မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၇၆

ဖာရိရှဲတစ်ဦးနဲ့အတူ စားသောက်ခြင်း

ဖာရိရှဲတစ်ဦးနဲ့အတူ စားသောက်ခြင်း

လုကာ ၁၁:၃၇-၅၄

  • သူတော်ကောင်း ယောင်ဆောင်တဲ့ ဖာရိရှဲတွေကို ပြစ်တင်​ရှုတ်ချ

ယုဒနယ်မှာ​ရှိနေတုန်း ယေရှုကို ဖာရိရှဲ​တစ်ဦး​က စားသောက်ဖို့ ဖိတ်​တယ်။ အဲဒါက နေ့လယ်​စာ​ဖြစ်နိုင်တယ်။ (လုကာ ၁၁:၃၇၊ ၃၈။ လုကာ ၁၄:၁၂ နဲ့​နှိုင်းယှဉ်ပါ။) ဖာရိရှဲတွေ​ဟာ အစာ​မစားခင်​ တံတောင်ဆစ်​အထိ လက်ဆေးတဲ့​ထုံးစံ​ ရှိတယ်။ ယေရှု​ကတော့ အဲဒီလို မ​လုပ်​ဘူး။ (မဿဲ ၁၅:၁၊ ၂) တံတောင်ဆစ်​အထိ လက်​ဆေး​တာ​က ဘုရား​ပညတ်ကို ချိုးဖောက်​ရာ မ​ရောက်​ပေမဲ့ အဲဒီလိုလုပ်​ရမယ်လို့ ဘုရားသခင် မတောင်းဆို​ထားဘူး။

အဲဒီ​ထုံးစံ​အတိုင်း ယေရှု မလိုက်​တာ​ကို​တွေ့​တော့ ဖာရိရှဲ အံ့သြ​နေတယ်။ ဒါကို ယေရှု​သိတဲ့​အတွက် “ဖာရိရှဲ​တို့၊ ခင်ဗျားတို့​က အိုးခွက်​အပြင်ဘက်​ကို ဆေးကြော​ပါ​ရဲ့။ အတွင်းမှာ​တော့ လောဘ​တွေ၊ ကောက်ကျစ်​မှု​တွေ ပြည့်နေ​တယ်။ ဆင်ခြင်ဉာဏ်​မဲ့​သူတို့၊ အပြင်​ပိုင်း​ကို ဖန်ဆင်းတဲ့​ဘုရားက အတွင်းပိုင်း​ကိုလည်း ဖန်ဆင်း​ထားတယ် မဟုတ်လား” လို့​ပြောလိုက်​တယ်။—လုကာ ၁၁:၃၉၊ ၄၀

အစာ​မစား​ခင် လက်​ဆေး​တာ​က အရေးကြီး​ကိစ္စ မဟုတ်ဘူး။ ဘာသာရေး အရေခြုံ​ဟန်ဆောင်​တာ​ကမှ အရေးကြီး​ကိစ္စ​ဖြစ်တယ်။ ဖာရိရှဲနဲ့ တခြား​သူတွေဟာ ထုံးစံ​အရ လက်​ဆေး​ပေမဲ့ စိတ်နှလုံးထဲမှာ​ရှိတဲ့ ဆိုးညစ်​မှု​တွေကို​တော့ မ​ဆေးကြော​ကြဘူး။ ဒါကြောင့် ယေရှု​က “စေတနာ​စိတ်နဲ့ ပေးကမ်းခြင်း​အားဖြင့် နွမ်းပါး​သူတွေကို ကောင်းမှုပြု​ကြပါ။ ဒါဆိုရင် အရာရာတိုင်းမှာ ခင်ဗျားတို့ စင်ကြယ်​သွား​လိမ့်မယ်” လို့​ဆုံးမတယ်။ (လုကာ ၁၁:၄၁) သိပ်​မှန်တဲ့ စကားတွေ​ပါပဲ။ စေတနာ​စိတ်နဲ့ ပေးကမ်းသင့်တယ်၊ သူတော်ကောင်း ယောင်ဆောင်​ပြီး လူ​အထင်ကြီး​အောင် ပေးကမ်း​တာ​မျိုး မဖြစ်သင့်ဘူး။

