မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၆၁

နတ်ဆိုးစွဲနေတဲ့ကောင်လေးကို ကုသပေး

နတ်ဆိုးစွဲနေတဲ့ကောင်လေးကို ကုသပေး

မဿဲ ၁၇:၁၄-၂၀ မာကု ၉:၁၄-၂၉ လုကာ ၉:၃၇-၄၃

  • နတ်ဆိုးစွဲ​နေတဲ့ ကောင်လေး​ကို ကုသ​ပေးဖို့ ခိုင်မာတဲ့ ယုံကြည်ခြင်း လိုအပ်

ယေရှု၊ ပေတရု၊ ယာကုပ်နဲ့ ယောဟန်တို့ တောင်ပေါ်​ကနေ ဆင်းလာ​တဲ့အခါ လူတွေ​အများကြီး​နဲ့ တွေ့တယ်။ တပည့်​တွေကို ကျမ်းတတ်​တွေ ဝိုင်းအုံ​နေပြီး သူတို့နဲ့ ငြင်းခုံ​နေတာ ယေရှု​တွေ့​တော့ တစ်ခုခု​ဖြစ်နေမှန်း သိလိုက်တယ်။ လူတွေလည်း ယေရှုကို​မြင်​တာ​နဲ့ အံ့အားသင့်​ပြီး ပြေးကြို​ကြတယ်။ ဒါနဲ့ ယေရှု​က “ခင်ဗျားတို့ ဘာတွေ ဆွေးနွေး​ငြင်းခုံ​နေတာလဲ” ဆိုပြီး မေးလိုက်တယ်။—မာကု ၉:၁၆

ဒီ​အခါ လူအုပ်​ထဲ​က တစ်ယောက်က ယေရှု​ရှေ့မှာ ဒူးထောက်ပြီး အခုလို​ရှင်းပြတယ်– “ဆရာ၊ နတ်ဆိုး​ပူး​လို့ စကား​မပြော​နိုင်တော့တဲ့ ကျွန်တော့်သားကို ဆရာ့​ဆီ ခေါ်လာတာ။ နတ်ဆိုး​ပူး​တဲ့အခါ​တိုင်း ကျွန်တော့်သားက မြေပေါ်​ပစ်​လဲသွား​တယ်။ ပါးစပ်​ကနေ အ​မြှုပ်​ထွက်၊ အံကြိတ်​ပြီး အားပြတ်​သွား​တတ်တယ်။ နတ်ဆိုး နှင်ထုတ်​ပေးဖို့ ဆရာ့​တပည့်​တွေကို အကူအညီ​တောင်းတာ သူတို့ မ​နှင်ထုတ်​နိုင်ဘူး။”—မာကု ၉:၁၇၊ ၁၈

ကျမ်းတတ်​တွေ​က တပည့်​တွေ ကောင်လေး​ကို မ​ကုပေး​နိုင်တဲ့​အတွက် ပြစ်တင်​ဝေဖန်​ပြီး လှောင်ပြောင်​နေကြ​ပုံပဲ။ ယေရှု​က စိတ်​သောက​ရောက်နေတဲ့ အဖေ​ကို ဘာမှ​မပြော​ဘဲ လူအုပ်​ကို “ယုံကြည်ခြင်း​မရှိ၊ ဖောက်ပြန်တဲ့ လူမျိုးဆက်၊ ခင်ဗျားတို့နဲ့​အတူ ကျွန်တော် ဘယ်လောက်​ကြာကြာ ရှိနေ​ရမှာ​လဲ။ ခင်ဗျားတို့ကို ဘယ်လောက်​ကြာကြာ သည်းခံ​နေရမှာ​လဲ” လို့ ပြောလိုက်​တယ်။ ဒီ​ပြင်းထန်တဲ့ စကားတွေက သူ​မရှိတဲ့​အချိန်မှာ တပည့်​တွေကို ပြဿနာ​ရှာနေ​တဲ့ ကျမ်းတတ်​တွေကို ရည်ရွယ်ပြီး ပြော​လိုက်တာ။ ဒီ​နောက် စိတ်​သောက​ရောက်နေတဲ့ အဖေ​ဘက်​လှည့်​ပြီး “အဲဒီ​လူငယ်လေး​ကို ခေါ်လာ​ခဲ့” လို့​ပြောတယ်။—မဿဲ ၁၇:၁၇

ယေရှု​ဆီ​ကို လူငယ်လေး လာ​နေတဲ့​အချိန်မှာ နတ်ဆိုး​က ကောင်လေး​ကို မြေပေါ်​လှဲချပြီး အကြီးအကျယ် တုန်တက်​စေတဲ့​အတွက် ပါးစပ်​ကနေ အ​မြှုပ်​တ​စီ​စီ​ထွက်ပြီး လူးလှိမ့်​နေ​ရှာတယ်။ ဒါနဲ့ ယေရှု​က “ဒီလို​ဖြစ်တာ ဘယ်လောက်​ကြာပြီ​လဲ” လို့​မေးတော့ ဖခင်​ဖြစ်သူ​က “ငယ်ငယ်​ကတည်းက​ပါ။ နတ်ဆိုး​က မီး​ထဲ လဲကျ​အောင် လုပ်လိုက်၊ ရေ​ထဲ​ကျ​အောင် လုပ်လိုက်​နဲ့ ကျွန်တော့်သားကို သေ​အောင် ခဏခဏ လုပ်ပါ​တယ်။ ဆရာ တတ်နိုင်​တယ်​ဆိုရင် ကျွန်တော်တို့ကို သနား​တဲ့​အနေနဲ့ ကုပေး​ပါ” လို့ အသနားခံ​တယ်။—မာကု ၉:၂၁၊ ၂၂

