မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၆၇

“သူဟောသလို ဘယ်သူမှ မဟောဖူးဘူး”

“သူဟောသလို ဘယ်သူမှ မဟောဖူးဘူး”

ယောဟန် ၇:၃၂-၅၂

  • ယေရှုကို​ဖမ်းဖို့ အစောင့်​ရဲမက်တွေ​ကို စေလွှတ်

  • ယေရှု​အကျိုးအတွက် နိ​ကော​ဒင် ပြောပေး

တဲ​နေ​ပွဲတော်​အတွင်း ဂျေရုဆလင်​မြို့မှာ ယေရှု ရှိနေသေး​တယ်။ “လူ​အတော်များများ​ကတော့ ယေရှုကို ယုံကြည်” လာလို့ ဝမ်းသာ​နေတယ်။ ဒါပေမဲ့ ဘာသာရေး ခေါင်းဆောင်​တွေ​ကတော့ ၀မ်း​မသာ​နိုင်ဘူး။ ဒါကြောင့် သူ့ကို​ဖမ်းဖို့ အစောင့်​ရဲမက်တွေ​ကို လွှတ်လိုက်တယ်။ (ယောဟန် ၇:၃၁၊ ၃၂) ဒါပေမဲ့ ယေရှု ပုန်းရှောင်​ဖို့ မကြိုးစား​ဘူး။

အဲဒီအစား ဂျေရုဆလင်​မြို့မှာ လူရှေ့​သူ​ရှေ့ ဆက်​သွန်သင်​ပေးတယ်။ “ကျွန်တော်က ခင်ဗျားတို့နဲ့ ခဏ​ပဲ နေရမှာ။ ပြီးရင် စေလွှတ်​လိုက်တဲ့ အရှင်​ဆီ သွားတော့​မယ်။ ကျွန်တော့်ကို​ရှာ​ရင်​လည်း တွေ့​မှာ​မဟုတ်ဘူး။ ကျွန်တော်​သွားမယ့် နေရာကို ခင်ဗျားတို့ မလာနိုင်ဘူး” လို့ ယေရှု​ပြောတယ်။ (ယောဟန် ၇:၃၃၊ ၃၄) ဂျူးတွေ​က နားမလည်​တော့ “သူ့ကို မ​တွေ့​ဘူး​ပြော​ရအောင် သူက ဘယ်​သွားမှာ​မို့​လို့​လဲ။ ဂရိ​လူမျိုး​တွေ​ကြားထဲ တ​ကွဲ​တ​ပြား ရောက်နေတဲ့ ဂျူးတွေဆီ​သွားပြီး ဂရိ​လူတွေကို သွန်သင်​မ​လို့​များလား။ သူက ဘာ​အဓိပ္ပာယ်​နဲ့ ‘ကျွန်တော့်ကို ရှာ​ရင်​လည်း တွေ့​မှာ​မဟုတ်ဘူး။ ကျွန်တော်​သွားမယ့် နေရာကို ခင်ဗျားတို့ မလာနိုင်ဘူး’ လို့​ပြောတာလဲ” ဆိုပြီး အချင်းချင်း ပြော​ကြတယ်။ (ယောဟန် ၇:၃၅၊ ၃၆) ယေရှု​က သူ့ရဲ့​သေခြင်းနဲ့ ကောင်းကင်​အသက်တာ ထမြောက်ခြင်း​အကြောင်း ပြော​နေတာ။ သူ့​ရန်သူတွေ​ဟာ ကောင်းကင်ကို လိုက်​လာနိုင်​မှာ မဟုတ်ဘူး။