ဖာရိရှဲတွေကတော့ အဲဒီလို မဟုတ်​ကြဘူး။ ဒါကြောင့် ယေရှု အခုလို​ပြောတယ်– “ခင်ဗျားတို့​က ပင်​စိမ်း၊ စ​မြိတ်၊ ဆေး​ဖက်​ဝင်​အပင် အမျိုးမျိုးကို ဆယ်ဖို့တစ်ဖို့ ပေးလှူ​ပေမဲ့ ဘုရားသခင်​လို တရား​မျှတ​ဖို့၊ မေတ္တာ​ပြဖို့​ကျတော့ လျစ်လျူရှု​ထား​ကြတယ်။ ဆယ်ဖို့​တစ်ဖို့​ ပေးလှူ​ရမှာ မှန်ပေမဲ့ ဘုရားသခင်​လို တရား​မျှတ​ဖို့၊ မေတ္တာ​ပြဖို့​ကိုလည်း မေ့မထားသင့်​ဘူး။” (လုကာ ၁၁:၄၂) ဘုရား​ပညတ်​မှာ ကောက်ပဲသီးနှံ​တွေကို ဆယ်ဖို့တစ်ဖို့ ပေးလှူ​ဖို့ တောင်းဆို​ထားတယ်။ (တရားဟောရာ ၁၄:၂၂) အဲဒီ​ထဲမှာ ဟင်းခတ်​အမွှေးအကြိုင်​အဖြစ် အသုံးပြုတဲ့ ပင်​စိမ်း၊ စ​မြိတ်​နဲ့ တခြား​အပင်​တွေ​ပါတယ်။ ဖာရိရှဲတွေ​ဟာ အဲဒီ​အပင်​တွေကို ဆယ်ဖို့တစ်ဖို့​အနေနဲ့ အတိအကျ ပေးလှူ​ပေမဲ့​ တရား​မျှတ​ခြင်း၊ ဘုရား​ရှေ့မှာ ကျိုးနွံခြင်း​လို​မျိုး ပညတ်တရားမှာ တောင်းဆို​ထားတဲ့ ပို​အရေးကြီးတဲ့​အရာတွေကို​တော့​ လျစ်လျူရှု​ထား​ကြတယ်။—မိက္ခာ ၆:၈

“ဖာရိရှဲ​တို့၊ ခင်ဗျားတို့ အဖြစ်ဆိုး​ကြုံ​ရလိမ့်မယ်။ ခင်ဗျားတို့​က တရားဇရပ်​ဆိုရင် ရှေ့ဆုံး​ခုံ​မှာ ထိုင်​ချင်တယ်။ စျေး​မှာ ရိုရို​သေသေ နှုတ်ဆက်​တာ​ကို ခံ​ချင်တယ်။ ခင်ဗျားတို့ အဖြစ်ဆိုး​ကြုံ​ရလိမ့်မယ်။ ခင်ဗျားတို့ဟာ မမြင်သာ​တဲ့ သင်္ချိုင်းတွင်း​တွေ​နဲ့ တူတယ်။ လူတွေက သင်္ချိုင်းတွင်း​မှန်း မသိဘဲ အဲဒီ​အပေါ်​မှာ သွားလာ​ကြတယ်” လို့ ယေရှု​ဆက်ပြောတယ်။ (လုကာ ၁၁:၄၃၊ ၄၄) လူတွေက သင်္ချိုင်းတွင်း ရှိ​မှန်း​မသိဘဲ သွားလာ​မိ​တဲ့အခါ မသန့်​မ​ရှင်း ဖြစ်သွားတယ်။ အဲဒီ​အချက်ကို​သုံးပြီး ယေရှု​က ဖာရိရှဲ​တွေ​ရဲ့ မသန့်ရှင်းမှု​ဟာ မမြင်သာ​ဘူးဆို​တာ မီး​မောင်း​ထိုး​ပြတယ်။—မဿဲ ၂၃:၂၇

ဒီ​အခါ ပညတ်​ကျမ်း​နှံ့စပ်သူ တစ်ယောက်က “ဆရာ အခုလို​ပြောတာ ကျွန်တော်တို့ကို​ပါ စော်ကား​လိုက်တာပဲ” လို့ မကျေမနပ် ပြောတယ်။ တကယ်တော့ လူတွေကို ကူညီ​ပေးဖို့ သူတို့​ပျက်ကွက်​နေမှန်း သူတို့​ကိုယ်တိုင် အသိအမှတ်ပြု​ရမှာ။ ဒါကြောင့် ယေရှု​က “ပညတ်​ကျမ်း​နှံ့စပ်သူ​တို့၊ ခင်ဗျားတို့လည်း အဖြစ်ဆိုး​ကြုံ​ရလိမ့်မယ်။ ခင်ဗျားတို့​က လေးလံ​တဲ့ ဝန်​တွေကို တခြား​သူတွေရဲ့​ပခုံး​ပေါ် တင်​တတ်တယ်။ ကိုယ်တိုင်​ကျတော့ လက်ဖျား​နဲ့​တောင် မထိ​ဘူး။ ခင်ဗျားတို့လည်း အဖြစ်ဆိုး​ကြုံ​ရလိမ့်မယ်။ ဘာလို့လဲ​ဆိုတော့ ခင်ဗျားတို့ရဲ့ ဘိုးဘေး​တွေ​က ပရောဖက်​တွေကို သတ်ခဲ့​တယ်။ ခင်ဗျားတို့ကျတော့ အဲဒီ​ပရောဖက်​တွေ​အတွက် သင်္ချိုင်းဂူ ဆောက်​ပေးတယ်” လို့​ပြောတယ်။—လုကာ ၁၁:၄၅-၄၇

