မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၅၄

“အသက်မုန့်”

“အသက်မုန့်”

ယောဟန် ၆:၂၅-၄၈

  • ယေရှုဟာ “ကောင်းကင်က​မုန့်” ဖြစ်

ဂါလိလဲ​အိုင်​အရှေ့ဘက်မှာ ယေရှု​က လူ​ထောင်ချီ​ကို အံ့ဖွယ်​နည်းနဲ့ ကျွေးမွေး​တယ်။ လူတွေက သူ့ကို ဘုရင်​တင်မြှောက်​ချင်တဲ့​အခါ ရှောင်ထွက်​သွား​လိုက်တယ်။ အဲဒီ​ညမှာ မုန်တိုင်းထန်​နေတဲ့ အိုင်​ရေပြင်​ပေါ် လမ်းလျှောက်​လာတယ်။ ပေတရုလည်း ရေပေါ်​လမ်းလျှောက်​လာပေမဲ့ ယုံကြည်ခြင်း ယိမ်းယိုင်​တဲ့​အတွက် နစ်​တော့​မလို ဖြစ်သွားတဲ့​အခါ သူ့ကို ယေရှု​ကယ်​လိုက်တယ်။ လေမုန်တိုင်း​ကို ငြိမ်သက်​စေပြီး လှေ​မှော​က်​မယ့် အန္တရာယ်​ကနေ တပည့်​တွေကို ကယ်တင်​လိုက်တယ်။

အခု အိုင်​အနောက်ဘက် ကပေရနောင်​မြို့ကို ပြန်ရောက်​နေပြီ။ ယေရှု အံ့ဖွယ်​နည်းနဲ့ ကျွေးမွေး​ခဲ့​တဲ့​လူတွေက သူ့ကို​တွေ့​တော့ “ဆရာ၊ ဒီကို ဘယ်​တုန်း​က ရောက်လာ​တာလဲ” ဆိုပြီး မေးကြတယ်။ ဒါနဲ့ မုန့်​စား​ရဖို့ သူ့ကို ရှာ​တာ​ဆိုပြီး လူတွေကို ယေရှု ပြစ်တင်​ဆုံးမတယ်။ ပြီးတော့ “ပျက်စီး​တတ်တဲ့​အစာကို မဟုတ်ဘဲ ထာဝရ​အသက်​ရစေတဲ့ အစာကို ရဖို့ ကြိုးစား​ကြပါ” လို့​ပြောတယ်။ သူတို့က “ဘုရားသခင့် နှစ်သက်မှု​ရဖို့ ဘာလုပ်ရမလဲ” လို့​မေးကြတယ်။—ယောဟန် ၆:၂၅-၂၈

ဘုရားသခင့်​နှစ်သက်မှု ရဖို့​ဆိုရင် ပညတ်တရားကို လိုက်လျှောက်​ရမယ်လို့ သူတို့​ထင်နေတာ။ ဒါပေမဲ့ ယေရှု​က “ဘုရား​သခင်​စေလွှတ်တဲ့​သူကို ယုံကြည်သက်ဝင်​တာ​ဟာ ဘုရား​သခင်​နှစ်သက်တဲ့ လုပ်ရပ်​ပဲ” လို့​ဖြေတယ်။ လူတွေကတော့ ယေရှု​ပြုလုပ်သမျှကို မြင်​တာ​တောင်မှ ယေရှုကို မယုံကြည်ကြဘူး။ သူတို့​ယုံကြည်​နိုင်ဖို့ အံ့ဖွယ်​အမှု​တစ်ခု လုပ်ပြ​ပါလို့ တောင်းဆို​ကြတယ်။ “ဆရာ့​ကို ယုံကြည်​လာ​အောင် ဘယ်​အံ့ဖွယ်​အမှုကို ပြ​မှာ​လဲ။ ဘာတွေ လုပ်ပြ​မှာ​လဲ။ ကျွန်တော်တို့ ဘိုးဘေး​တွေ​က ‘သူတို့​အတွက်​ ကောင်းကင်က​မုန့်​ကို ချ​ပေးတယ်’ ဆိုတဲ့ ကျမ်းစကား​အတိုင်း တော​ထဲမှာ ဘုရားသခင်​ကျွေး​တဲ့ မန္နမုန့်​ကို စား​ခဲ့​ရ​ပါတယ်” လို့​ပြော​ကြတယ်။—ယောဟန် ၆:၂၉-၃၁။ ဆာလံ ၇၈:၂၄