ပွဲတော် ခုနစ်​ရက်​မြောက်​နေ့ ရောက်လာပြီ။ ပွဲတော်​အတွင်း မနက်​တိုင်းမှာ ပုရောဟိတ်​တစ်ယောက်က ရှိ​လောင်​ရေကန်​က ရေ​ကို​ယူပြီး လောင်း​တဲ့အခါ အဲဒီ​ရေ​က ဗိမာန်တော် ယဇ်​ပလ္လင်​ခြေရင်း​ကို စီး​သွားတယ်။ အခု ယေရှု​ပြောတဲ့​စကားတွေက အဲဒီ​ထုံးစံ​အကြောင်း လူတွေကို ပြန်​အမှတ်ရ​စေမှာ​ပဲ။ ယေရှု​က “ရေငတ်​သူတွေ ကျွန်တော့်​ဆီ​လာပြီး သောက်​ကြပါ။ ကျွန်တော့်ကို ယုံကြည်​သက်ဝင်​သူဟာ ကျမ်းစာမှာ ပြော​ထားသလိုပဲ ‘သူ့ဆီကနေ အသက်​စမ်းရေ စီးဆင်း​လိမ့်မယ်’” လို့​ခပ်​ကျယ်ကျယ် ပြောလိုက်​တယ်။—ယောဟန် ၇:၃၇၊ ၃၈

တပည့်​တွေ ကောင်းကင်​အသက်တာကို ခေါ်တော်မူခြင်း​ခံရဖို့ သန့်ရှင်းသော​စွမ်းအားတော်​နဲ့ ဘိသိက်ပေး​ခံရချိန်မှာ ဘာဖြစ်​ပျက်​မယ်​ဆိုတာ ယေရှု ပြောနေခြင်း​ဖြစ်တယ်။ အဲဒါက ယေရှု​သေ​ပြီးနောက်၊ တစ်နည်းအားဖြင့် နောက်​နှစ် ပင်တေကုတ္တေပွဲ​နေ့မှာ ဖြစ်ပျက်ခဲ့တာ။ အဲဒီ​နေ့မှာ စွမ်းအားတော်​နဲ့ ဘိသိက်ပေး​ခံရတဲ့ တပည့်တွေဟာ လူတွေကို အမှန်တရား​အကြောင်း စတင် ဟောပြော​ကြတယ်။ ဒီ​နည်း​အားဖြင့် အဲဒီအချိန်မှာ အသက်​စမ်းရေ စတင် စီးဆင်းလာ​တယ်။

ယေရှုရဲ့​သွန်သင်ချက်ကို ကြားတဲ့​အခါ တချို့က “သူဟာ ပေါ်ထွန်း​လာမယ့် ပရောဖက်​ပဲ” လို့​ပြော​ကြတယ်။ မောရှေ​ထက် ကြီးမြတ်​တဲ့ ပရောဖက် ပေါ်ထွန်း​မယ်​လို့ ကြိုဟော​ထားတာကို ရည်ညွှန်း​တာ​ဖြစ်တယ်။ တချို့ကျတော့ “ဒီ​လူဟာ ခရစ်တော်​ပဲ” တဲ့။ တချို့ကျတော့​လည်း “ခရစ်တော်​က ဂါလိလဲ​နယ်​ကနေ ပေါ်ထွန်း​ပါ့မလား။ ခရစ်တော်ဟာ ဒါဝိဒ်​မျိုးရိုး​ကနေ ဆင်းသက်လာ​သူ၊ ဒါဝိဒ်​ရဲ့​ဇာတိ ဘက်သလီဟင်​ရွာသား ဖြစ်ရမယ်​လို့ ကျမ်းစာ​မှာ ရေးထားတယ်​မဟုတ်လား” လို့​ပြော​ကြတယ်။—ယောဟန် ၇:၄၀-၄၂

