မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၈၀

သိုးထိန်းကောင်းနဲ့ သိုးခြံတွေ

သိုးထိန်းကောင်းနဲ့ သိုးခြံတွေ

ယောဟန် ၁၀:၁-၂၁

  • သိုးထိန်း​ကောင်း​နဲ့ သိုးခြံ​တွေ

ယေရှု​က ယုဒနယ်မှာ ဆက်​သွန်သင်​နေတယ်။ အခု နားထောင်​နေ​သူတွေ အလွယ်တကူ မြင်ယောင်​နိုင်တဲ့ သိုး​နဲ့ သိုးခြံ​တွေ​အကြောင်း ပြောပြတယ်။ ဒါပေမဲ့ ပုံဆောင်သဘော​နဲ့ ပြော​နေမှန်း ဂျူးတွေ နားလည်​နိုင်ကြတယ်။ သူတို့က ဒါဝိဒ်​ရဲ့ စကားတွေကို ပြန်​အမှတ်​ရ​နေမှာ​ပဲ– “ယေဟောဝါဟာ ငါ့​သိုးထိန်း​ပါ။ လို​လေ​သေး​မရှိ ငါ​ပြည့်စုံ​နေတာ။ ငါ့ကို စိမ်းစို​တဲ့​စားကျက်​တွေ​မှာ နား​နေ​စေတယ်။” (ဆာလံ ၂၃:၁၊ ၂) ဆာလံ​သီချင်း နောက်​တစ်ပုဒ်​မှာလည်း ဒါဝိဒ်​က “ငါ​တို့ရဲ့ ဖန်ဆင်းရှင် ယေဟောဝါ​ရှေ့မှာ ဒူးထောက်​ကြစို့။ ကိုယ်တော်ဟာ ငါ​တို့ရဲ့ ဘုရားသခင်ပဲ။ ငါ​တို့​က ဘုရားရဲ့ စားကျက်​ထဲ​က လူတွေ” လို့ အစ္စရေး​လူမျိုးကို ဖိတ်ခေါ်​ထားတယ်။ (ဆာလံ ၉၅:၆၊ ၇) မှန်ပါတယ်၊ ပညတ်တရား​အောက်မှာ​ရှိတဲ့ အစ္စရေးတွေကို ဟိုး​အရင်​ကတည်းက သိုးအုပ်​တစ်အုပ်​နဲ့ ခိုင်းနှိုင်း​ခဲ့​တယ်။

အဲဒီ “သိုး” တွေ​ဖြစ်တဲ့ အစ္စရေး​လူမျိုးဟာ “သိုးခြံ” ထဲမှာ​ရှိတယ်၊ တစ်နည်းအားဖြင့် မောရှေ​ပညတ် ပဋိညာဉ်​အောက်မှာ မွေးဖွား​လာတယ်။ ပညတ်တရား​က ခြံစည်းရိုး​နဲ့ တူတယ်။ အဲဒီ​ပညတ်​အောက်မှာ​မရှိတဲ့ အကျင့်ပျက်​လူမျိုး​တွေ​နဲ့ သူတို့ကို ခွဲခြား​ထားတယ်။ ဒါပေမဲ့ အစ္စရေး​တချို့က ဘုရားရဲ့​သိုးအုပ်​ကို ထိခိုက်​နစ်နာ​အောင် လုပ်ကြတယ်။ ဒါကြောင့် ယေရှု​က “ကျွန်တော် မှန်တာကို ပြောမယ်၊ အမှန်အတိုင်း ပြောမယ်။ သိုးခြံ​ထဲ​ကို တံခါးပေါက်​ကနေ မဝင်​ဘဲ တခြား​နေရာ​ကနေ ကျော်ဝင်​တဲ့​သူဟာ သူခိုး​ဓားပြ​ပဲ။ သိုးထိန်း​မှန်​ရင် တံခါးပေါက်​ကနေ​ပဲ ဝင်တယ်” လို့​ပြောတယ်။—ယောဟန် ၁၀:၁၊ ၂

ကိုယ့်ကိုယ်ကိုယ် မေရှိယ ဒါမှမဟုတ် ခရစ်တော်​ဖြစ်တယ်လို့ ကြွေးကြော်​နေ​သူတွေ​အကြောင်း လူတွေ စဉ်းစားမိ​မှာ​ပဲ။ အဲဒီ​လူတွေက သူခိုး​ဓားပြ​နဲ့ တူတယ်။ ဒီလို လှည့်ဖြားသူ​တွေရဲ့ နောက်ကို လူတွေ​မလိုက်သင့်​ဘူး။ အဲဒီအစား “သိုးထိန်း” နောက်ကို​လိုက်သင့်တယ်။ သိုးထိန်း​နဲ့ပတ်သက်ပြီး ယေရှု အခုလို​ပြောတယ်–

