မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၄၉

ဂါလိလဲပြည်မှာ ဟောပြောခြင်း၊ တမန်တော်တွေကို လေ့ကျင့်ပေးခြင်း

ဂါလိလဲပြည်မှာ ဟောပြောခြင်း၊ တမန်တော်တွေကို လေ့ကျင့်ပေးခြင်း

မဿဲ ၉:၃၅–၁၀:၁၅ မာကု ၆:၆-၁၁ လုကာ ၉:၁-၅

  • ဂါလိလဲ​ပြည်မှာ ယေရှု ထပ်​ဟောပြော

  • ဟောပြောဖို့ တမန်တော်တွေကို စေလွှတ်

ယေရှု အားသွန်ခွန်စိုက် ဟောပြော​လာတာ နှစ်နှစ်​လောက်​ရှိနေပြီ။ ဒီတော့ အရှိန်​လျှော့​ပြီး အေးအေးဆေးဆေး နေ​တော့​မလား။ ဝေး​ပါသေး​တယ်။ ယေရှု​က ဟောပြောခြင်း​လုပ်ငန်းကို တိုးချဲ့​တယ်။ “[ဂါလိလဲ​ပြည်] မြို့ရွာ​အနှံ့ လှည့်လည်​သွားလာ​ပြီး တရား​ဇရပ်တွေမှာ သွန်သင်တယ်၊ နိုင်ငံတော်သတင်းကောင်း ဟောတယ်၊ ရောဂါ​ဝေဒနာ အမျိုးမျိုးကို ကုသ​ပေးတယ်။” (မဿဲ ၉:၃၅) သူ​မြင်တွေ့ခဲ့တဲ့ အရာတွေကြောင့် ဟောပြောခြင်း​လုပ်ငန်းကို တိုးချဲ့​ဖို့​လို​မှန်း သိလာတယ်။ ဒါပေမဲ့ ဘယ်လို တိုးချဲ့ လုပ်ဆောင်​နိုင်မလဲ။

လူတွေဟာ အမှန်တရားကို သိဖို့ လို​နေမှန်း၊ နှစ်သိမ့်မှုနဲ့ အကူအညီ လို​နေမှန်း ခရီး​လှည့်လည်​ချိန်မှာ ယေရှု သိမြင်ခဲ့​တယ်။ သူတို့ဟာ အရေခွံ​ဆုတ်​ပြီး ပစ်ထား​ခံရတဲ့ သိုး​တွေ၊ ထိန်း​သူ​မရှိတဲ့ သိုးတွေလို ဖြစ်နေတဲ့​အတွက် သူတို့ကို သနားတယ်။ ဒီတော့ တပည့်​တွေကို “စပါး​ရိတ်​စ​ရာ အများကြီး​ရှိတယ်။ လုပ်သားတွေ​ကတော့ နည်း​နေတယ်။ ဒါကြောင့် လုပ်သားတွေ စေလွှတ်​ပေးဖို့ စပါးရှင်​ဆီ ဆုတောင်းကြပါ” လို့​ပြောတယ်။—မဿဲ ၉:၃၇၊ ၃၈

ဟောပြောခြင်း​လုပ်ငန်းကို တိုးချဲ့​ဖို့ ဘာက အကူအညီ ဖြစ်စေ​မလဲ ဆိုတာ ယေရှု​သိတယ်။ ဒါကြောင့် တမန်တော် ၁၂ ယောက်​ကို​ခေါ်၊ နှစ်ယောက်​တစ်တွဲ​စီ ခြောက်​တွဲ​တွဲ​ပေးပြီး အခုလို ရှင်းလင်း​တဲ့ ညွှန်ကြားချက်တွေ ပေးတယ်– “လူမျိုးခြားတွေ​ဆီ မသွားကြ​နဲ့။ ရှမာရိ​မြို့​တွေ​ထဲ မဝင်​ကြနဲ့။ အစ္စရေး​အမျိုး​ထဲ​က ပျောက်​နေတဲ့ သိုး​တွေ​ဆီ​ကိုပဲ သွား​ကြပါ။ သွားတဲ့အခါ ‘ကောင်းကင်​နိုင်ငံ နီးနေပြီ’ ဆိုပြီး ဟောပြောကြ​ပါ။”—မဿဲ ၁၀:၅-၇

