မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၇၉

မယုံကြည်တဲ့ဂျူးတွေ ဘာကြောင့်ဖျက်ဆီးခံရမလဲ

မယုံကြည်တဲ့ဂျူးတွေ ဘာကြောင့်ဖျက်ဆီးခံရမလဲ

လုကာ ၁၃:၁-၂၁

  • အဖြစ်ဆိုး​နှစ်ခု​ကနေ ယေရှု သင်ခန်းစာပေး

  • မကျန်းမာတဲ့ အမျိုးသမီးကို ဥပုသ်​နေ့မှာ ကုသ​ပေး

ယေရှု​က လူတွေကို ဘုရားနဲ့ သူတို့ရဲ့ ဆက်ဆံရေး​အကြောင်း စဉ်းစားလာစေဖို့ နည်း​မျိုးစုံ​သုံးပြီး အားပေးခဲ့တယ်။ ဖာရိရှဲ​ရဲ့​အိမ် အပြင်ဘက်​မှာ လူတွေကို သွန်သင်ပေး​ပြီးနောက် အဲဒီလို​လုပ်ဖို့ အခွင့်အရေး နောက်​တစ်ကြိမ်​ ပေါ်လာတယ်။

လူ​တချို့က “ပူဇော်သက္ကာ​ဆက်သ​နေတဲ့ ဂါလိလဲ​လူတချို့ကို [ရောမ​ဘုရင်ခံ ပုန္တိ] ပိလတ်မင်း သတ်​လိုက်” တယ်​ဆိုတဲ့ အဖြစ်ဆိုး​အကြောင်း ယေရှုကို​ပြောပြတယ်။ (လုကာ ၁၃:၁) သူတို့ ဘာ​ပြောချင်တာ​လဲ။

ဂျေရုဆလင်​မြို့ထဲ ရေသွယ်မြောင်း တည်ဆောက်ဖို့ ပိလတ်မင်း​က ဗိမာန်တော်ရဲ့​ဘဏ္ဍာငွေ သုံးတာ​ကို ထောင်နဲ့​ချီတဲ့​ဂျူးတွေ ဆန္ဒ​ပြ​ချိန်မှာ အဲဒီ​ဂါလိလဲ​လူတွေ အသတ်​ခံရ​တာ ဖြစ်နိုင်တယ်။ ပိလတ်မင်း​ဟာ ဗိမာန်တော်မှူးတွေ​နဲ့ ပူးပေါင်းပြီး ဒီ​ငွေကို ယူ​ခဲ့​တာ​ဖြစ်မယ်။ ဒီ​အကြောင်းကို ပြောပြ​နေ​သူတွေက အဲဒီ​ဂါလိလဲ​ လူတွေ​ဟာ မကောင်းတာ​လုပ်လို့ အဖြစ်ဆိုး ကြုံ​ရတာ​လို့ ထင်နေ​ကြတယ်။ ဒါကို ယေရှု လက်မခံ​ဘူး။

ယေရှု​က “အဲဒီ​ဂါလိလဲ​လူတွေဟာ တခြား ဂါလိလဲ​လူတွေ​ထက် အပြစ်ကြီး​တဲ့​အတွက် အဲဒီလို​ခံရတာလို့ ခင်ဗျားတို့ ထင်နေ​သလား” လို့​မေးလိုက်တယ်။ ပြီးတော့ မဟုတ်ဘူးလို့ အဖြေ​ပေးတယ်။ ဒါပေမဲ့ ဒီ​အဖြစ်အပျက်​ကို​သုံးပြီး “ခင်ဗျားတို့လည်း နောင်တမရ​ရင် ဖျက်ဆီး​ခံရမှာ​ပဲ” လို့​ဂျူးတွေကို သတိပေး​လိုက်တယ်။ (လုကာ ၁၃:၂၊ ၃) ဒီ​နောက် မကြာသေးခင်က​ဖြစ်တဲ့ အဖြစ်ဆိုး နောက်​တစ်ခု​အကြောင်း ပြောပြတယ်။ အဲဒါက ရေသွယ်မြောင်း တည်ဆောက်​တာ​နဲ့ ဆက်စပ်​နိုင်တယ်။

