မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၆၃

တမန်တော်တွေကို အရေးကြီးသင်ခန်းစာတွေ သွန်သင်ပေး

တမန်တော်တွေကို အရေးကြီးသင်ခန်းစာတွေ သွန်သင်ပေး

မဿဲ ၁၈:၆-၂၀ မာကု ၉:၃၈-၅၀ လုကာ ၉:၄၉၊ ၅၀

  • လဲကျ​စေခြင်း​အကြောင်း သွန်သင်ပေး

  • ညီအစ်ကို​တစ်ယောက် အပြစ်​လုပ်မိရင်

နောက်လိုက်​တွေ​မှာ ရှိ​ရမယ့် သဘောထား​အကြောင်း ယေရှု ဥပမာ​ပေးခဲ့တယ်။ သူတို့မှာ ကလေးတွေ​လို သဘောထား ရှိရမယ်၊ နှိမ့်ချမှု​ရှိပြီး အဆင့်အတန်း မခွဲခြား​ရ​ဘူး။ တပည့်တွေဟာ ယေရှုရဲ့ “နာမည်ကို​ထောက်​ပြီး ကလေးငယ်​လို လူတစ်ယောက်ကို လက်ခံ” ရင် ယေရှုကို​လည်း လက်ခံ​ရာ​ရောက်တယ်။—မဿဲ ၁၈:၅

တမန်တော်တွေ​ဟာ ဘယ်သူ အကြီးမြတ်ဆုံးလဲ​ဆိုပြီး ငြင်းခုံခဲ့​လို့ ယေရှုရဲ့ စကားတွေကို ဆုံးမ​ပဲ့ပြင်မှု​အဖြစ် သဘောထားကြ​မှာ​ပဲ။ အခု တမန်တော်​ယောဟန်​က အဖြစ်အပျက်​တစ်ခု​အကြောင်း ယေရှုကို ဒီလို​ပြောပြတယ်– “ဆရာ့​နာမည်ကို​သုံးပြီး နတ်ဆိုး​နှင်ထုတ်​နေတဲ့ လူတစ်ယောက်ကို တွေ့ခဲ့တယ်။ ကျွန်တော်တို့​ထဲ​က မဟုတ်လို့ သူ့ကို တား​လိုက်တယ်။”—လုကာ ၉:၄၉

တမန်တော်တွေက​ပဲ ရောဂါ ကုသ​ပေး​ခွင့်၊ နတ်ဆိုး နှင်ထုတ်​ပေး​ခွင့် ရှိတယ်လို့ ယောဟန် ယူဆ​နေတာလား။ ဒါဆိုရင် အဲဒီ​ဂျူး​အမျိုးသား​က နတ်ဆိုးတွေကို ဘယ်လိုလုပ် အောင်မြင်​စွာ နှင်ထုတ်​နေတာလဲ။ သူဟာ ယေရှုနဲ့ တမန်တော်တွေရဲ့ အပေါင်းပါ​မဟုတ်လို့ အံ့ဖွယ်​အမှုတွေ မ​လုပ်သင့်​ဘူးလို့ ယောဟန် ထင်နေတာ​ဖြစ်မယ်။

ယေရှု​က “သူ့ကို မတားပါနဲ့။ ကျွန်တော့်​နာမည်​သုံးပြီး အံ့ဖွယ်​အမှုကို လုပ်တယ်၊ ပြီးတာနဲ့ ကျွန်တော့်​မကောင်းကြောင်း ပြောတဲ့​သူ​ရယ်​လို့ မရှိပါဘူး။ ကျွန်တော်တို့ကို မဆန့်ကျင်​တဲ့​သူဟာ ကျွန်တော်တို့​ဘက်က လူ​ပဲ။ ခင်ဗျားတို့ကို ခရစ်တော်ရဲ့ တပည့်​ဆိုပြီး ရေ​တစ်ခွက် တိုက်​တယ်​ဆိုပါစို့။ ကျွန်တော် မှန်တာကို ပြောမယ်။ သူဟာ အကျိုးကျေးဇူး မခံစားရ​ဘဲ မနေဘူး” လို့​ပြောလိုက်တဲ့​အခါ ယောဟန် အံ့သြ​သွားမှာပဲ။—မာကု ၉:၃၉-၄၁

အဲဒီ​လူ​အနေနဲ့ ခရစ်တော်ရဲ့ ဘက်တော်သား​ဖြစ်ဖို့ ယေရှုနဲ့အတူ သွားလာ​နေဖို့ မလိုပါဘူး။ အဲဒီအချိန်မှာ ခရစ်ယာန်​အသင်းတော်​လည်း မတည်ထောင်​ရ​သေး​ဘူး။ ဒါကြောင့် ယေရှုနဲ့အတူ ခရီး​မသွား​တာ​နဲ့​ပဲ သူဟာ ဆန့်ကျင်သူ​ဖြစ်တယ်၊ အယူမှား​ဝတ်ပြုရေးကို အားပေး​အား​မြှောက် လုပ်နေတယ်လို့ ပြောလို့​မရဘူး။ သူဟာ ယေရှုရဲ့​နာမည်ကို ယုံကြည်သူ​ဖြစ်လို့ ယေရှု​ပြောတဲ့​အရ​ဆိုရင် အကျိုးကျေးဇူး မခံစားရ​ဘဲ မနေဘူး။

