မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၈၁

အဖဘုရားနဲ့တစ်စိတ်တစ်ဝမ်းတည်းဖြစ်ပေမဲ့ ဘုရားမဟုတ်

အဖဘုရားနဲ့တစ်စိတ်တစ်ဝမ်းတည်းဖြစ်ပေမဲ့ ဘုရားမဟုတ်

ယောဟန် ၁၀:၂၂-၄၂

  • “ကျွန်တော်​နဲ့ အဖဘုရား​ဟာ တစ်စိတ်​တစ်​ဝမ်း​တည်း​ပဲ”

  • ဘုရား​ဖြစ်တယ်​ဆိုတဲ့ စွပ်စွဲချက်​ကို ယေရှု​ငြင်းဆို

ယေရှု​က ဆက်ကပ်​အပ်နှံ​ပွဲ (ဒါမှမဟုတ် ဟာ​နု​ကာ) တက်ရောက်​ဖို့ ဂျေရုဆလင်​မြို့ကို လာတယ်။ ဗိမာန်တော် ပြန်လည်​အပ်နှံခြင်း​ကို သတိရ အောက်မေ့​တဲ့​အနေနဲ့ ဒီ​ပွဲကို ကျင်းပ​ကြ​တာ။ လွန်ခဲ့တဲ့ အနှစ်​တစ်​ရာ​ကျော်​တုန်း​က ဆီးရီးယား​ဘုရင် စတုတ္ထမြောက် အန်​တိုင်း​အား​ကပ်​စ် အီပီဖနစ္စ​ဟာ ဗိမာန်တော်မှာ​ရှိတဲ့ ယဇ်​ပလ္လင်​ကြီး​အပေါ်မှာ ယဇ်​ပလ္လင်​တစ်ခုကို တည်ဆောက်ခဲ့​တယ်။ နောက်ပိုင်း ဂျူး​ပုရောဟိတ်​တစ်ဦး​ရဲ့ သားတွေ​က ဂျေရုဆလင်​ကို ပြန်​သိမ်းပိုက်​ပြီး ဗိမာန်တော်ကို ယေဟောဝါ​ဘုရားဆီ ပြန်လည်​အပ်နှံ​ခဲ့​တယ်။ အဲဒီ​အချိန်​က​စပြီး အပ်နှံ​ပွဲကို ခိသလုလ ၂၅ ရက်မှာ နှစ်စဉ်​ကျင်းပတယ်။ ခိသလုလ​ဟာ နိုဝင်ဘာ​လ အကုန်ပိုင်း​နဲ့ ဒီဇင်ဘာ​လ အစောပိုင်းမှာ ကျရောက်​တယ်။

အဲဒီ​အချိန်ဟာ ချမ်းအေး​တဲ့ ဆောင်း​ရာသီ​ဖြစ်တယ်။ ဗိမာန်တော်​ထဲ​က ရှောလမုန်​စင်္ကြံ​မှာ ယေရှု လမ်းလျှောက်​လာ​နေတုန်း ဂျူးတွေ ဝိုင်းအုံ​လာပြီး “ကျုပ်တို့ကို ဘယ်လောက်​ကြာကြာ ဇဝေဇဝါ​ဖြစ်အောင် လုပ်​နေမှာလဲ။ ခရစ်တော် ဟုတ်မဟုတ် ပွင့်ပွင့်လင်းလင်း ပြော​စမ်း​ပါ” လို့​ပြော​ကြတယ်။ (ယောဟန် ၁၀:၂၂-၂၄) ဒါနဲ့ ယေရှု ဘယ်လို တုံ့ပြန်သလဲ။ “ကျွန်တော် ပြောပြီးပြီ​ပဲ။ ခင်ဗျားတို့​မှ မယုံ​တာ” လို့​ပြန်​ပြောတယ်။ ရေတွင်းနား​မှာ​တွေ့​တဲ့ ရှမာရိ​အမျိုးသမီးကို ပြောခဲ့သလို ယေရှု​က သူဟာ ခရစ်တော်​ဖြစ်မှန်း ဂျူးတွေကို တဲ့တိုး​မပြောဘူး။ (ယောဟန် ၄:၂၅၊ ၂၆) “အာဗြဟံ မမွေးခင်​ကတည်းက ကျွန်တော်​ရှိနေပြီ” လို့​ပြောပြီး သူ​ဘယ်သူဘယ်ဝါ​ဖြစ်မှန်း ဖော်ပြတယ်။—ယောဟန် ၈:၅၈