“ရှိ​လောင်​မျှော်စင် ပြိုလဲ​လို့ ပိ​သေသွားတဲ့ လူ ၁၈ ယောက်​က​ရော။ ဂျေရုဆလင်​မြို့မှာ​နေတဲ့ လူတွေ​ထက် သူတို့ ပို​အပြစ်ကြီး​တယ်လို့ ခင်ဗျားတို့ ထင်နေသလား” လို့ ယေရှု​မေးတယ်။ (လုကာ ၁၃:၄) မကောင်းတာ​လုပ်လို့ အဲဒီ​လူတွေ သေရ​တာ​ဆိုပြီး လူအုပ်​က ထင်နေ​ပုံ​ရတယ်။ အဲဒါကို​လည်း ယေရှု လက်မခံ​ဘူး။ “မျှော်လင့်​မထားတဲ့ အချိန်မှာ မျှော်လင့်​မထားတဲ့ ဖြစ်ရပ်တွေ” ကြုံရ​တတ်​ပြီး ဒီ​အဖြစ်ဆိုး​က​လည်း အဲဒီလိုပဲ​ဆိုတာ သူသိ​တယ်။ (ဒေသနာ ၉:၁၁) ဒါပေမဲ့ ဒီ​အဖြစ်အပျက်ကနေ လူတွေ သင်ခန်းစာ ယူသင့်တယ်။ “ခင်ဗျားတို့လည်း နောင်တမရ​ရင် ဖျက်ဆီး​ခံရမှာ​ပဲ” လို့ သတိပေး​တယ်။ (လုကာ ၁၃:၅) အခု ဒီသင်ခန်းစာ​ကို ယေရှု ဘာလို့ အလေးပေး ပြော​နေရ​တာလဲ။

သူ​အမှုဆောင်တာ ဘယ်လောက်​ကြာနေ​ပြီဆို​တဲ့ အချက်​နဲ့ ဆက်စပ်နေ​လို့​ပဲ။ အဲဒီ​အချက်ကို အခုလို ဥပမာ​ပေးတယ်– “လူတစ်ယောက်ရဲ့ စပျစ်ခြံ​မှာ သဖန်းပင်​တစ်ပင် ရှိတယ်။ အဲဒီ​အပင်​မှာ အသီးများ​ရှိ​မလား သူ​လာ​ကြည့်တဲ့အခါ တစ်လုံး​မှ မ​တွေ့​ဘူး။ ဒါနဲ့ ခြံစောင့်​ကို ‘ဒီသဖန်းပင်​ကို ငါ​လာ​ကြည့်တာ သုံးနှစ်​တောင်​ရှိပြီ။ အသီး​တစ်လုံး​မှ မ​သီး​ဘူးဆိုတော့ ခုတ်ပစ်​လိုက်။ မြေကြီး အလ​ကား​ဖြစ်တာ​ပဲ အဖတ်တင်​တယ်’ လို့​ပြောတယ်။ ခြံစောင့်​က ‘သခင်၊ ဒီ​နှစ်​တော့ နေပါ​စေ​ဦး။ အပင်​ပတ်လည်​ကို တူးဆွ​ပြီး မြေ​သြဇာ ထည့်​ကြည့်ဦးမယ်။ အသီး သီး​တန်​ကောင်းပါရဲ့။ နောက်​နှစ်​မှ မ​သီး​ရင်​တော့ ခုတ်ပစ်​တာပေါ့’ လို့ ပြောတယ်။”—လုကာ ၁၃:၆-၉

ယေရှုဟာ ဂျူးတွေရဲ့ ယုံကြည်ခြင်းကို ပြုစု​ပျိုးထောင်​ပေးတာ သုံးနှစ်​ကျော်​ရှိနေပြီ။ ဒါပေမဲ့ လူ​အနည်းငယ်​ပဲ တပည့်​တွေ​ဖြစ်လာတယ်။ သူ့​ကြိုးစားမှု​ရဲ့ အသီးအပွင့်​တွေ​လို့ ပြောနိုင်ပါတယ်။ အခု သူ​အမှုဆောင်တာ လေးနှစ်​ထဲ ရောက်လာပြီ​ဖြစ်လို့ အားသွန်ခွန်စိုက် ကြိုးစား​နေတယ်။ ယုဒ​နယ်​နဲ့ ပေရိယ​နယ်​မှာ ဟောပြော​သွန်သင်ပေးခြင်း​အားဖြင့် ဂျူးလူမျိုး​ဖြစ်တဲ့ ပုံဆောင်သဖန်းပင်​ကို တူးဆွ​ပြီး မြေ​သြဇာ​ထည့်ပေး​တယ်။ ဘာ​ရလဒ်​ရသလဲ။ ဂျူး​အနည်းငယ်​ပဲ လက်ခံ​တုံ့ပြန်​တယ်။ လူမျိုး​တစ်မျိုးလုံး အနေနဲ့​တော့ နောင်တ​မယူ​ကြဘူး။ ဒါကြောင့် ဖျက်ဆီး​ခံရ​တော့​မယ်။