ယေရှု​ပြောတဲ့ “ဝန်​တွေ” ဆိုတာ နှုတ်​တိုက်​ဓလေ့​ထုံးစံတွေ၊ ဖာရိရှဲတွေ​ရဲ့ ပညတ်တရား အနက်ဖွင့်ဆို​ချက်​တွေ ဖြစ်တယ်။ သူတို့က လူတွေရဲ့​ဘဝ အဆင်ပြေ​ချောမွေ့​အောင် မကူညီ​ပေး​ဘူး။ အဲဒီအစား လေးလံ​တဲ့ ဝန်​တွေကို မဖြစ်​မနေ ထမ်း​ရမယ်ဆိုပြီး အတင်း​တောင်းဆို​ကြတယ်။ သူတို့ရဲ့​ဘိုးဘေး​တွေဟာ အာဗေလ​က​စပြီး ဘုရားသခင်ရဲ့ ပရောဖက်​တွေကို သတ်ခဲ့​တယ်။ အခု သူတို့က ပရောဖက်​တွေ​အတွက် သင်္ချိုင်းဂူ​ဆောက်​ပေးပြီး ဂုဏ်ပြု​နေတယ်လို့ ထင်ရပေမဲ့ တကယ်တမ်း​ကျတော့ ဘိုးဘေး​တွေရဲ့ သဘောထားတွေ၊ လုပ်ရပ်တွေကို အတုယူ​နေတာ။ ဒါ့အပြင် ဘုရားသခင်​စေလွှတ်တဲ့ အထင်ရှားဆုံး ပရောဖက်​ကိုတောင် သတ်ပစ်ဖို့ ကြိုးစား​နေကြ​တယ်။ ဒါကြောင့် ဒီ​လူမျိုးဆက်​ကို ဘုရားသခင် အရေးယူမယ်​ဆိုပြီး​ ယေရှု​ပြောတယ်။ နောက် ၃၈ နှစ်​အကြာ အေဒီ ၇၀ မှာ အဲဒီအတိုင်း ဖြစ်ခဲ့တယ်။

ယေရှု​က “ပညတ်​ကျမ်း နှံ့စပ်သူ​တို့၊ ခင်ဗျားတို့ အဖြစ်ဆိုး​ကြုံ​ရလိမ့်မယ်။ ခင်ဗျားတို့​က အသိပညာ တံခါး​သော့​ကို သိမ်းထား​တယ်။ ကိုယ်တိုင်လည်း မဝင်​ဘူး။ ဝင်​မယ့်​သူတွေကိုလည်း တား​ကြတယ်” လို့​ဆက်ပြောတယ်။ (လုကာ ၁၁:၅၂) ဒီ​လူတွေဟာ ဘုရားသခင့်​စကားတော်ရဲ့ အဓိပ္ပာယ်​ကို သွန်သင်ပေး​ရမှာ။ အခုတော့ ဘုရားသခင်ရဲ့​စကားတော်ကို လူတွေ သိ​နားလည်​နိုင်တဲ့ အခွင့်အရေး​ကိုတောင် ပိတ်ပင်​တားဆီး​နေကြ​တယ်။

ယေရှုရဲ့​စကားတွေကို ဖာရိရှဲနဲ့ ကျမ်းတတ်​တွေ ဘယ်လို တုံ့ပြန်​ကြသလဲ။ အဲဒီကနေ ယေရှု ထွက်သွားတဲ့​အခါ သူတို့က ဒေါသတကြီး အတိုက်အခံလုပ်​ပြီး မေးခွန်းတွေနဲ့ ထိုးနှက်​ကြတော့တယ်။ အဲဒီလို​မေး​တာ​က ယေရှု​ဆီကနေ သင်ယူ​ချင်​လို့ မဟုတ်ဘဲ ယေရှုရဲ့​စကားမှာ အမှား​ရှာပြီး အကွက်​ဆင်​ဖမ်းဖို့​ပဲ။