အခန်း ၇၂
ဟောပြောဖို့ တပည့် ၇၀ ကိုစေလွှတ်
-
တပည့် ၇၀ ကိုရွေးချယ်ပြီး ဟောပြောဖို့ စေလွှတ်
အေဒီ ၃၂ အကုန်ပိုင်း ရောက်နေပြီ။ ယေရှု နှစ်ခြင်းခံပြီးတာ သုံးနှစ်နီးပါး ရှိတော့မယ်။ သူနဲ့ တပည့်တွေဟာ ဂျေရုဆလင်မှာ တဲနေပွဲ တက်ပြီးတာ သိပ်မကြာသေးဘူး။ ဂျေရုဆလင်မြို့ အနီးအနားမှာ သူတို့ ရှိနေသေးပုံပဲ။ (လုကာ ၁၀:၃၈။ ယောဟန် ၁၁:၁) တကယ်တော့ ယေရှုဟာ ကျန်တဲ့ အမှုဆောင်ချိန်ခြောက်လကို အများအားဖြင့် ယုဒနယ်မှာ ဒါမှမဟုတ် ဂျော်ဒန်မြစ်တစ်ဖက်ကမ်း ပေရိယနယ်မှာ ကုန်လွန်ခဲ့တယ်။ အဲဒီဒေသတွေမှာလည်း ဟောပြောဖို့ လိုနေသေးတယ်။
အေဒီ ၃၀၊ ပသခါပွဲပြီးတဲ့နောက် ယေရှုဟာ ယုဒနယ်မှာ လအနည်းငယ် ဟောပြောခဲ့ပြီး ရှမာရိနယ်တစ်ခွင် ခရီးလှည့်လည်ခဲ့တယ်။ ဒီနောက် အေဒီ ၃၁၊ ပသခါပွဲအချိန်လောက်မှာ ဂျေရုဆလင်မြို့ကဂျူးတွေ ယေရှုကို သတ်ဖို့ ကြိုးစားကြတယ်။ နောက်တစ်နှစ်ခွဲလုံးလုံး ယေရှုဟာ မြောက်ပိုင်း ဂါလိလဲနယ်မှာ အဓိက ဟောပြောသွန်သင်ခဲ့တယ်။ အဲဒီအချိန်အတွင်း လူများစွာဟာ ယေရှုနောက်လိုက် ဖြစ်လာကြတယ်။ ဂါလိလဲနယ်မှာ ယေရှုက တမန်တော်တွေကို လေ့ကျင့်ပေးပြီးနောက် “‘ကောင်းကင်နိုင်ငံ နီးနေပြီ’ ဆိုပြီး ဟောပြောကြပါ” လို့ မှာကြားပြီး လွှတ်လိုက်တယ်။ (မဿဲ ၁၀:၅-၇) အခုတော့ ယုဒနယ်မှာ ဟောပြောခြင်းကင်ပိန်း တစ်ခုကို သူစီစဉ်ဖွဲ့စည်းတယ်။
ဒီကင်ပိန်းကို စတင်ဖို့ တပည့် ၇၀ ကို ရွေးချယ်ပြီး နှစ်ယောက်တစ်တွဲစီ စေလွှတ်တယ်။ တပည့် ၃၅ တွဲဟာ ‘စပါးရိတ်စရာ အများကြီးရှိပြီး လုပ်သားတွေ နည်းနေတဲ့’ ဒေသမှာ ဟောပြောကြတယ်။ (လုကာ ၁၀:၂) သူတို့ ရှေ့ကသွားနှင့်တဲ့ နေရာတွေကို ယေရှု လိုက်လာမှာဖြစ်တယ်။ တပည့် ၇၀ ဟာ လူနာတွေကို ကုသပေးတယ်။ ယေရှုဟောပြောတဲ့ သတင်းကိုပဲ ဟောပြောကြတယ်။
တပည့်တွေဟာ တရားဇရပ်တွေမှာ သွန်သင်ပေးဖို့ပဲ အာရုံမစိုက်သင့်ဘူး။ ယေရှုက အိမ်တွေကိုသွားပြီး ဟောပြောဖို့ မှာတယ်။ “အိမ်ထဲဝင်တာနဲ့ ‘ဒီအိမ်မှာ ငြိမ်သက်ခြင်းရှိပါစေ’ လို့ အရင်ပြောပါ။ အဲဒီအိမ်မှာ ငြိမ်သက်ခြင်းလိုလားသူရှိရင် သူ့အပေါ် ငြိမ်သက်ခြင်း တည်နေလိမ့်မယ်” လို့ပြောတယ်။ သူတို့ ဘာသတင်းကို ဟောရမလဲ။ “‘ဘုရားသခင့်နိုင်ငံတော် နီးနေပြီ’ လို့ဟောပါ” ဆိုပြီး ယေရှုမှာတယ်။—လုကာ ၁၀:၅-၉။