ယေရှုရဲ့ တပည့်​တွေ​က​တောင် သူ့သားရဲ့ ဝေဒနာ​ကို မ​ကုပေး​နိုင်​လို့ ဖခင်​ခမျာ ကြံရာမရ ဖြစ်နေ​ရှာတယ်။ ဒါနဲ့ ယေရှု​က “‘တတ်နိုင်​ရင်’ လို့ ဘာကြောင့် ပြောတာလဲ။ ယုံကြည်ခြင်း​ရှိသူ​အတွက် မဖြစ်နိုင်တာ မရှိဘူး” လို့​ပြောပြီး အားပေး​လိုက်တယ်။ ဖခင်​က ချက်ချင်းပဲ “ကျွန်တော်​ယုံပါတယ်။ ယုံကြည်ခြင်း အားနည်းနေ​သေး​ရင် ခိုင်မာ​လာ​အောင် ကူညီ​ပေးပါ” လို့​ပြောတယ်။—မာကု ၉:၂၃၊ ၂၄

ဒီ​နောက် လူတွေ ဝိုင်းအုံ​လာတာကို ယေရှု​မြင်​တဲ့​အတွက် အဲဒီ​လူတွေ​ရှေ့မှာပဲ နတ်ဆိုး​ကို “နားမကြား​အောင်၊ စကား မပြော​နိုင်အောင် နှောင့်ယှက်​နေတဲ့ နတ်ဆိုး၊ ငါ​အမိန့်​ပေးတယ်။ သူ့​ထဲ​က ထွက်သွား​စမ်း။ ဘယ်တော့မှ ပြန်​မဝင်​နဲ့” လို့ ဆုံးမ​လိုက်တယ်။ နတ်ဆိုး​လည်း အသံကုန်အော်​ဟစ်၊ လူငယ်လေး​ကို တုန်တက်​စေပြီး​မှ ထွက်သွား​တယ်။ လူငယ်လေး​က လူသေ​လို​ဖြစ်နေလို့ “သူ​သေ​သွားပြီ” ဆိုပြီး လူတွေ ပြော​ကြတယ်။ (မာကု ၉:၂၅၊ ၂၆) ဒါပေမဲ့ ယေရှု​က ကောင်လေး​ရဲ့​လက်ကို ကိုင်ပြီး ဆွဲ​ထူ​ပေး​တော့ သူ​ထ​လာတယ်။ “အဲဒီအချိန်မှာ​ပဲ လူငယ်လေး ရောဂါ​ပျောက်​သွားတယ်။” (မဿဲ ၁၇:၁၈) ယေရှု​လုပ်တာကို လူတွေ တအံ့တသြ ဖြစ်​ကြမယ်​ဆိုတာ နားလည်​နိုင်ပါတယ်။

အစောပိုင်း​တုန်း​က သတင်းကောင်း​ဟောပြောဖို့ တပည့်​တွေကို စေလွှတ်​ချိန်မှာ နတ်ဆိုးတွေကို နှင်ထုတ်​နိုင်ခဲ့ကြ​တယ်။ ဒါကြောင့် အခု အိမ်ထဲ​ရောက်​အခါ တပည့်​တွေ​က “ကျွန်တော်တို့​ကျတော့ ဘာလို့ နတ်ဆိုး​ကို မ​နှင်ထုတ်​နိုင်တာလဲ” လို့ ယေရှုကို မေးကြတယ်။ ဒီ​အခါ ယေရှု​က သူတို့မှာ ယုံကြည်ခြင်း နည်းတဲ့​အတွက်​ကြောင့်​လို့ ရှင်းပြ​ပြီး “အဲဒီလို​နတ်ဆိုး​မျိုးကို ဆုတောင်းခြင်းနဲ့​ပဲ နှင်ထုတ်​နိုင်တယ်” လို့ ပြန်ဖြေ​တယ်။ (မာကု ၉:၂၈၊ ၂၉) တန်ခိုး​ကြီးတဲ့ နတ်ဆိုး​ကို နှင်ထုတ်​နိုင်ဖို့ ဘုရားပေး​အခွင့်အာဏာ လိုအပ်တယ်။ အဲဒါကို​ရနိုင်ဖို့ ခိုင်မာတဲ့ ယုံကြည်ခြင်းနဲ့ ဆုတောင်း​ရမယ်။

ယေရှု အခုလို နိဂုံးချုပ်​တယ်– “ကျွန်တော် မှန်တာကို​ပြောမယ်။ ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်းဟာ မုန်ညင်းစေ့​လောက်​ရှိခဲ့ရင် ဒီ​တောင်ကို ‘ဟို​ဘက်​ကို ရွှေ့’ လို့​ပြောရင် ရွှေ့​မှာ​ပဲ။ ခင်ဗျားတို့ မတတ်နိုင်တာ ဘာမှ ရှိ​မှာ​မဟုတ်ဘူး။” (မဿဲ ၁၇:၂၀) ယုံကြည်ခြင်းဟာ တကယ် အစွမ်းထက်​ပါတယ်။

ယေဟောဝါ​ဘုရားရဲ့ အမှုတော် မတိုးတက်အောင် ဟန့်တား​တဲ့ အတားအဆီး​တွေ၊ အခက်အခဲ​တွေဟာ မကျော်လွှားနိုင်၊ မ​ရွှေ့နိုင်​တဲ့ တောင်ကြီး​လို ဖြစ်နေ​ပုံပဲ။ ဒါပေမဲ့ ယုံကြည်ခြင်းကို ပြုစု​ပျိုးထောင်​မယ်​ဆိုရင် တောင်​နဲ့​တူတဲ့ အတားအဆီး​တွေ၊ အခက်အခဲတွေကို အောင်မြင်​ကျော်လွှား​နိုင်​ပါလိမ့်မယ်။