မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၅၀

နှိပ်စက်ညှဉ်းပန်းမှုတွေကြားမှာ ဆက်ဟောပြောနိုင်ဖို့ ပြင်ဆင်ပေး

နှိပ်စက်ညှဉ်းပန်းမှုတွေကြားမှာ ဆက်ဟောပြောနိုင်ဖို့ ပြင်ဆင်ပေး

မဿဲ ၁၀:၁၆–၁၁:၁ မာကု ၆:၁၂၊ ၁၃ လုကာ ၉:၆

  • တမန်တော်တွေကို ယေရှု​လေ့ကျင့်​ပေးပြီး စေလွှတ်

ယေရှု​က တမန်တော်တွေကို နှစ်ယောက်​တစ်တွဲ​စီ စေလွှတ်​ချိန်မှာ ဘယ်လို ဟောပြော​ရမယ်ဆိုတာ အကောင်းဆုံး​ညွှန်ကြားချက်တွေ ပေးတယ်။ ဒါ​တင်​မ​က​သေး​ဘူး။ အတိုက်အခံလုပ်​သူတွေနဲ့ ပတ်သက်ပြီး အခုလို သတိပေး​တယ်– “ဝံပုလွေ​အုပ်​ထဲ သိုး​တွေ လွှတ်လိုက်သလို ခင်ဗျားတို့ကို လွှတ်​လိုက်ပြီ။ . . . လူတွေကို သတိ​ထားပါ။ ခင်ဗျားတို့ကို တရားရုံး​ပို့​ပြီး တရား​ဇရပ်တွေမှာ ရိုက်နှက်​ကြ​လိမ့်မယ်။ ကျွန်တော့်​ကြောင့် ခင်ဗျားတို့ကို ဘုရင်ခံ​တွေ၊ ဘုရင်တွေ​ရှေ့ ပို့ဆောင်​ကြ​လိမ့်မယ်။”—မဿဲ ၁၀:၁၆-၁၈

မှန်ပါတယ်၊ ယေရှုရဲ့ နောက်လိုက်​တွေဟာ ပြင်းထန်တဲ့ နှိပ်စက်​ညှဉ်းပန်းမှု​တွေ ကြုံရ​နိုင်တယ်။ ဒါပေမဲ့ နောက်လိုက်​တွေ အား​ရှိစေဖို့ ဒီလို ကတိ​ပေးတယ်– “ခင်ဗျားတို့ကို အပ်နှံ​တဲ့အခါ ဘယ်လို ပြော​ရမလဲ၊ ဘာ​ပြော​ရမလဲ​ဆိုပြီး တွေးပူ​မနေ​ပါ​နဲ့။ ပြော​ရမယ့် စကားကို အဲဒီ​အချိန်ကျရင် သိလာ​လိမ့်မယ်။ ခင်ဗျားတို့​ပဲ ပြော​ရမှာ မဟုတ်ဘူး၊ ကောင်းကင်​အဖ​ဆီက လာတဲ့ စွမ်းအားတော်​က ကူ​ပြောပေး​လိမ့်မယ်။ ဒါ့အပြင် ညီအစ်ကို​တွေ အသတ်ခံရ​အောင် အချင်းချင်း အပ်နှံ​လိမ့်မယ်။ ဖခင်​က သားသမီးကို အပ်​လိမ့်မယ်။ သားသမီး​က​လည်း မိဘကို ဆန့်ကျင်​ပြီး အသတ်ခံရ​အောင် လုပ်ကြ​လိမ့်မယ်။ ကျွန်တော့်​နာမည်​ကြောင့် ခင်ဗျားတို့ကို လူတွေ မုန်း​ကြ​လိမ့်မယ်။ ဒါပေမဲ့ အဆုံး​ထိ ခံနိုင်ရည်ရှိတဲ့​သူဟာ ကယ်တင်ခံရ​လိမ့်မယ်။”—မဿဲ ၁၀:၁၉-၂၂

ဟောပြောခြင်း​လုပ်ငန်း​က အရေးကြီးဆုံး ဖြစ်လို့ ဒီ​လုပ်ငန်းကို ဆက်​လုပ်ဆောင်​နိုင်အောင် လိမ္မာ​ပါးနပ်မှု ရှိဖို့လို​ကြောင်း အခုလို အလေးပေး ပြောခဲ့တယ်– “ခင်ဗျားတို့ကို ဒီ​မြို့မှာ ညှဉ်းဆဲ​ရင် နောက်​တစ်မြို့​ကို ထွက်ပြေးပါ။ ကျွန်တော် မှန်တာကို ပြောမယ်။ အစ္စရေး​မြို့ရွာ​တွေကို လှည့်လည် ဟောပြောလို့ မပြီး​ခင် လူသား ရောက်လာ​လိမ့်မယ်။”—မဿဲ ၁၀:၂၃

