အခန်း ၅၈
မုန့်တွေကို ပွားများစေပြီး တဆေးအကြောင်း သတိပေး
-
ယောက်ျား ၄,၀၀၀ ကို ယေရှုကျွေးမွေး
-
ဖာရိရှဲတွေရဲ့ တဆေးအကြောင်း သတိပေး
ဂါလိလဲအိုင် အရှေ့ဘက်၊ ဒေကာပေါလိနယ်မှာ ယေရှုဆီကို လူအုပ်ကြီး စုရုံးလာတယ်။ တရားနာချင်လို့၊ ရောဂါပျောက်ချင်လို့ လာကြတာ။ ရိက္ခာထည့်ထားတဲ့ ခြင်းတောင်းကြီးတွေလည်း သယ်လာကြတယ်။
နောက်တော့ ယေရှုက တပည့်တွေကိုခေါ်ပြီး “ဒီလူအုပ်ကို ကျွန်တော် သနားတယ်။ သုံးရက်လုံးလုံး ကျွန်တော်နဲ့အတူ ရှိနေကြတာ။ သူတို့မှာ စားစရာလည်း မရှိဘူး။ တချို့ဆိုရင် အဝေးကြီးကို ပြန်ရမှာ။ တစ်ခုခု မကျွေးဘဲနဲ့ အိမ်ပြန်ခိုင်းလိုက်ရင် လမ်းမှာ အားပြတ်ကုန်မယ်” လို့ပြောတယ်။ တပည့်တွေက “ဒီလူတွေ အဝစားနိုင်လောက်တဲ့ စားစရာကို ဒီလောက်ခေါင်တဲ့ နေရာမျိုးမှာ ဘယ်လိုလုပ် ရနိုင်မှာလဲ” ဆိုပြီး မေးကြတယ်။—မာကု ၈:၂-၄။
ယေရှုက “ခင်ဗျားတို့မှာ မုန့်ဘယ်နှစ်လုံး ရှိသလဲ” လို့မေးတော့ “မုန့်ခုနစ်လုံးနဲ့ ငါးကလေးနည်းနည်းပဲ ရှိပါတော့တယ်” လို့ဖြေတယ်။ (မဿဲ ၁၅:၃၄) ဒါနဲ့ ယေရှုက လူအုပ်ကို မြေပေါ် ထိုင်ခိုင်းလိုက်တယ်။ မုန့်နဲ့ ငါးတွေကိုယူ၊ ဘုရားသခင်ဆီ ဆုတောင်းပြီးမှ တပည့်တွေကို ဖဲ့ပေးတယ်။ တပည့်တွေက လူအုပ်ကို ပြန်ဝေပေးတယ်။ အံ့သြစရာကောင်းတာက လူအားလုံး ဝဝလင်လင် စားရတယ်။ စားကြွင်းစားကျန်တွေကို ကောက်သိမ်းတဲ့အခါ တောင်းကြီး ခုနစ်တောင်း အပြည့်ရတယ်။ စားတဲ့သူက ယောက်ျား ၄,၀၀၀ လောက်အပြင် အမျိုးသမီးတွေနဲ့ ကလေးတွေလည်း ပါတယ်။
လူအုပ်ကို ပြန်လွှတ်လိုက်ပြီးနောက် ယေရှုနဲ့ တပည့်တွေက ဂါလိလဲအိုင်အနောက်ဘက်ကမ်း၊ မာဂဒန်နယ်ကို လှေနဲ့ ကူးသွားကြတယ်။ အဲဒီမှာ ဖာရိရှဲတွေနဲ့ ဇဒ္ဒုကဲဂိုဏ်းဝင်တချို့ဟာ ယေရှုကို အကဲစမ်းချင်တဲ့အတွက် ဘုရားသခင်ဆီက အံ့ဖွယ်အမှုတစ်ခုလောက် ပြပါလို့ တောင်းဆိုကြတယ်။
သူတို့အကဲစမ်းချင်မှန်း သိတဲ့အတွက် ဒီလိုပြောတယ်– “ညနေစောင်းတဲ့အခါ ‘ကောင်းကင်ကြီး နီရဲနေတာပဲ။ ရာသီဥတု သာယာမယ်’ လို့ ခင်ဗျားတို့ပြောတတ်တယ်။ မနက်ရောက်တော့လည်း ‘ကောင်းကင်ကြီး နီရဲပြီး အုံ့မှိုင်းနေတာပဲ။ ဒီနေ့ မိုးရွာပြီး အေးစိမ့်နေလိမ့်မယ်’ လို့ ပြောတတ်ကြတယ်။ ခင်ဗျားတို့ဟာ ကောင်းကင်ကို ကြည့်ပြီး ရာသီဥတုကို ခန့်မှန်းတတ်ပေမဲ့ အချိန်ကာလရဲ့ လက္ခဏာကိုတော့ မခန့်မှန်းတတ်ပါလား။” (မဿဲ ၁၆:၂၊ ၃) ဒီနောက် ယေရှုက ဖာရိရှဲတွေနဲ့ ဇဒ္ဒုကဲတွေကို ပရောဖက်ယောနရဲ့ အံ့ဖွယ်အမှုကလွဲလို့ ဘယ်အံ့ဖွယ်အမှုကိုမှ မြင်ရမှာမဟုတ်ဘူး လို့ပြောတယ်။