သူတို့​ဟောပြော​ရမယ့် နိုင်ငံတော်ဟာ စံပြ​ဆုတောင်းချက်မှာ ယေရှု​ဖော်ပြခဲ့တဲ့ နိုင်ငံတော်​ပဲ။ ဘုရားသခင်​ခန့်အပ်ထား​တဲ့​ဘုရင် ယေရှု​ခရစ် ရောက်ရှိနေ​ခြင်းက “ကောင်းကင်​နိုင်ငံ နီးနေပြီ” ဆိုတဲ့သဘော​ပဲ။ ယေရှုရဲ့ တပည့်တွေဟာ ကောင်းကင်​နိုင်ငံတော်ကို အမှန်တကယ် ကိုယ်စား​ပြုတယ်​ဆိုတာ ဘာက သက်သေထူ​မလဲ။ ယေရှု​က ဖျားနာ​သူတွေကို ကျန်းမာ​စေဖို့၊ လူသေတွေကို အသက်ပြန်ရှင်​စေဖို့ သူတို့ကို တန်ခိုး​ပေးတယ်။ အဲဒါတွေ​အားလုံးကို အခမဲ့ လုပ်ပေး​ခိုင်းတယ်။ ဒါပေမဲ့ တမန်တော်တွေ​ဟာ နေ့စဉ် စားဖို့​သောက်ဖို့ အ​ပါ​အ​၀င် သူတို့ရဲ့ လိုအပ်ရာတွေကို ဘယ်က​ရမလဲ။

ဒီ​ဟောပြောခြင်း ခရီးစဉ်​အတွက် အထုပ်အပိုး ပြင်​စ​ရာ​မလိုဘူးလို့ တပည့်​တွေကို ယေရှု​ပြောတယ်။ ငွေ​အိတ်ထဲ​မှာ ရွှေ​ငွေတွေ၊ ကြေး​တွေ ဆောင်ထား​ဖို့ မလိုဘူး။ လမ်းခရီး​အတွက် ရိက္ခာ​အိတ်၊ အင်္ကျီ​အပို၊ ဖိနပ်​အပို​တွေ​လည်း ဆောင်ထား​ဖို့ မလိုဘူး။ ဘာကြောင့်လဲ။ “အလုပ်​လုပ်တဲ့​သူဟာ ကျွေးမွေး​တာ ခံထိုက်” လို့​ပဲ။ (မဿဲ ၁၀:၁၀) သတင်းကောင်းကို လက်ခံ​တဲ့​သူတွေက တပည့်​တွေရဲ့ အခြေခံ​လိုအပ်ရာတွေကို ဖြည့်ဆည်း​ပေးလိမ့်မယ်။ “အိမ်​တစ်အိမ်​ကို ဝင်​တဲ့အခါ အဲဒီမြို့​ကနေ မ​ထွက်​မချင်း အဲဒီ​အိမ်မှာ​ပဲ တည်းခိုပါ” လို့ ယေရှု​ပြောတယ်။—မာကု ၆:၁၀

နိုင်ငံတော်သတင်း ဟောတဲ့​အခါ အိမ်ရှင်​တွေကို ဘယ်လို နှုတ်ဆက်​ရမယ်ဆိုတာ​ကိုလည်း ဒီလို​ညွှန်ကြားတယ်– “အိမ်ထဲ​ဝင်​တဲ့အခါ အိမ်သားတွေကို ‘ငြိမ်သက်ခြင်း​ရှိပါစေ’ ဆိုပြီး နှုတ်ဆက်ပါ။ သူတို့​လက်ခံ​ရင် အဲဒီ​အိမ်မှာ ငြိမ်သက်ခြင်း သက်ရောက်​လိမ့်မယ်။ လက်မခံ​ရင်​တော့ ငြိမ်သက်ခြင်းဟာ ခင်ဗျားတို့ဆီပဲ ပြန်သက်ရောက်​လိမ့်မယ်။ ခင်ဗျားတို့ကို လက်မခံ​ဘူး၊ ခင်ဗျားတို့​စကားကို နားမထောင်ဘူး​ဆိုရင် အဲဒီ​အိမ်၊ အဲဒီမြို့​ကနေ ထွက်ခွာ​တဲ့အခါ ခြေထောက်​က ဖုန်တွေကို ခါ​လိုက်ပါ။”—မဿဲ ၁၀:၁၂-၁၄

သတင်းကောင်းကို တစ်မြို့လုံး ဒါမှမဟုတ် တစ်ရွာ​လုံး လက်မခံတာ​တောင် ရှိ​နိုင်တယ်။ ဒါဆို အဲဒီ​နေရာ ဘာဖြစ်​မလဲ။ ပြင်းပြင်းထန်ထန် တရား​စီရင်ခံ​ရမှာ​ဖြစ်ကြောင်း အခုလို ရှင်းပြတယ်– “ကျွန်တော် မှန်တာကို​ပြောမယ်။ တရား​စီရင်​ရာ​နေ့မှာ အဲဒီမြို့​ဟာ သောဒုံ​မြို့​နဲ့ ဂေါမောရ​မြို့​ထက် ပို​ခံရလိမ့်မယ်။”—မဿဲ ၁၀:၁၅