မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၄၆

ယေရှုရဲ့ဝတ်လုံကိုတို့လိုက်လို့ ရောဂါပျောက်သွား

ယေရှုရဲ့ဝတ်လုံကိုတို့လိုက်လို့ ရောဂါပျောက်သွား

မဿဲ ၉:၁၈-၂၂ မာကု ၅:၂၁-၃၄ လုကာ ၈:၄၀-၄၈

  • အမျိုးသမီး​တစ်ယောက် ယေရှုရဲ့ ဝတ်လုံကို တို့​လိုက်လို့ ရောဂါ​ပျောက်​သွား

ဒေ​ကာ​ပေါ​လိ​နယ်​ကနေ ယေရှု​ပြန်​လာပြီ ဆိုတဲ့သတင်းက ဂါလိလဲ​အိုင် အနောက်မြောက်​ဘက်​ကမ်း​မှာ နေထိုင်တဲ့ ဂျူးတွေ​ကြားထဲ ပျံ့နှံ့​သွားတယ်။ လေမုန်တိုင်း​ကို ငြိမ်သက်​စေ​တာ၊ နတ်ဆိုး​ပူး​တဲ့​သူကို ကုသ​ပေးတာ​တွေကို သူတို့​ကြား​ထား​ပုံပဲ။ ဒါကြောင့် ယေရှုကို ကြိုဆို​ဖို့ “လူတွေ အုပ်​လိုက်​ကြီး” အိုင်​နား​မှာ စုရုံးလာ​တယ်။ အဲဒါက ကပေရနောင်​မြို့​နား​မှာ ဖြစ်မယ်။ (မာကု ၅:၂၁) ကမ်း​ပေါ်​ကို ယေရှု​ခြေချ​လိုက်တာနဲ့ စောင့်နေတဲ့ လူအုပ်​က လှိုက်လှိုက်လှဲလှဲ ကြိုဆို​တယ်။

ယေရှုကို သိပ်​တွေ့ချင်​နေတဲ့ လူတစ်ယောက်က​တော့ တရား​ဇရပ်မှူး ယာအိရု​ပဲ။ အဲဒီ​တရားဇရပ်​ဟာ ကပေရနောင်​မြို့မှာ ရှိတာ ဖြစ်နိုင်တယ်။ သူက ယေရှုရဲ့ ခြေရင်းမှာ လာ​ဦးညွှတ်​ပြီး “ဆရာ၊ ကျွန်တော့်သမီးလေး အသည်းအသန် ဖျားနေ​ပါတယ်။ ဆရာ​လိုက်​လာပြီး သမီးလေး​အပေါ် လက်တင်​လိုက်ရင် သူ နေကောင်း​သွားမှာပါ” လို့ တ​ဖွဖွ တောင်းပန်တယ်။ (မာကု ၅:၂၃) သူ​သိပ်​ချစ်​ရတဲ့ ၁၂ အရွယ်​ တစ်ဦး​တည်း​သော သမီးလေးကို ကုပေး​ဖို့ တောင်းပန်​နေတာ။​—လုကာ​ ၈:၄၂

ယာအိရု​အိမ်ကို သွားတဲ့​လမ်းမှာ စိတ်လှုပ်ရှားစရာ​ကောင်းတဲ့ အခြေအနေ​တစ်ခုနဲ့ ယေရှု​ကြုံ​လိုက်ရတယ်။ သူ့​နောက်ကို လိုက်​လာတဲ့​လူတွေက ဘာ​အံ့ဖွယ်အမှု​များ မြင်ရ​ဦး​မလဲ​လို့ တွေး​ပြီး စိတ်လှုပ်ရှား​နေကြ​တယ်။ ဒါပေမဲ့ အမျိုးသမီး​တစ်ယောက်​ကတော့ သူ့​ရောဂါ​အကြောင်း​ပဲ တွေး​နေတယ်။

အဲဒီ ဂျူး​အမျိုးသမီး​ဟာ ၁၂ နှစ်​လုံးလုံး သွေးသွန်နာ စွဲနေ​တယ်။ သမားတော်​လည်း စုံ၊ ဆေး​လည်း စုံ၊ စည်းစိမ်​လည်း ကုန်​သွား​ပေမဲ့ ရောဂါ​မသက်သာ​တဲ့​အပြင် “ပိုလို့တောင် ဆိုး​လာတယ်။”—မာကု ၅:၂၆