ဒီလိုနဲ့ ယေရှုနဲ့​ပတ်သက်ပြီး စိတ်ဝမ်းကွဲ​သွားကြတယ်။ တချို့က ယေရှုကို ဖမ်း​ချင်​ပေမဲ့ ဘယ်သူမှ မ​ဖမ်း​နိုင်ကြဘူး။ အစောင့်​ရဲမက်​တွေ​က ယေရှုကို​ မ​ဖမ်း​ဘဲ ပြန်​လာတော့ ပုရောဟိတ်ကြီးတွေ​နဲ့ ဖာရိရှဲ​တွေက “သူ့ကို ဘာလို့ မ​ဖမ်း​ခဲ့​တာလဲ” လို့​မေးတယ်။ အစောင့်​ရဲမက်တွေ​က “သူ​ဟောသလို ဘယ်သူမှ မ​ဟော​ဖူး​ဘူး” လို့​ဖြေတယ်။ ဒီ​အခါ ဖာရိရှဲတွေက ဒေါသတကြီး​နဲ့ “မင်းတို့​ပါ လှည့်စား​ခံ​လိုက်​ရပြီ​ကိုး။ ခေါင်းဆောင်​တွေ၊ ဖာရိရှဲတွေ​ထဲမှာ သူ့ကို​ယုံကြည်တဲ့​သူ တစ်ယောက်​တ​လေ ရှိလို့လား။ ပညတ်တရားကို မသိတဲ့ အဲဒီ​လူတွေကတော့ ကျိန်ခြင်းခံရ​သူတွေ​ပဲ” လို့ လှောင်ပြောင်၊ ရှုတ်ချ​ပြောဆို​ကြတယ်။—ယောဟန် ၇:၄၅-၄၉

ဒီ​အခါ ဖာရိရှဲ​လည်း​ဖြစ်၊ ဂျူး​တရားရုံးချုပ် အဖွဲ့ဝင်​လည်း​ဖြစ်တဲ့ နိ​ကော​ဒင်​က ယေရှု​အကျိုးအတွက် မကြောက်မရွံ့ ပြောပေး​တယ်။ လွန်ခဲ့တဲ့​နှစ်နှစ်ခွဲ​လောက်​က နိ​ကော​ဒင်​ဟာ ညဘက်မှာ ယေရှု​ဆီ​လာတဲ့ အချိန်​က​စပြီး ယေရှုကို ယုံကြည်သက်ဝင်​ခဲ့​တာ။ အခု သူက “ပညတ်တရား​အရ လူတစ်ယောက်ကို တရား​စီရင်​မယ်​ဆိုရင် သူ​ဘာလုပ်ခဲ့​မှန်း သိရ​အောင် သူ့​အမှုကို အရင်ဆုံး ကြားနာ​ရမယ် မဟုတ်လား” လို့​ပြောတယ်။ သူ့​စကားကို ဘယ်လို ချေပ​ကြသလဲ။ သူတို့က “ခင်ဗျား​က ဂါလိလဲ​နယ်သား မို့​လို့လား။ ကျမ်းစာကို ဆန်းစစ်ကြည့်​လိုက်​ဦး။ ဂါလိလဲ​နယ်​ကနေ ပရောဖက်​တစ်ယောက်မှ မပေါ်​ထွန်း​ဘူးဆို​တာ သိ​လိမ့်မယ်” လို့​ပြော​ကြတယ်။—ယောဟန် ၇:၅၁၊ ၅၂

ဂါလိလဲ​နယ်​ကနေ ပရောဖက်​ပေါ်ထွန်း​မယ်​လို့ ကျမ်းစာမှာ တိုက်ရိုက်​မပြော​ထားပါ​ဘူး။ ဒါပေမဲ့ “လူမျိုးခြားတွေ​နေထိုင်တဲ့ ဂါလိလဲ​နယ်” မှာ “တောက်ပတဲ့ အလင်း” ကို​မြင်ရမယ်​လို့ ကြိုဟော​ထားလို့ အဲဒီ​နယ်​ကနေ ခရစ်တော်​ပေါ်​လာမယ်​ဆိုပြီး ကျမ်းစာ​ထောက်ပြ​တယ်။ (ဟေရှာယ ၉:၁၊ ၂။ မဿဲ ၄:၁၃-၁၇) ဒါ့အပြင် ကြို​ဟောထားတဲ့​အတိုင်း ယေရှုဟာ ဘက်သလီဟင်​မြို့မှာ မွေးဖွား​လာပြီး ဒါဝိဒ်​မျိုးရိုး​လည်း ဖြစ်တယ်။ ဒါကို ဖာရိရှဲတွေ​သိပေမဲ့ ယေရှုနဲ့​ပတ်သက်ပြီး လူတွေ တလွဲ​ယူဆ​အောင် အမျိုးမျိုး သတင်းဖြန့်​ခဲ့​ကြတယ်။