“သူ့ကို တံခါး​စောင့်​က တံခါးဖွင့်​ပေးတယ်။ သိုး​တွေ​လည်း သူ့​အသံကို နားထောင်တယ်။ သူက သိုး​တစ်ကောင်​စီ​ကို နာမည်​နဲ့​ခေါ်ပြီး ခြံ​ပြင်​ခေါ်ထုတ်​တတ်တယ်။ ရှေ့​ကနေ ဦးဆောင်​ပြီး​ ခေါ်ထုတ်​သွားတဲ့အခါ သိုး​တွေဟာ သူ့​အသံကို​သိတဲ့​အတွက် နောက်​ကနေ လိုက်​တတ်တယ်။ သူစိမ်း​တွေရဲ့​အသံကို​တော့ သူတို့​မသိတဲ့​အတွက် သူစိမ်း​နောက်ကို လုံးဝ​မလိုက်​ဘဲ ထွက်ပြေး​တတ်တယ်။”​—ယောဟန် ၁၀:၃-၅

အစောပိုင်းမှာ တံခါး​စောင့်​နဲ့​တူတဲ့ နှစ်ခြင်း​ပေးသူ ယောဟန်​က ယေရှုဟာ သိုးထိန်း​ဖြစ်ကြောင်း ဖော်ပြခဲ့​ပြီး ပညတ်တရား​အောက်မှာ​ရှိတဲ့ ပုံဆောင်​သိုး​တွေကို ယေရှု​နောက်လိုက်ဖို့ ပြောခဲ့တယ်။ ဂါလိလဲ​ပြည်​နဲ့ အခု ယုဒနယ်မှာ​ရှိတဲ့ သိုး​တချို့ဟာ ယေရှုရဲ့​အသံကို သိကြတယ်။ သူတို့ကို ယေရှု ဘယ်​နေရာ “ခေါ်ထုတ်” သွားမလဲ။ သူ့​နောက်ကို လိုက်တဲ့​အတွက် ဘာ​အကျိုး​ရမလဲ။ ဒီ​ဥပမာ​ကို ကြားတဲ့သူ​တချို့ အဲဒီလို တွေး​နေမှာ​ပဲ။ အကြောင်းကတော့ “အဓိပ္ပာယ်​ကို သူတို့ နားမလည်​ကြ” လို့​ပဲ။—ယောဟန် ၁၀:၆

ဒါကြောင့် ယေရှု အခုလို ရှင်းပြတယ်– “ကျွန်တော် မှန်တာကို ပြောမယ်၊ အမှန်အတိုင်း ပြောမယ်။ ကျွန်တော်ဟာ သိုး​တွေ​ဝင်​တဲ့ တံခါးပေါက်​ပဲ။ ကျွန်တော့်​အယောင်ဆောင်​ပြီး လာတဲ့​သူ​အားလုံးဟာ သူခိုး​ဓားပြ​တွေ​ပဲ။ ဒါပေမဲ့ သူတို့​အသံကို သိုး​တွေ နားမထောင်ဘူး။ ကျွန်တော်ဟာ တံခါးပေါက်​ပါ။ ကျွန်တော့်​ဆီကနေ ဝင်​တဲ့​သူဟာ ကယ်တင်ခံရ​မယ်။ ဝင်ထွက်​သွားလာ​ပြီး စားကျက်​ကို တွေ့​လိမ့်မယ်။”—ယောဟန် ၁၀:၇-၉

အကြောင်းအရာ​အသစ် တစ်ခုကို ယေရှု ပြောပြ​နေမှန်း ရှင်း​နေပါ​တယ်။ ယေရှုဟာ ရာစု​နှစ်ပေါင်းများစွာ တည်ရှိ​ခဲ့​တဲ့ ပညတ်ပဋိညာဉ်​ရဲ့ တံခါးပေါက်​မဟုတ်မှန်း နားထောင်​နေ​သူတွေ သိကြတယ်။ ဒါကြောင့် သူ “ခေါ်ထုတ်” သွားတဲ့ သိုး​တွေဟာ တခြား​သိုးခြံ​တစ်ခုကို ဝင်​မယ်​လို့ ပြော​နေတာ။ သူ့​နောက်ကို လိုက်တဲ့​အတွက် ဘာ​အကျိုး​ရမလဲ။