တမန်တော်တွေရဲ့ အပြောအဆို၊ အ​ပြု​အမူ​က အဲဒီ​လူကို လဲကျ​စေမယ်​ဆိုရင်ကော။ အဲဒါက ကြီးလေး​တဲ့​အပြစ်​ဖြစ်မှန်း ယေရှု ဒီလို​ပြောတယ်– “ယုံကြည်ခြင်း​ရှိပြီး ကလေးငယ်​နဲ့​တူတဲ့ ဟောဒီ​လူတွေကို လဲကျ​စေ​သူ​ဆိုရင်တော့ ကြိတ်ဆုံကျောက်​ကြီး​ကို လည်မှာ​ဆွဲပြီး ပင်လယ်ထဲ ပစ်ချ​ခံ​လိုက်ရတာက ပို​ကောင်းဦးမယ်။” (မာကု ၉:၄၂) လက်၊ ခြေထောက်၊ မျက်စိ​တို့​လို အဖိုးတန်​တဲ့​အရာ ဖြစ်​နေပါ​စေ ကိုယ့်ကို အပြစ်​ကျူးလွန်မိ​အောင် လုပ်တယ်​ဆိုရင် အဲဒါတွေကို ဖယ်ရှားပစ်​လိုက်ပါ​လို့ နောက်လိုက်​တွေကို ယေရှု​ဆက်ပြောတယ်။ ဂေဟင်နာ​အရပ် (ဟိန်နုံ​ချိုင့်ဝှမ်း) ကို​ရောက်​တာ​ထက် အဲဒီ​အဖိုးတန်​အရာတွေ မပါဘဲ ဘုရား​နိုင်ငံတော်​ဝင်ခွင့်​ရတာ ပို​ကောင်းတယ်။ ဂျေရုဆလင်​မြို့အနီး၊ အမှိုက်​တွေကို မီးရှို့​တဲ့​နေရာ​ဖြစ်တဲ့ အဲဒီ​ချိုင့်ဝှမ်း​ကို တမန်တော်တွေ မြင်ဖူး​မှာ​ပဲ။ ဒါကြောင့် အဲဒါက ထာဝရ​ပျက်စီးခြင်းကို တင်စား​မှန်း သူတို့ သဘောပေါက်​ကြတယ်။

ဒါ့အပြင် ယေရှု အခုလို သတိပေး​တယ်– “ကလေးငယ်​နဲ့​တူတဲ့ ဟောဒီ​လူတွေကို မထီလေးစား မ​လုပ်မိ​စေ​နဲ့။ ကျွန်တော်​ပြောမယ်။ သူတို့ရဲ့ ကောင်းကင်တမန်တွေ​က ကောင်းကင်မှာ စံမြန်းတဲ့ အဖ​ဘုရားရဲ့ ရှေ့မှောက်​မှာ အမြဲ​ခစား​နေကြ​တယ်။” “ကလေးငယ်​နဲ့ တူတဲ့” လူတွေဟာ အဖဘုရား​အတွက် ဘယ်လောက် တန်ဖိုး​ရှိသလဲ။ သိုး​အကောင် ၁၀၀ ရှိတဲ့​အထဲက တစ်ကောင်​ပျောက်သွားတဲ့ လူတစ်ယောက်​အကြောင်း ယေရှု​ပြောပြတယ်။ အဲဒီ​လူက ၉၉ ကောင်​ကို ထားခဲ့ပြီး ပျောက်သွားတဲ့ သိုး​တစ်ကောင်​ကို လိုက်ရှာ​တယ်။ တွေ့​တဲ့အခါ သိုး ၉၉ ကောင်​ထက် ပြန်တွေ့​တဲ့​ သိုး​အတွက် ပို​ဝမ်းသာ​နေတယ်။ ယေရှု​က “ကောင်းကင်မှာ စံမြန်းတဲ့ အဖ​ဘုရားက ကလေးငယ်​နဲ့​တူတဲ့ ဟောဒီ​လူတွေကို တစ်ယောက်မှ မပျက်စီး​စေချင်ဘူး” လို့​ဆက်ပြောတယ်။—မဿဲ ၁၈:၁၀၊ ၁၄