အံ့ဖွယ်အမှု လုပ်ပြ​ဖို့ သူတို့ တောင်းဆိုတဲ့​အခါ ယေရှု​က အံ့ဖွယ်​နည်းနဲ့ ထောက်ပံ့​ပေးတဲ့ အရှင်ဟာ တကယ်တမ်း ဘယ်သူဘယ်ဝါ​ဖြစ်တယ်ဆိုတာ လူတွေကို အခုလို ထောက်ပြ​တယ်– “ကျွန်တော် မှန်တာကို ပြောမယ်။ အမှန်အတိုင်း ပြောမယ်။ မောရှေ​က ခင်ဗျားတို့​အတွက် ကောင်းကင်က စစ်မှန်တဲ့​မုန့်​ကို မပေးခဲ့​ဘူး။ အဖဘုရား​ကတော့ ကောင်းကင်က စစ်မှန်တဲ့​မုန့်​ကို ပေးတယ်။ ဘုရားသခင်​ပေးတဲ့ အဲဒီ​မုန့်ဟာ ကောင်းကင်​ကနေ ဆင်းလာ​ပြီး လူ့​လောက​ကို အသက်​ရစေ​မယ့်​သူပဲ။” ယေရှု​ပြောတာကို သူတို့သဘောမပေါက်​ဘဲ “သခင်၊ ကျွန်တော်တို့ကို အဲဒီ​မုန့် အမြဲ​ပေးပါ​လား” လို့​တောင်း​ကြတယ်။ (ယောဟန် ၆:၃၂-၃၄) ယေရှု​ပြောတဲ့ “မုန့်” က ဘာကို ဆိုလိုသလဲ။

ယေရှု အခုလို ရှင်းပြတယ်– “ကျွန်တော်ဟာ အသက်​မုန့်​ပဲ။ ကျွန်တော့်​ဆီ လာတဲ့​သူဟာ ဘယ်တော့မှ ဆာလောင်​မှာ မဟုတ်ဘူး။ ကျွန်တော့်ကို ယုံကြည်သက်ဝင်​တဲ့​သူကလည်း ဘယ်တော့မှ ရေငတ်​မှာ မဟုတ်ဘူး။ ကျွန်တော် ပြောသား​ပဲ၊ ကျွန်တော့်ကို မြင်​တာ​တောင် ခင်ဗျားတို့ မယုံကြဘူး။ . . . ကောင်းကင်​ကနေ ကျွန်တော်​ဆင်းလာ​တာ​ဟာ ကိုယ့်​ဆန္ဒ​အတိုင်း လုပ်ဖို့ မဟုတ်ဘူး။ ကျွန်တော့်ကို​စေလွှတ်တဲ့​အရှင်ရဲ့ ဆန္ဒ​အတိုင်း လုပ်ဖို့​ပါ။ အဲဒီ​အရှင်ရဲ့ ဆန္ဒ​ကတော့ ကျွန်တော့်ကို ပေးထားတဲ့​သူ တစ်ယောက်မှ မဆုံးရှုံး​ဖို့၊ နောက်ဆုံးသော​နေ့မှာ သူတို့ကို ရှင်ပြန်​ထမြောက်လာ​အောင် ကျွန်တော်​လုပ်ပေးဖို့​ပဲ။ သားတော်ကို အသိအမှတ်ပြု​ပြီး ယုံကြည်သက်ဝင်​သူတွေ ထာဝရ​အသက်​ရဖို့ အဖဘုရား ဆန္ဒ​ရှိတယ်။”—ယောဟန် ၆:၃၅-၄၀