တမန်တော် ၁၂ ယောက်​ကို ပေးခဲ့တဲ့ ညွှန်ကြားချက်တွေ၊ သတိပေး​ချက်​တွေ၊ အားပေးချက်​တွေ​က ဘယ်လောက် ကောင်း​လိုက်သလဲ။ အဲဒီ​စကားတွေက ယေရှု​သေဆုံး​ပြီး ထမြောက်​ပြီးနောက် ဟောပြောခြင်း​လုပ်ငန်းကို လုပ်ဆောင်မယ့်​သူ အားလုံး​နဲ့​လည်း သက်ဆိုင်​တယ်။ ဘယ်လို​သိနိုင်သလဲ။ တပည့်​တွေကို “လူတွေ မုန်း​ကြ​လိမ့်မယ်” လို့​ယေရှု​ပြောတယ်။ အဲဒါက တမန်တော်တွေ သွား​ဟောပြောတဲ့ လူတွေကို​ပဲ ရည်ညွှန်း​နေတာ မဟုတ်ဘူး။ တစ်​ကမ္ဘာလုံး​က လူတွေကို ရည်ညွှန်း​နေတာ။ ဒါ့အပြင် ဂါလိလဲ​ပြည်မှာ ဟောပြောတဲ့ အချိန်တို​လေး​အတွင်း တမန်တော်တွေ​ဟာ ဘုရင်ခံ​တွေ၊ ဘုရင်တွေ​ရှေ့ ပို့ဆောင်​မခံခဲ့​ရ​ဘူး။ မိသားစုဝင်တွေက​လည်း တမန်တော်တွေ အသတ်ခံရ​အောင် အပ်နှံ​တာ​မျိုး မရှိခဲ့ဘူး။

ဒါကြောင့် တမန်တော်တွေကို ယေရှု အဲဒီ​စကားတွေ ပြော​နေချိန်မှာ အနာဂတ်​အကြောင်း စဉ်းစားနေမှန်း ရှင်း​နေပါ​တယ်။ တပည့်​တွေ “လှည့်လည်​ဟောပြောလို့​မပြီး​ခင် လူသား ရောက်လာ​လိမ့်မယ်” ဆိုတဲ့​စကားကို သုံးသပ်​ကြည့်ပါ။ ဘုရားသခင့်​နိုင်ငံတော်သတင်း ဟောပြောလို့​မပြီး​ခင် ဘုရားသခင်​ခန့်အပ်တဲ့ တရားသူကြီး​အဖြစ် ဘုရင်​ယေရှု​ခရစ် ရောက်လာမယ်​ဆိုတဲ့​အကြောင်း တပည့်​တွေကို ရှင်းပြ​နေတာ​ဖြစ်တယ်။

ဟောပြောခြင်း​လုပ်ငန်းမှာ ဆန့်ကျင်မှု​ကြုံရတဲ့​အခါ တပည့်​တွေ မအံ့သြသင့်​ဘူး။ “တပည့်​ဟာ ဆရာ​ထက် မသာ​နိုင်ဘူး။ ကျွန်​က​လည်း သခင်​ထက် မသာ​နိုင်ဘူး” ဆိုပြီး ယေရှု​ပြောလို့​ပဲ။ ရှင်း​ပါတယ်၊ ဘုရားသခင့်​နိုင်ငံတော်​အကြောင်း ဟောတဲ့​အတွက် သူကိုယ်တိုင် မတရား ဆက်ဆံခံရ၊ နှိပ်စက်​ညှဉ်းပန်း​ခံရတယ်​ဆိုရင် တပည့်တွေလည်း ခံရမှာ​ပဲ။ ဒါပေမဲ့ ယေရှု အခုလို အားပေးတယ်– “ကိုယ်ခန္ဓာ​ကို သတ်​နိုင်ပေမဲ့ အသက်ကို မဖျက်ဆီး​နိုင်တဲ့ လူတွေကို မကြောက်ပါနဲ့။ ကိုယ်ခန္ဓာ​ရော အသက်ကိုပါ ဂေဟင်နာ​အရပ်မှာ ဖျက်ဆီး​နိုင်တဲ့ အရှင်ကို​ပဲ ကြောက်​ကြပါ။”—မဿဲ ၁၀:၂၄၊ ၂၈