ဘယ်သူ အကြီးမြတ်ဆုံးလဲ​ဆိုပြီး တမန်တော်တွေ ငြင်းခုံခဲ့​တာ​ကို ယေရှု ပြန်​စဉ်းစားမိ​တာ​ကြောင့် “ခင်ဗျားတို့လည်း အ​ငန်​ဓာတ်​ရှိတဲ့ ဆား​လို​ဖြစ်​ကြပါ။ အဲဒီလို​ဆိုရင် အချင်းချင်း သင့်သင့်မြတ်မြတ် ဖြစ်နေကြ​လိမ့်မယ်” လို့​တိုက်တွန်း​တယ်။ (မာကု ၉:၅၀) ဆား​က အစားအသောက်​တွေကို ပို​အရသာ​ရှိစေတယ်။ ပုံဆောင်​ဆား​က​လည်း အဲဒီလို​ပါပဲ။ လူတစ်ယောက်​ပြောလိုက်တဲ့​စကားကို လက်ခံရ ပိုလွယ်​ကူ​စေ​တာ​မို့ ငြိမ်သက်ခြင်းကို ဆက်​ထိန်းသိမ်း​ထား​နိုင်တယ်။ ငြင်းခုံ စကားများ​တာ​ကတော့ ငြိမ်သက်ခြင်းကို မဖြစ်စေ​ဘူး။—ကောလောသဲ ၄:၆

တစ်ခါတလေ ကြီးလေး​တဲ့​ပြဿနာ​တွေ ပေါ်လာ​နိုင်တယ်။ ဒီ​အခါ ဘယ်လို ဖြေရှင်း​ရမယ်ဆိုတာ ယေရှု အခုလို ပြောတယ်– “ညီအစ်ကို​က အပြစ်​တစ်ခုခု​လုပ်ရင် သူနဲ့ နှစ်ယောက်​ချင်း တွေ့ပြီး သူ့​အမှား​ကို ပြောပြပါ။ ကိုယ့်​စကားကို သူ​နားထောင်တယ်​ဆိုရင် သူ့ကို လမ်းမှန်​ရောက်အောင် လုပ်နိုင်ပြီ။” နားမထောင်ဘူး ဆိုရင်ကော။ “လူတစ်ယောက် နှစ်ယောက်ကို ခေါ်သွား​ပါ။ ဘယ်​ကိစ္စ​မဆို သက်သေ​နှစ်ယောက် ဒါမှမဟုတ် သုံးယောက်​ရဲ့ ထွက်ဆိုချက်​ရှိ​မှ အ​တည်​ဖြစ်တယ်” လို့ ယေရှု အကြံပေး​တယ်။ ဒါလည်း ဖြေရှင်း​လို့​မရ​သေး​ဘူးဆိုရင် “အသင်းတော်ကို အကြောင်းကြား​ပါ။” ပြောချင်တာ​က ဆုံးဖြတ်ချက်​ချနိုင်​တဲ့ တာဝန်​ရှိ အကြီးအကဲ​တွေကို အကြောင်းကြား​ရမယ်။ ဒါတောင်မှ အပြစ်​လုပ်​သူက နားမထောင်​သေး​ဘူး ဆိုရင်ကော။ “သူ့ကို လူမျိုးခြား၊ အခွန်ခံ​လို့​ပဲ သတ်မှတ်​လိုက်ပါ။” ဂျူးတွေ​က လူမျိုးခြားတွေ၊ အခွန်ခံ​တွေကို အပေါင်းအသင်း မလုပ်ကြဘူး။—မဿဲ ၁၈:၁၅-၁၇

အသင်းတော် ကြီးကြပ်မှူးတွေ​ဟာ ဘုရားရဲ့ တရားစကားကို လိုက်နာ​ရမယ်။ လူတစ်ယောက်​ဟာ အပြစ်​ရှိတယ်၊ သူ့ကို ဆုံးမ​ ပဲ့ပြင်​ပေး​ဖို့ လိုအပ်တယ်လို့ သူတို့​ဆုံးဖြတ်​ရင် “ကောင်းကင်မှာ ချည်နှောင်​ပြီးသား ဖြစ်လိမ့်မယ်။” ဒါပေမဲ့ လူတစ်ယောက်မှာ အပြစ်​မရှိဘူးလို့ သူတို့​ဆုံးဖြတ်​ရင် “ကောင်းကင်မှာ ဖြေလွှတ်​ပြီးသား ဖြစ်လိမ့်မယ်။” ဒီ​လမ်းညွှန်ချက်တွေ​က ခရစ်ယာန်​အသင်းတော် တည်ထောင်ချိန်​မှာ အများကြီး အကျိုး​ပြုပါ​လိမ့်မယ်။ အဲဒီလို ကြီးလေး​တဲ့​ကိစ္စတွေကို ဆွေးနွေး​တိုင်ပင်​တာ​နဲ့ ပတ်သက်ပြီး ယေရှု​က “လူ​နှစ်ယောက် သုံးယောက်​က ကျွန်တော့်​နာမည်​နဲ့ စုဝေး​တယ်​ဆိုရင် သူတို့နဲ့အတူ ကျွန်တော်​ရှိနေမှာ” လို့​ပြောတယ်။​—မဿဲ ၁၈:၁၈-၂၀