပေမဲ့ အခု​တစ်ခါ​မှာ​တော့ နတ်ဆိုးစွဲ​ခဲ့​ဖူး​သူဟာ ယေရှုရဲ့​တန်ခိုး​အကြောင်း ပြောပြ​နိုင်တဲ့ သက်ရှိ​အထောက်အထား​ဖြစ်တယ်။ ယေရှု​ကိုယ်တိုင် မသွန်သင်​ပေးနိုင်တဲ့ လူတွေကို သူသက်သေ​ခံနိုင်တယ်။ ဝက်​အုပ် သေသွား​တာ​နဲ့ ပတ်သက်တဲ့ မဟုတ်မမှန် သတင်းတွေကို​လည်း သူ​ချေဖျက်​ပေး​နိုင်တယ်။ ဒါနဲ့ သူ​ပြန်သွားပြီး သူ့​အတွက် ယေရှု​လုပ်​ပေးခဲ့​တာတွေကို ဒေ​ကာ​ပေါ​လိ​နယ် တစ်ခုလုံး​မှာ ပြောပြတယ်။