မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၅၃

သဘာဝအင်အားစုတွေကို ထိန်းချုပ်နိုင်တဲ့အုပ်စိုးရှင်

သဘာဝအင်အားစုတွေကို ထိန်းချုပ်နိုင်တဲ့အုပ်စိုးရှင်

မဿဲ ၁၄:၂၂-၃၆ မာကု ၆:၄၅-၅၆ ယောဟန် ၆:၁၄-၂၅

  • လူတွေက ယေရှုကို ဘုရင်​တင်မြှောက်​ချင်​ကြ

  • ရေပေါ်​လမ်းလျှောက်​လာပြီး မုန်တိုင်း​ကို ငြိမ်သက်​စေ

လူ​ထောင်ချီ​ကို အံ့ဖွယ်​နည်းနဲ့ ကျွေးမွေး​တာ​က လူတွေ​အပေါ် တော်​တော် အကျိုးသက်ရောက်တယ်။ ဒါကြောင့် “သူဟာ လူ့​လောကမှာ ပေါ်ထွန်း​လာမယ့် ပရောဖက်” မေရှိယ​ပဲ ဖြစ်ရမယ်​လို့ ပြော​ကြတယ်။ သူဟာ မင်းကောင်း​တစ်ပါး​ဖြစ်မယ် ဆိုပြီး​တော့​လည်း ကောက်ချက်ချ​ကြတယ်။ (ယောဟန် ၆:၁၄။ တရားဟောရာ ၁၈:၁၈) ဒါကြောင့် ယေရှုကို အတင်းအကျပ် ဘုရင်​ တင်မြှောက်​ဖို့ ကြံစည်​ကြတယ်။

သူတို့ရဲ့​အကြံ​ကို ယေရှု​သိနေတဲ့​အတွက် လူအုပ်​ကို ပြန်လွှတ်​လိုက်ပြီး တပည့်တွေကိုလည်း လှေ​နဲ့ ကူး​နှင့်​ခိုင်းတယ်။ တပည့်​တွေ ဘယ်​ကို သွား​ကြတာလဲ။ ဗက်ဇဲဒမြို့၊ အဲဒီကနေ​တစ်ဆင့် ကပေရနောင်​မြို့ကို သွား​ကြ​တာ။ ယေရှု​ကတော့ အဲဒီ​ညမှာ ဆုတောင်းဖို့ တောင်ပေါ်ကို တစ်ယောက်တည်း တက်​သွားတယ်။

မိုး​မ​လင်း​ခင် လ​ရောင်​အောက်မှာ အဝေးကနေ လှေ​ကို ယေရှု​တွေ့​လိုက်တယ်။ လေပြင်း​တိုက်ခတ်​ပြီး လှိုင်းထန်နေတဲ့​အတွက် တမန်တော်တွေ​ဟာ “လှေ​ကို မနည်း​လှော်ခတ်​နေ” ကြတယ်။ (မာကု ၆:၄၈) ယေရှု​က တောင်ပေါ်​ကနေ ဆင်းလာ​ပြီးနောက် လှိုင်းတွေ​ပေါ်မှာ လမ်းလျှောက်​ပြီး သူတို့ဆီ သွားတယ်။ သူတို့ လှော်ခတ်​လာတာ “သုံး​လေး​မိုင်​လောက်” ရှိနေပြီ။ (ယောဟန် ၆:၁၉) တပည့်​တွေ​နားက​နေ ယေရှု ဖြတ်သွား​မလို​လုပ်​တော့ “ဟိုမှာ၊ ဟိုမှာ ဘာ​ကြီး​ပါလိမ့်” ဆိုပြီး အော်​ကြပါ​လေ​ရော။—မာကု ၆:၄၉