ခရစ်တော် လုပ်ဆောင်မယ့်​ အရာတွေနဲ့ပတ်သက်တဲ့ ကြိုဟောချက်တွေကို ယေရှု​လုပ်နေတဲ့ အရာတွေနဲ့ နှိုင်းယှဉ်​ပြီး သူဟာ ခရစ်တော်​ဖြစ်မှန်း သူတို့​ဘာသာ​သူတို့ ကောက်ချက်​ချတာ​မျိုး​ပဲ လိုချင်​တယ်။ ဒါကြောင့်လည်း ယေရှု​က တပည့်​တွေကို သူဟာ မေရှိယ​ဖြစ်မှန်း ဘယ်သူ့ကိုမှ မပြောဖို့ မိန့်မှာ​ခဲ့​တာ။ အခုတော့ ရန်လို​နေတဲ့ ဂျူးတွေကို ဒီလို ဘွင်းဘွင်း​ပြောလိုက်​တယ်– “အဖ​ဘုရားရဲ့​နာမည်ကို သုံးပြီး ကျွန်တော်​လုပ်နေတဲ့ အလုပ်တွေ​ဟာ ကျွန်တော့်​အကြောင်း သက်သေခံ​နေတယ်။ ခင်ဗျားတို့​က . . . ဘယ်​ယုံ​ပါ့​မလဲ။”—ယောဟန် ၁၀:၂၅၊ ၂၆

ယေရှုကို ခရစ်တော်​လို့ သူတို့ ဘာကြောင့် မယုံ​တာလဲ။ ယေရှု အခုလို​ပြောတယ်– “ခင်ဗျားတို့​က ကျွန်တော့်​သိုး​တွေ မဟုတ်​တော့ ဘယ်​ယုံ​ပါ့​မလဲ။ ကျွန်တော့်​သိုး​မှန်​ရင် ကျွန်တော့်​အသံကို နားထောင်တယ်။ သူတို့ကို ကျွန်တော်​သိတယ်။ သူတို့လည်း ကျွန်တော့်​နောက်ကို လိုက်ကြတယ်။ ကျွန်တော်က သူတို့ကို ထာဝရ​အသက်ပေး​တယ်။ သူတို့ လုံးဝ ဖျက်ဆီး​ခံရမှာ မဟုတ်ဘူး။ သူတို့ကို ကျွန်တော့်​ လက်​ကနေ ဘယ်သူမှ လုယူ​လို့​ရမှာ မဟုတ်ဘူး။ ကျွန်တော့်ကို အဖဘုရား ပေးအပ်​ထားသူတွေဟာ အရာခပ်သိမ်း​ထက် အဖိုးထိုက်​တယ်။” ဒီ​နောက် သူနဲ့​သူ့​အဖေ ဘယ်လောက်​ရင်းနှီးတယ်​ဆိုတာ သိစေချင်​လို့ “ကျွန်တော်​နဲ့ အဖဘုရား​ဟာ တစ်စိတ်​တစ်​ဝမ်း​တည်း​ပဲ” ဆိုပြီး​ပြောတယ်။ (ယောဟန် ၁၀:၂၆-၃၀) မှန်ပါတယ်၊ ယေရှု​က အခု မြေကြီး​မှာ ရှိနေပြီး သူ့​အဖေက ကောင်းကင်မှာ ရှိနေပေမဲ့ သူတို့ဟာ ရည်ရွယ်ချက်​ချင်း​တူ​ပြီး တစ်စည်းတစ်လုံး​တည်း ရှိကြတယ်။

ယေရှုရဲ့​စကားတွေကြောင့် ဂျူးတွေ ဒေါသ​ထွက်​တဲ့​အတွက် ကျောက်ခဲ​နဲ့​ပေါက်​ဖို့ လုပ်ကြ​ပြန်တယ်။ ယေရှု​ကတော့ မကြောက်​ဘဲ “အဖ​ဘုရားရဲ့ အမိန့်နဲ့ ကောင်းမှုတွေ အများကြီး ကျွန်တော်​လုပ်ခဲ့တယ်။ အဲဒီ​ကောင်းမှုတွေ​ထဲ​က ဘယ်​တစ်ခုကြောင့် ကျွန်တော့်ကို ခဲ​နဲ့​ပေါက်​မှာ​လဲ” လို့​မေးလိုက်တယ်။ ဂျူးတွေ​က “ကောင်းမှု​လုပ်လို့ မဟုတ်ဘူး၊ ဘုရားကို စော်ကား​ပြောဆို​နေလို့ ခင်ဗျားကို ခဲ​နဲ့​ပေါက်​မှာ။ . . . ကိုယ့်ကိုယ်ကိုယ် ဘုရားပါ​ဆိုပြီး ခင်ဗျား​ပြော​နေတာကိုး” လို့​ဖြေတယ်။ (ယောဟန် ၁၀:၃၁-၃၃) ယေရှု​က သူ့ကိုယ်သူ ဘုရားပါ​လို့ ဘယ်​တုန်း​ကမှ မပြောခဲ့​ဖူး​ဘူး။ ဒါဆို ဘာလို့ အဲဒီလို စွပ်စွဲ​ကြတာလဲ။

ဘုရား​တစ်ပါးတည်းမှာ​ပဲ ရှိတယ်လို့ ဂျူးတွေ​ယုံကြည်​ထားတဲ့ အစွမ်း​တန်ခိုး သူ့မှာ​ရှိတယ်​ဆိုပြီး ယေရှု​ပြောလို့​ပဲ။ ဥပမာ၊ “သိုး​တွေ” နဲ့​ပတ်သက်ပြီး ယေရှု​က “ကျွန်တော်က သူတို့ကို ထာဝရ​အသက်ပေး​တယ်” လို့​ပြောတယ်။ အဲဒါကို လူသားတွေ မပေးနိုင်​ဘူး။ (ယောဟန် ၁၀:၂၈) သူ့​အဖေ​ဆီက အခွင့်အာဏာ ရရှိ​ထားတယ်လို့ ယေရှု ပွင့်ပွင့်​လင်းလင်း ဝန်ခံ​ပေမဲ့ ဂျူးတွေ​က အဲဒီ​အချက်ကို နားမလည်​ကြဘူး။