အဲဒီ​စကား​ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ဂျူးတွေ​က ယေရှုကို ကဲ့ရဲ့​ပြစ်တင်​ကြတယ်။ သူ့ကိုယ်သူ “ကောင်းကင်က​လာတဲ့​မုန့်” ဆိုပြီး ဘာဖြစ်လို့ ပြောရတာ​လဲ။ (ယောဟန် ၆:၄၁) သူတို့​အတွက်တော့ ယေရှုဟာ ဂါလိလဲ​ပြည်၊ နာဇရက်​မြို့မှာ လူသား​မိဘတွေက​နေ မွေးဖွား​လာတဲ့ သာမန်​လူတစ်ယောက်​ပဲ။ “သူဟာ ယောသပ်​ရဲ့သား ယေရှု​မဟုတ်လား။ သူ့​မိဘတွေကို ငါ​တို့​သိသား​ပဲ” လို့​ပြော​ကြတယ်။—ယောဟန် ၆:၄၂

ဒါနဲ့ သူတို့ကို ယေရှု​ပြန်​ပြောတာက– “ခင်ဗျားတို့ ကဲ့ရဲ့​ပြစ်တင်​မနေ​နဲ့​တော့။ ကျွန်တော့်ကို စေလွှတ်တဲ့​အရှင်သာ မ​ဆွဲဆောင်​ရင် ဘယ်သူမှ ကျွန်တော့်​ဆီ မလာနိုင်ဘူး။ လာတဲ့​သူကို နောက်ဆုံးသော​နေ့မှာ ရှင်ပြန်​ထမြောက်လာ​အောင် ကျွန်တော်​လုပ်ပေးမယ်။ ပရောဖက်​ကျမ်းတွေမှာ ‘သူတို့​အားလုံး ယေဟောဝါ သွန်သင်​ပေးတာကို ခံရလိမ့်မယ်’ လို့​ရေးထားတယ်။ အဖ​ဘုရားရဲ့ စကားကို ကြားနာ​ပြီး သင်ယူ​တဲ့​သူတွေ ကျွန်တော့်​ဆီ လာကြတယ်။ ဘုရားသခင်​ဆီကလာ​တဲ့ ကျွန်တော်က​လွဲလို့ လူတစ်ယောက်မှ အဖ​ဘုရားကို မမြင်ဖူး​ဘူး။ ကျွန်တော်​တစ်ယောက်ပဲ မြင်ဖူး​တာ။ ကျွန်တော် မှန်တာကို ပြောမယ်။ အမှန်အတိုင်း ပြောမယ်။ ယုံတဲ့​သူ ထာဝရ​အသက် ရလိမ့်မယ်။”—ယောဟန် ၆:၄၃-၄၇။ ဟေရှာယ ၅၄:၁၃

အစောပိုင်းမှာ နိ​ကော​ဒင်​နဲ့ စကားပြော​တုန်း​က လူသားကို​ယုံကြည်ခြင်းနဲ့ ထာဝရ​အသက် ဆက်စပ်နေ​မှန်း အခုလို​ပြောခဲ့တယ်– “[ဘုရားသခင်ရဲ့ တစ်ဦးတည်းသောသား] ကို ယုံကြည်သက်ဝင်​သူ​တိုင်း ဖျက်ဆီး​မခံရ​ဘဲ ထာဝရ​အသက်​ရနိုင်” တယ်။ (ယောဟန် ၃:၁၅၊ ၁၆) အခု​ကျတော့ လူအုပ်​လိုက်​ကြီး​နဲ့ စကားပြော​နေတာ​ဖြစ်ပြီး သူတို့တွေ ထာဝရ​အသက် ရရှိ​ရေး​မှာ သူ့ရဲ့ အခန်းကဏ္ဍ​အကြောင်း ပြောပြတယ်။ မန္နမုန့်​ဖြစ်ဖြစ်၊ ဂါလိလဲ​ပြည်မှာ ရနိုင်တဲ့​မုန့်​ပဲ​ဖြစ်ဖြစ် သူတို့ကို ထာဝရ​အသက် မပေးနိုင်​ဘူး။ ဒါဆိုရင် ထာဝရ​အသက် ဘယ်လို ရနိုင်မလဲ။ “ကျွန်တော်ဟာ အသက်​မုန့်​ပဲ” လို့ ယေရှု​ထပ်ပြော​တယ်။—ယောဟန် ၆:၄၈

ကောင်းကင်က​မုန့်​အကြောင်း ဆက်​ဆွေးနွေး​လိုက်တာ ကပေရနောင်​မြို့ တရားဇရပ်မှာ​တော့ အထွတ်အထိပ်​ကို ရောက်ခဲ့တယ်။