ဒီ​ကိစ္စမှာ ယေရှု စံနမူနာ​ပြခဲ့တယ်။ တန်ခိုး​အကြီးဆုံး​အရှင် ယေဟောဝါ​ဘုရားကို သစ္စာဖောက်မယ့်​အစား သတ္တိရှိရှိ အသေ​ခံခဲ့တယ်။ အနန္တ​တန်ခိုးရှင် ဘုရားသခင်ဟာ လူတစ်ယောက်ရဲ့ “အသက်” (အနာဂတ်မှာ အသက်ရှင်ခွင့် အလားအလာ) ကို ဖျက်ဆီး​နိုင်တယ် ဒါမှမဟုတ် သူ့ကို အသက်ပြန်ရှင်​စေပြီး ထာဝရ​အသက်ပေး​နိုင်တယ်။ ဒါကို​သိရတဲ့အခါ တမန်တော်တွေ ဘယ်လောက် အားရှိ​လိုက်မလဲ။

နောက်လိုက်​တွေကို ဘုရားသခင် မေတ္တာပါပါ ဂရုစိုက်​စောင့်​ရှောက်​ပေး​မှန်း ပုံဥပမာ​တွေ​သုံးပြီး ယေရှု အခုလို​ပြောတယ်– “စာငှက်​နှစ်ကောင်​ကို ငွေ​တစ်ပြား​နဲ့ ဝယ်​လို့​ရတယ် မဟုတ်လား။ အဖဘုရား မသိဘဲ​နဲ့ အဲဒီ​စာငှက် တစ်ကောင်​မှ မြေပေါ်​မကျ​ဘူး။ ဒါကြောင့် မကြောက်ပါနဲ့။ ခင်ဗျားတို့ဟာ စာငှက်လေးတွေထက် ပို​တန်ဖိုး​ရှိပါတယ်။”—မဿဲ ၁၀:၂၉၊ ၃၁

တပည့်​တွေ ဟောပြောတဲ့သတင်းကို မိသားစုဝင်​တချို့က လက်ခံ​ပြီး တချို့က လက်မခံ​တဲ့​အတွက် မိသားစု​အတွင်း စိတ်ဝမ်းကွဲ​ပြား​လာတယ်။ ဒါကြောင့် “ကမ္ဘာမြေပေါ် ငြိမ်သက်ခြင်းကို ကျွန်တော် ယူဆောင်​လာတယ်လို့ မထင်ကြနဲ့” ဆိုပြီး ယေရှု​ပြောတယ်။ မှန်ပါတယ်၊ ကျမ်းစာ​အမှန်တရားကို​လက်ခံ​တဲ့ မိသားစုဝင်​တစ်ယောက်ဟာ သတ္တိ​ရှိရမယ်။ ယေရှု အခုလို​ပြောတယ်– “ကျွန်တော့်​ထက် မိဘကို ပို​ချစ်တဲ့​သူဟာ ကျွန်တော့်​တပည့် မဖြစ်ထိုက်​ဘူး။ ကျွန်တော့်​ထက် သားသမီးကို ပို​ချစ်တဲ့​သူကလည်း ကျွန်တော့်​တပည့် မဖြစ်ထိုက်​ဘူး။”—မဿဲ ၁၀:၃၄၊ ၃၇

တပည့်​တွေကို လိုလိုလားလား လက်ခံ​တဲ့​သူတချို့​တော့ ရှိ​လိမ့်မယ်။ ယေရှု​က “ကလေးငယ်​နဲ့​တူတဲ့ ဟောဒီ​လူတွေကို ကျွန်တော့်​တပည့်​ပဲ ဆိုပြီး ရေ​အေး​တစ်ခွက် တိုက်​တယ်​ဆိုပါစို့။ ကျွန်တော် မှန်တာကို ပြောမယ်။ သူ အကျိုးကျေးဇူး မခံစားရ​ဘဲ မနေဘူး” လို့​ပြောတယ်။—မဿဲ ၁၀:၄၂

ယေရှုရဲ့ ညွှန်ကြားချက်တွေ၊ သတိပေး​ချက်​တွေ၊ အားပေးချက်​တွေကို ပြည့်ပြည့်စုံစုံ ရရှိ​ပြီးတဲ့နောက်မှာ​တော့ တမန်တော်တွေ​ဟာ “တစ်ရွာ​ပြီး​တစ်ရွာ သွားပြီး သတင်းကောင်း ဟောပြောတယ်။ ရောဂါတွေ ကုသ​ပေးတယ်။”—လုကာ ၉:၆