ဒီလို​တုံ့ပြန်မှု​မရှိတဲ့ လူအများစု​ရဲ့ သဘောထားကို သိပ်​မကြာခင် ဥပုသ်​နေ့မှာ ထပ်​တွေ့ရ​ပြန်တယ်။ ယေရှု​က တရားဇရပ်မှာ သွန်သင်​နေတုန်း နတ်ဆိုး​နှိပ်စက်​လို့ ၁၈ နှစ်​လုံးလုံး ခါးကုန်း​နေတဲ့ အမျိုးသမီး​တစ်ယောက်ကို တွေ့တယ်။ သူ့ကို သနား​သွားပြီး “အစ်မကြီး၊ ခင်ဗျား ခံစား​နေရတဲ့ ဝေဒနာ​ကနေ လွတ်ကင်း​ပြီ” လို့​ပြောလိုက်​တယ်။ (လုကာ ၁၃:၁၂) သူ့​အပေါ် ယေရှု လက်တင်​လိုက်တဲ့အခါ ချက်ချင်းပဲ သူက ခါးကို​မတ်​ပြီး ဘုရားကို ဂုဏ်တင်​ချီးမွမ်းတော့တယ်။

ဒီ​အခါ တရား​ဇရပ်မှူး​က စိတ်ဆိုး​ပြီး “အလုပ်လုပ်​ရတဲ့​ရက် ခြောက်ရက် ရှိတာပဲ။ ရောဂါ​ပျောက်​ချင်​ရင် အဲဒီ​နေ့တွေမှာ လာ​ကြ။ ဥပုသ်​နေ့မှာ မလာ​ကြနဲ့” လို့ လူတွေကို ပြောတယ်။ (လုကာ ၁၃:၁၄) ယေရှုမှာ ရောဂါ​ကုသ​နိုင်စွမ်း​မရှိဘူးလို့ သူ​ပြော​နေတာ မဟုတ်ဘူး။ ဥပုသ်​နေ့မှာ ရောဂါ​ကုသ​ဖို့ လာတဲ့​သူတွေကို အပြစ်တင်​နေတာ။ ဒါနဲ့ ယေရှု​က “သူတော်ကောင်း ယောင်ဆောင်​သူတို့၊ ခင်ဗျားတို့​က ဥပုသ်​နေ့မှာ နွား​မြည်း​တွေကို တင်းကုပ်​ကနေ လွှတ်​ပေးပြီး ရေ​တိုက်​ဖို့ ခေါ်သွား​တတ်တယ် မဟုတ်လား။ အာဗြဟံရဲ့သမီး​ဖြစ်တဲ့ ဒီ​အမျိုးသမီး​ဟာ ၁၈ နှစ်​လုံးလုံး စာတန်ရဲ့ အချုပ်အနှောင်​ကို ခံ​နေရတာ။ သူ့ကို ဥပုသ်​နေ့မှာ အချုပ်အနှောင်​ကနေ မလွှတ်​ပေးသင့်​ဘူး​လား” လို့ ကျိုးကြောင်း​ရှင်းပြ​လိုက်တယ်။—လုကာ ၁၃:၁၅၊ ၁၆

ဒီ​အခါ ဆန့်ကျင်​နေတဲ့​လူတွေ အရှက်ကွဲ​သွား​ပေမဲ့ လူအုပ်​ကတော့ ယေရှု​လုပ်သ​မျှ အံ့ဖွယ်​အမှုတွေ​ကြောင့် ဝမ်းမြောက်​ဝမ်းသာ ဖြစ်နေကြတယ်။ ဒီ​နောက် ယေရှု​က ဂါလိလဲအိုင်မှာ လှေပေါ်​ကနေ ဟောခဲ့​တဲ့ နိုင်ငံတော်​နဲ့​ဆိုင်တဲ့ ပုံဥပမာ​နှစ်ခု​ကို အခု ယုဒ​နယ်မှာ ထပ်​ပြောပြတယ်။—မဿဲ ၁၃:၃၁-၃၃။ လုကာ ၁၃:၁၈-၂၁