သူတို့ရဲ့​မှားယွင်းတဲ့ စွပ်စွဲချက်​ကို ချေပ​တဲ့​အနေနဲ့ ယေရှု​က “ငါ​ပြောမယ်– ‘မင်းတို့ဟာ ဘုရား​တွေ​ပဲ’ ဆိုပြီး ပညတ်​ကျမ်းမှာ [ဆာလံ ၈၂:၆] ရေးထားတယ် မဟုတ်လား။ . . . ဘုရားသခင်က တရား​စကားမှာ ပြစ်တင်​ရှုတ်ချ​ထားသူတွေ​ကိုတောင် ‘ဘုရား​တွေ’ လို့​ခေါ်တယ်​ဆိုရင်၊ အဖဘုရား​ကိုယ်တိုင် သန့်ရှင်း​မြင့်မြတ်​စေပြီး ဒီ​လောက​ကို စေလွှတ်​လိုက်တဲ့ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ‘ဘုရားသခင်ရဲ့သားပါ’ လို့​ပြောတဲ့​အတွက် ‘ဒါဟာ ဘုရားကို စော်ကား​ပြောဆိုတာ​ပဲ’ ဆိုပြီး ခင်ဗျားတို့ စွပ်စွဲ​ရသလား” လို့​မေးလိုက်တယ်။—ယောဟန် ၁၀:၃၄-၃၆

မှန်ပါတယ်၊ မတရားတဲ့ လူသား​တရားသူကြီးတွေကို​တောင် “ဘုရား​တွေ” ဆိုပြီး ကျမ်းစာမှာ ခေါ်ထား​တာ​ပဲ။ ဒါဆိုရင် ယေရှု​က ကိုယ့်ကိုယ်ကိုယ် “ဘုရားရဲ့သားပါ” လို့​ပြောတာကို ဂျူးတွေ အပြစ်တင်သင့်သလား။ ယေရှု​က ဘယ်အချက်​ကြောင့် သူ့ကို လက်ခံ​ယုံကြည်သင့်တယ်​ဆိုတာ အခုလို ထောက်ပြ​တယ်– “အဖဘုရား ခိုင်းတာကို ကျွန်တော် မ​လုပ်ရင် ကျွန်တော့်ကို မယုံ​ပါ​နဲ့။ ကျွန်တော် လုပ်နေတယ်​ဆိုရင်တော့ ကျွန်တော့်ကို မယုံ​ရင်တောင် အဲဒီ​လုပ်ရပ်တွေကို ယုံကြ​ပါ။ ဒါဆိုရင် အဖ​ဘုရားက ကျွန်တော်​နဲ့ တစ်စိတ်​တစ်​ဝမ်း​တည်း​ဖြစ်ပြီး ကျွန်တော်လည်း အဖဘုရား​နဲ့ တစ်စိတ်​တစ်​ဝမ်း​တည်း​ဖြစ်မှန်း ခင်ဗျားတို့ သိမြင်​နားလည်​လာလိမ့်မယ်။”—ယောဟန် ၁၀:၃၇၊ ၃၈

ဒီ​အခါ ယေရှုကို​ဖမ်းဖို့ ထပ်​ကြိုးစားကြပေမဲ့ ရှောင်ထွက်​သွား​ပြန်တယ်။ ဒီ​နောက် ဂျေရုဆလင်​မြို့ကနေ​ထွက်ပြီး ဂျော်ဒန်​မြစ်​တစ်ဖက်​ကမ်း၊ လွန်ခဲ့တဲ့ လေးနှစ်​လောက်​က ယောဟန် ဦးဆုံး​နှစ်ခြင်း​ပေးခဲ့တဲ့ နေရာဆီ ပြန်​သွားတယ်။ အဲဒီ​နေရာ​က ဂါလိလဲအိုင်ရဲ့ တောင်ဘက်စွန်း​နဲ့ သိပ်​မ​ဝေး​လှ​ဘူး။

ယေရှု​ဆီ လူ​အများကြီး ရောက်လာပြီး “ယောဟန်​က အံ့ဖွယ်အမှု​တစ်ခု​တောင် မ​လုပ်ပြခဲ့​ပေမဲ့ ဒီ​လူ​အကြောင်း သူ​ပြောသမျှ​ဟာ အမှန်​တွေ​ချည်း​ပဲ” လို့ အချင်းချင်း ပြော​ကြတယ်။ (ယောဟန် ၁၀:၄၁) ဒီလိုနဲ့ ဂျူး​အတော်များများ ယေရှုကို ယုံကြည်သက်ဝင်​လာကြတယ်။