ယေရှု​က မိမိရဲ့​အခန်းကဏ္ဍ​နဲ့ ပတ်သက်ပြီး အခုလို ထပ်​ရှင်းပြ​တယ်– “ကျွန်တော်ကတော့ သိုး​တွေကို အသက်​ရစေဖို့၊ အသက်​တာ​ရှည်​စေဖို့ လာတယ်။ ကျွန်တော်ဟာ သိုးထိန်း​ကောင်း​ပါ။​ သိုးထိန်း​ကောင်း​ဆိုတာ  သိုး​တွေ​အတွက်  အသက်စွန့်​တယ်။” (ယောဟန် ၁၀:၁၀၊ ၁၁) အစောပိုင်း​တုန်း​က တပည့်​တွေကို “သိုးစုငယ်၊ မကြောက်​နဲ့။ အဖ​ဘုရားက ခင်ဗျားတို့ကို နိုင်ငံတော်​ပေးဖို့ ဆုံးဖြတ်​ပြီးပြီ” လို့​နှစ်သိမ့်​ပေးခဲ့တယ်။ (လုကာ ၁၂:၃၂) မှန်ပါတယ်၊ ယေရှု​က “သိုးစုငယ်” မှာ ပါဝင်သူ​တွေကို သိုးခြံ​အသစ်​ထဲ ခေါ်ထုတ်​သွားပါလိမ့်မယ်။ သူတို့တွေ “အသက်​ရစေဖို့၊ အသက်တာ​ရှည်​စေဖို့” ဖြစ်တယ်။ သိုးစုငယ်​အဝင် ဖြစ်​ရတာ တကယ့်​ကောင်းချီးပါပဲ။

ယေရှု​က ဒီ​ကိစ္စ​ကို ဒီလောက်​နဲ့ အဆုံးမသတ်​သေး​ဘဲ “ဒီ​သိုးခြံထဲက​မဟုတ်တဲ့ တခြား​သိုး​တွေကို ကျွန်တော်​ပိုင်​သေးတယ်။ အဲဒီ​သိုး​တွေကို​လည်း ဦးဆောင်​ရမယ်။ သူတို့က ကျွန်တော့်​အသံကို နားထောင်တယ်။ ဒါကြောင့် သိုး​တစ်အုပ်​တည်း၊ သိုးထိန်း​တစ်ယောက်တည်း ဖြစ်လိမ့်မယ်” လို့​ပြောတယ်။ (ယောဟန် ၁၀:၁၆) “တခြား​သိုး​တွေ” ဟာ “ဒီ​သိုးခြံထဲက​မဟုတ်” ဘူး။ ဒါကြောင့် သူတို့ဟာ နိုင်ငံတော်​အမွေခံ​ရမယ့် “သိုးစုငယ်” ဝင်​တဲ့ သိုးခြံထဲက မဟုတ်ဘဲ တခြား​သိုးခြံထဲက ဖြစ်ရမယ်။ သိုးခြံ​နှစ်ခြံ​ရဲ့ အနာဂတ်​က မတူဘူး။ ဒါပေမဲ့ သိုးခြံ​နှစ်ခြံ​စ​လုံး​မှာ​ရှိတဲ့ သိုး​တွေ​ကတော့ ယေရှုရဲ့ အခန်းကဏ္ဍ​ကနေ အကျိုး​ခံစား​ရမှာဖြစ်​တယ်။ “ကျွန်တော်က အသက်​ပြန်​ရဖို့ အသက်စွန့်​တဲ့​အတွက် အဖ​ဘုရားက ကျွန်တော့်ကို ချစ်တယ်” လို့​ယေရှု​ပြောတယ်။​—ယောဟန် ၁၀:၁၇

ဒီ​အခါ လူအများစုက “ဒီ​လူဟာ နတ်ဆိုး​ပူး​နေတဲ့ အရူး​ပဲ” လို့​ပြောတယ်။ တချို့ကျတော့ စိတ်ဝင်တစား​နားထောင်ပြီး သိုးထိန်း​ကောင်း​နောက် လိုက်​ချင်ကြတယ်။ သူတို့က “နတ်ဆိုး​ပူး​တဲ့​လူက ဒီလို​ပြော​ပါ့မလား။ နတ်ဆိုး​က မျက်မမြင်​ကို မြင်​အောင် လုပ်နိုင်​လို့လား” လို့ ပြော​ကြတယ်။ (ယောဟန် ၁၀:၂၀၊ ၂၁) အစောပိုင်း​တုန်း​က မွေးရာပါ​မျက်မမြင်​ကို ယေရှု ကုသ​ပေးလိုက်​တာ​ကို ရည်ညွှန်း​နေတာ။