ယေရှုနဲ့ တပည့်တွေဟာ လှေစီးပြီး ဂါလိလဲအိုင် အရှေ့မြောက်ဘက်ကမ်းပေါ်က ဗက်ဇဲဒမြို့ကို သွားကြတယ်။ လမ်းရောက်မှ စားစရာယူလာဖို့ မေ့သွားမှန်း တပည့်တွေ သိလိုက်တယ်။ သူတို့မှာ မုန့်တစ်လုံးပဲ ပါလာတယ်။ ဖာရိရှဲတွေ၊ ဟေရုဒ်ကို အားပေးထောက်ခံတဲ့ ဇဒ္ဒုကဲတွေနဲ့ ခုနလေးတင် ရင်ဆိုင်ခဲ့ရတာကို ယေရှု ပြန်စဉ်းစားမိတော့ “မျက်စိရှင်ရှင်ထားပြီး ဖာရိရှဲနဲ့ဟေရုဒ်တို့ရဲ့ တဆေးကို သတိထားကြ” လို့ တပည့်တွေကို သတိပေးတယ်။ ဒီအခါ တပည့်တွေက သူတို့ စားစရာမေ့လာလို့ ယေရှု တဆေးအကြောင်း ပြောနေတာဆိုပြီး တလွဲထင်သွားကြတယ်။ ဒါကို ယေရှုသိတော့ “စားစရာမပါလာတဲ့ ကိစ္စအတွက်နဲ့ ဘာလို့ ငြင်းခုံနေတာလဲ” လို့မေးတယ်။—မာကု ၈:၁၅-၁၇။
မကြာသေးခင်ကပဲ လူထောင်ချီကို ကျွေးမွေးခဲ့တယ်။ ဒါကြောင့် မုန့်မပါလာလို့ ယေရှု စိုးရိမ်နေတာ မဟုတ်မှန်း တပည့်တွေ သိသင့်တယ်။ ယေရှုက “ယောက်ျား ၅,၀၀၀ ကို ကျွန်တော် မုန့်ငါးလုံး ဖဲ့ပေးတုန်းက စားကြွင်းစားကျန် ဘယ်နှစ်တောင်းအပြည့် ကောက်သိမ်းခဲ့ရသလဲ၊ မှတ်မိကြသလား” လို့ မေးတဲ့အခါ “ဆယ့်နှစ်မာကု ၈:၁၈-၂၀။
တောင်း ရတယ်” လို့ဖြေတယ်။ “ယောက်ျား ၄,၀၀၀ ကို မုန့်ခုနစ်လုံး ဖဲ့ပေးတုန်းကလည်း စားကြွင်းစားကျန် တောင်းကြီး ဘယ်နှစ်တောင်းအပြည့် ကောက်သိမ်းခဲ့ရသလဲ” လို့ဆက်မေးတဲ့အခါ “ခုနစ်တောင်း ရတယ်” လို့ဖြေတယ်။—ဒီအခါ ယေရှုက “ကျွန်တော် စားစရာအကြောင်း ပြောနေတာမဟုတ်မှန်း ဘာလို့ နားမလည်တာလဲ” လို့မေးတယ်။ ပြီးတော့ “ဖာရိရှဲနဲ့ ဇဒ္ဒုကဲတို့ရဲ့ တဆေးကို သတိထားဖို့ ပြောနေတာ” ဆိုပြီး ဆက်ပြောတယ်။—မဿဲ ၁၆:၁၁။
အဲဒီတော့မှ တပည့်တွေ နားလည်သွားတယ်။ မုန့်ကို အချဉ်ဖောက်ပြီး ပွလာစေဖို့ တဆေးသုံးတယ်။ အခု ယေရှုက လူတစ်ယောက်ကို ပျက်စီးစေတဲ့အရာအဖြစ် တဆေးကို တင်စားနေတာ။ “ဖာရိရှဲနဲ့ ဇဒ္ဒုကဲတို့ရဲ့ သွန်သင်ချက်” ဟာ လူတွေကို ပျက်စီးစေတဲ့အတွက် အဲဒါကို သတိထားဖို့ ယေရှုပြောနေတာ။—မဿဲ ၁၆:၁၂။