သူ့​ရောဂါ​ကြောင့် အားနည်းနေ​မယ်၊ နေရ​ထိုင်​ရ ခက်​နေမယ်၊ ရှက်ရွံ့​နေမယ်​ဆိုတာ နားလည်​နိုင်ပါတယ်။ အဲဒီလို အခြေအနေကို ပွင့်ပွင့်လင်းလင်း ထုတ်ပြော​လို့​လည်း မရဘူး။ ဒါ့အပြင်​ မောရှေ​ပညတ်​အရ သွေးဆင်း​နေတဲ့ မိန်းမဟာ မသန့်​ရှင်း​ဘူး။ သူ့ကို​ဖြစ်ဖြစ်၊ သွေး​ပေ​နေတဲ့ သူ့​အဝတ်အစား​တွေကို​ဖြစ်ဖြစ် ထိမိ​ကိုင်​မိ​သူဟာ ရေချိုး​ရမယ်၊ ည​ဦး​ပိုင်း​အထိ မသန့်ရှင်း​ဘူး။—ဝတ်ပြုရာ ၁၅:၂၅-၂၇

သူက “ယေရှုရဲ့သတင်းကို ကြားတဲ့​အခါ” တွေ့ချင်​လို့ လိုက်ရှာ​တယ်။ မသန့်​မ​ရှင်း​ဖြစ်နေတာ​မို့ လူအုပ်​ထဲ မသိမသာ တိုးဝင်​လာပြီး “သူ့​ဝတ်လုံကို တို့​လိုက်​ရုံ​နဲ့ ငါ့​ရောဂါ သက်သာ​သွားမှာပဲ” လို့​စိတ်ထဲ တွေး​နေတယ်။ ဒီ​နောက် ယေရှု​ဝတ်လုံ​ရဲ့ အမြိတ်​ကို တို့​လိုက်တဲ့အခါ ချက်ချင်း​ဆိုသလို သွေးဆင်း​တာ ရပ်​သွားပြီး “ရောဂါ သက်သာ​သွားတာကို” ခံစား​လိုက်ရတယ်။—မာကု ၅:၂၇-၂၉

ယေရှု​က “ကျွန်တော့်ကို ဘယ်သူ တို့သလဲ” လို့​မေးတယ်။ ဒါကို​ကြားလိုက်​တဲ့အခါ အမျိုးသမီး ဘယ်လို ဖြစ်သွားမယ်​လို့ သင်​ထင်သလဲ။ ပေတရု​ကတော့ နားမလည်​နိုင်​လို့ “ဆရာ​ရယ်၊ လူတွေ ဒီလောက် ကြိတ်ကြိတ်တိုး​နေတာ” ဆိုပြီး ဝင်ပြောတယ်။ ဒါပေမဲ့ ယေရှု​က “တစ်ယောက်ယောက်​ကတော့ တို့ ပါတယ်။ ကျွန်တော့်​ဆီက တန်ခိုး​ထွက်သွား​တာ သိလိုက်တယ်” လို့​ပြောတယ်။—လုကာ ၈:၄၅၊ ၄၆

အမျိုးသမီး​က ပုန်း​လို့​မရ​တော့​မှန်း သိလိုက်တဲ့​အခါ ယေရှု​ရှေ့မှာ လာ​ဒူးထောက်​တယ်။ သူ့​ခမျာ ကြောက်လန့်​ပြီး တဆတ်ဆတ် တုန်​နေ​ရှာတယ်။ ပြီးတော့ သူ့​ရောဂါ​အကြောင်း၊ အခု​လေး​တင် ရောဂါ​ပျောက်သွားတဲ့​အကြောင်း လူအားလုံး​ရှေ့မှာ ဖွင့်ပြော​တယ်။ ဒါနဲ့ ယေရှု​က “သမီး၊ သမီးရဲ့ ယုံကြည်ခြင်းက ပြန်​ကျန်းမာ​စေပြီ။ စိတ်အေး​လက်​အေးသာ ပြန်ပါတော့။ ရောဂါ​နှိပ်စက်​တဲ့​ဒဏ် ကင်းဝေး​ပါစေ” လို့ ကြင်ကြင်နာနာ ပြောပြီး နှစ်သိမ့်​ပေး​လိုက်တယ်။—မာကု ၅:၃၄

မှန်ပါတယ်၊ ကမ္ဘာ​မြေကြီးကို အုပ်ချုပ်​ဖို့ ဘုရား​ရွေးချယ်​ထားတဲ့​ဘုရင်ဟာ အကြင်နာတရား၊ ကရုဏာ​တရား ကြီးမားတဲ့​သူပါ။ လူတွေကို ဂရုစိုက်​ပြီး ကူညီ​ပေးချင်​ရုံ​မ​က ကူညီ​ပေးနိုင်တဲ့ တန်ခိုး​လည်း​ရှိတယ်။