ယေရှု​က “မကြောက်ပါနဲ့။ ကျွန်တော်​ပါ” လို့ သူတို့​ကြောက်စိတ်​ပြေ​အောင် ပြောတဲ့အခါ ပေတရု​က “သခင်၊ တကယ်ပဲ သခင်​ဟုတ်တယ်​ဆိုရင် ကျွန်တော်လည်း ရေပေါ် လမ်းလျှောက်​ပြီး သခင့်​ဆီ လာဖို့ အမိန့်​ရှိပါ” လို့ ပြန်​ပြောတယ်။ ယေရှု​က “လာ​ခဲ့​လေ” ဆိုတော့ ပေတရု​က လှေပေါ်​ကနေ ဆင်း​ပြီး ရေပေါ် လမ်းလျှောက်​လာတယ်။ ဒါပေမဲ့ မုန်တိုင်းထန်​နေတာကို မြင်တော့ ကြောက်စိတ် ဝင်​ပြီး နစ်​တော့​မလို ဖြစ်သွားတယ်။ ဒါနဲ့ “သခင်၊ ကယ်ပါဦး” လို့​အော်​တဲ့အခါ ယေရှု​က လက်ကို​ဆန့်၊ သူ့ကို လှမ်းဆွဲ​လိုက်ပြီး “ယုံကြည်ခြင်း​နည်းတဲ့​သူ၊ ဘာလို့ သံသယဝင်​တာလဲ” လို့​ပြောလိုက်​တယ်။—မဿဲ ၁၄:၂၇-၃၁

ပေတရုနဲ့ ယေရှု လှေပေါ် ရောက်တဲ့အခါ​မှာ​တော့ လေ​ငြိမ်​သွားတယ်။ တပည့်တွေလည်း အံ့သြ​သွားတယ်။ တကယ်​ဆိုရင် သူတို့​အဲဒီလို ဖြစ်သင့်သလား။ လူ​ထောင်ချီ​ကို အံ့ဖွယ်​နည်းနဲ့ ယေရှု​ကျွေးမွေး​ခဲ့​တာ နာရီ​ပိုင်း​ပဲ ရှိသေးတယ်။ သူတို့သာ “မုန့်​ကျွေး​တဲ့ အံ့ဖွယ်အမှု​ရဲ့ အဓိပ္ပာယ်​ကို” သဘောပေါက်​မယ်​ဆိုရင် အခုလို ရေပေါ်​လမ်းလျှောက်​တာ၊ မုန်တိုင်း​ငြိမ်သက်​စေ​တာတွေကို အံ့သြ​မှာ​မဟုတ်ဘူး။ အခု တပည့်​တွေ​က​ ဦးညွှတ်​ပြီး “သခင်ဟာ တကယ်ပဲ ဘုရားသခင်ရဲ့သားပါ” လို့​ပြော​ကြ​တယ်။—မာကု ၆:၅၂။ မဿဲ ၁၄:၃၃

သိပ်​မကြာခင်မှာ ကပေရနောင်​မြို့ရဲ့ တောင်ဘက်၊ လှပပြီး မြေ​သြဇာ​ကောင်းတဲ့ ဂင်​နေသ​ရက်​လွင်ပြင်​ကို ရောက်တဲ့အခါ လှေ​ကို ကမ်း​ကပ်​လိုက်တယ်။ ကမ်း​ပေါ်​တက်လာ​တဲ့အခါ အဲဒီ​အရပ်သား​တွေ​က ယေရှုကို မှတ်မိ​တယ်။ ဒါကြောင့် သူတို့နဲ့ ပတ်ဝန်းကျင် အရပ်ရပ်​မှာ​ရှိတဲ့ လူတွေက ဖျားနာတဲ့​သူတွေကို ယေရှု​ဆီ ခေါ်လာ​ကြတယ်။ ယေရှု​ဝတ်လုံ​ရဲ့ အမြိတ်​ကို တို့​ထိ​ရုံ​နဲ့ ကျန်းမာ​သွားကြတယ်။

လူ​ထောင်ချီ​ကို အံ့ဖွယ်​နည်းနဲ့ ကျွေးမွေးတာကို မြင်ခဲ့တဲ့​လူအုပ်​က ယေရှု​ထွက်သွား​မှန်း သိလိုက်တယ်။ ဒါနဲ့ တိဗေရိ​မြို့က​လှေ​တွေ ဆိုက်​လာတဲ့အခါ လူတွေက ယေရှုကို​ရှာ​ဖို့ အဲဒီ​လှေ​တွေ​စီး​ပြီး ကပေရနောင်​မြို့​ဆီ ထွက်လာ​တယ်။ ယေရှုကို​တွေ့​တော့ “ဆရာ၊ ဒီကို ဘယ်​တုန်း​က ရောက်လာ​တာလဲ” ဆိုပြီး မေးကြတယ်။ (ယောဟန် ၆:၂၅) ဒီ​အခါ သူတို့ကို ယေရှု ဘာကြောင့် ပြစ်တင်​ဆုံးမ​ရသလဲ​ဆိုတာ နောက်​အခန်းမှာ တွေ့ရ​ပါ​မယ်။