တပည့် ၇၀ ကို ပေးတဲ့ ညွှန်ကြားချက်တွေဟာ လွန်ခဲ့တဲ့ တစ်နှစ်လောက်တုန်းက တမန်တော် ၁၂ ယောက်ကိုပေးခဲ့တဲ့ ညွှန်ကြားချက်တွေနဲ့ အတူတူပဲ။ သူတို့ကို လူတိုင်း လက်ခံမှာ မဟုတ်ဘူးဆိုပြီး ယေရှု သတိပေးတယ်။ ဒါပေမဲ့ သူတို့ ကြိုးစားဟောပြောတာက လက်ခံနားထောင်သူတွေကို အသင့်ပြင်ပေးမှာဖြစ်လို့ မကြာခင် ယေရှုရောက်လာတဲ့အခါ သခင်ယေရှုနဲ့ တွေ့ဖို့၊ သင်ယူဖို့ ဆန္ဒပြင်းပြနေကြပါလိမ့်မယ်။
မကြာပါဘူး။ နိုင်ငံတော်သတင်း ဟောပြောသူ ၃၅ တွဲဟာ ယေရှုဆီ ပြန်လာတယ်။ “သခင်၊ သခင့်နာမည်ကို သုံးပြီး နတ်ဆိုးတွေကိုတောင် ကျွန်တော်တို့ အနိုင်ရခဲ့ပြီ” လို့ ဝမ်းသာအားရ ပြောပြကြတယ်။ ဒီသတင်းကြောင့် ယေရှု ကျေနပ်အားရသွားပြီး “စာတန်ဟာ လျှပ်စီးလို ကောင်းကင်ကနေ ကျသွားတာကို ကျွန်တော်မြင်တယ်။ မြွေတွေ၊ ကင်းမြီးကောက်တွေကို နင်းခြေနိုင်တဲ့ တန်ခိုးအာဏာ၊ ရန်သူ့တန်ခိုး အလုံးစုံကို နှိမ်နင်းနိုင်တဲ့ တန်ခိုးအာဏာ ခင်ဗျားတို့ကို ကျွန်တော် အပ်နှင်းလိုက်ပြီ” လို့ပြောတယ်။—လုကာ ၁၀:၁၇-၁၉။
ဒီလိုနည်းနဲ့ ယေရှုက နောက်လိုက်တွေဟာ အန္တရာယ်ဖြစ်စေတဲ့အရာတွေကို အနိုင်ရမယ်၊ ပုံဆောင်သဘောအရ မြွေတွေ၊ ကင်းမြီးကောက်တွေကို နင်းခြေနိုင်မယ်ဆိုပြီး ပြောနေတာ။ ဒါ့အပြင် အနာဂတ်မှာ စာတန် ကောင်းကင်ကနေ ကျလာမယ်ဆိုတာ သူတို့ စိတ်ချနိုင်တယ်။ ရေရှည်မှာ ဘာက အရေးကြီးဆုံးလဲ ဆိုတာကို တပည့် ၇၀ နားလည်အောင် အခုလို ပြောတယ်– “နတ်ဆိုးတွေကို အနိုင်ရလို့ ဝမ်းမသာပါနဲ့။ ကောင်းကင်မှာ နာမည်စာရင်းဝင်လို့ ဝမ်းသာကြပါ။”—နှိမ့်ချတဲ့ ကျေးကျွန်တွေကို အဲဒီလိုနည်းနဲ့ အသုံးပြုတဲ့အတွက် ယေရှု ဝမ်းသာအားရဖြစ်ပြီး အဖဘုရားကို လူအများရှေ့မှာ ချီးမွမ်းတယ်။ ပြီးတော့ တပည့်တွေဘက် လှည့်ပြီး “ခင်ဗျားတို့ မြင်တဲ့အရာကို မြင်ရသူတွေဟာ ပျော်ရွှင်ချမ်းမြေ့သူတွေပဲ။ ကျွန်တော် ပြောမယ်။ ပရောဖက်တွေ၊ ဘုရင်တွေက ခင်ဗျားတို့ မြင်ရတာတွေကို မြင်ချင်ပေမဲ့ မြင်ခွင့်မရခဲ့ဘူး။ ခင်ဗျားတို့ ကြားရတာတွေကို ကြားချင်ပေမဲ့ ကြားခွင့်မရခဲ့ဘူး” လို့ပြောတယ်။—လုကာ ၁၀:၂၃၊ ၂၄။