မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၈၂

ပေရိယနယ်မှာ ယေရှုရဲ့ အမှုဆောင်လုပ်ငန်း

ပေရိယနယ်မှာ ယေရှုရဲ့ အမှုဆောင်လုပ်ငန်း

လုကာ ၁၃:၂၂–၁၄:၆

  • ကျဉ်းတဲ့​တံခါးကနေ ဝင်နိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားခြင်း

  • ဂျေရုဆလင်​မြို့မှာ ယေရှု အသတ်​ခံရမယ်

ယုဒ​နယ်​နဲ့ ဂျေရုဆလင်​မြို့မှာ ယေရှု​က လူတွေကို သွန်သင်​ပေးပြီး ကုသ​ပေးတယ်။ ဒီ​နောက် ဂျော်ဒန်​မြစ်ကို​ ဖြတ်​ပြီး ပေရိယ​နယ် မြို့ရွာ​တွေ​မှာ သွန်သင်တယ်။ ဒါပေမဲ့ မကြာခင်မှာ ဂျေရုဆလင်​မြို့ကို ပြန်သွား​ရတော့မယ်။

ပေရိယ​နယ်​မှာ ရှိနေတုန်း လူတစ်ယောက်က “သခင်၊ ကယ်တင်​ခံရ​မယ့်​သူတွေ နည်းတယ်​ဆိုတာ တကယ်​လား” လို့​ မေးတယ်။ လူ​အများကြီး​ ကယ်တင်ခံရ​မလား၊ နည်းနည်း​ပဲ ကယ်တင်ခံရ​မလား​ဆိုတာနဲ့ပတ်သက်ပြီး ဘာသာရေး​ခေါင်းဆောင်​တွေ အငြင်းပွား​နေတာကို အဲဒီ​လူ သိထား​ပုံပဲ။ ယေရှု​က လူ​ဘယ်​နှစ်​ယောက် ကယ်တင်ခံရ​မယ်​ဆိုတဲ့​အကြောင်း မပြော​ဘဲ ကယ်တင်​ခံရဖို့ ဘာလုပ်​ရမယ်ဆိုတဲ့​အကြောင်း ပြောတယ်။ “ကျဉ်းတဲ့​တံခါးကနေ ဝင်နိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားပါ” လို့​ပြောတယ်။ မှန်ပါတယ်၊ ခက်ခက်ခဲခဲ ကြိုးစား​ရုန်းကန်​ဖို့ လိုတယ်။ ဘာကြောင့်လဲ။ “ကျွန်တော်​ပြောမယ်။ လူ​အတော်များများ ဝင်​ဖို့​ကြိုးစားပေမဲ့ မဝင်နိုင်​ကြဘူး” လို့ ယေရှု ရှင်းပြတယ်။—လုကာ ၁၃:၂၃၊ ၂၄

အားသွန်ခွန်စိုက် ကြိုးစားဖို့​ လို​ကြောင်း အခုလို ဥပမာ​ပေးတယ်– “အိမ်ရှင် တံခါးပိတ်​ပြီး​ခါ​မှ ခင်ဗျားတို့​က အပြင်​ကနေ တံခါးခေါက်​ပြီး ‘သခင်၊ တံခါးဖွင့်​ပေးပါဦး’ လို့​ပြောရင် . . . အိမ်ရှင်​က ‘ခင်ဗျားတို့ ဘယ်က​လဲ။ ကျုပ်​မသိ​ဘူး။ မဖြောင့်မတ်တဲ့​လူတွေ၊ ကျုပ်​ဆီက ထွက်သွား​ကြ’ ဆိုပြီး ပြန်​ပြော​လိမ့်မယ်။”—လုကာ ၁၃:၂၅-၂၇

ဒီ​ပုံဥပမာ​က နောက်ကျ​မှ​လာတဲ့​လူရဲ့ အခြေအနေ​ဆိုး​ကို ဖော်ပြ​နေတယ်။ သူ အဆင်ပြေ​တဲ့အချိန်​မှ လာတော့ တံခါး​က ပိတ်​ပြီး​နေပြီ။ တကယ်​ဆိုရင် သူ့​အတွက် အဆင်မပြေ​ရင်တောင် စောစော​လာသင့်တယ် မဟုတ်လား။ ယေရှုရဲ့ သွန်သင်မှု​ကနေ အကျိုး​ခံစား​နိုင်တဲ့ သူတွေလည်း အဲဒီလို​ပါပဲ။ သူတို့က စစ်မှန်တဲ့​ဝတ်ပြုရေးကို ဘဝမှာ အဓိက မထားခဲ့ကြ​ဘူး။ အများစုက ကယ်တင်ခြင်း​အတွက် ဘုရားသခင် ပြင်ဆင်​ပေးတာကို လက်မခံကြဘူး။ သူတို့တွေ အပြင်​ကို နှင်ထုတ်ခံ​ရတဲ့အခါ “ငိုကြွေး​ပြီး အံကြိတ် ခံပြင်း​နေလိမ့်မယ်” လို့​ ယေရှု​ပြောတယ်။ ဒါပေမဲ့ “အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်​လေးမျက်နှာ​က​လာတဲ့ လူတွေ၊” လူမျိုး​အားလုံး​ထဲ​က လူတွေကတော့ “ဘုရားသခင့် နိုင်ငံတော်မှာ ထိုင်ပြီး စားသောက်​ကြ​လိမ့်မယ်။”—လုကာ ၁၃:၂၈၊ ၂၉

“နောက်ဆုံး​က လူတချို့ [ဂျူး​မဟုတ်​သူတွေနဲ့ အ​ဖိနှိပ်ခံ​ဂျူးတွေ] ရှေ့ဆုံး​ကို ရောက်​လိမ့်မယ်။ ရှေ့ဆုံး​က လူတချို့ [အာဗြဟံရဲ့ သားမြေး​တွေပါ ဆိုပြီး မာန်​တက်နေတဲ့ ဘာသာရေး​ခေါင်းဆောင်​တွေ] နောက်ဆုံး​ကို ရောက်​လိမ့်မယ်” လို့​ပြောတယ်။ (လုကာ ၁၃:၃၀) “နောက်ဆုံး​ကို” ရောက်မယ်​ဆိုတာ ကျေးဇူးမသိ​တတ်တဲ့ အဲဒီ​လူတွေ ဘုရား​နိုင်ငံတော် ဝင်​ရမှာ မဟုတ်ဘူး​ဆိုတဲ့ အဓိပ္ပာယ်ပဲ။

အဲဒီအချိန်မှာ ဖာရိရှဲ​တချို့ ယေရှု​ဆီ​လာပြီး “ဟေရုဒ် [အန္တိပ] မင်း​က ခင်ဗျားကို သတ်ချင်​နေတယ်။ ဒီကနေ ထွက်သွား​ပါ” လို့​အကြံပေး​တယ်။ ဒီ​ဒေသက​နေ ယေရှု​ထွက်သွား​အောင် ဟေရုဒ်​မင်း​ကိုယ်တိုင် သတင်းလွှင့်​လိုက်တာ ဖြစ်မယ်။ ဟေရုဒ်​က နှစ်ခြင်း​ပေးသူ ယောဟန်​ကို သတ်​တဲ့​ကိစ္စမှာ သူပါ​ဝင်​ခဲ့သလို အခုလည်း ပရောဖက်​နောက်​တစ်ယောက် သေတဲ့​ကိစ္စမှာ ပါဝင်​ပတ်သက်​မိ​မှာ​ကို စိုးရိမ်​နေတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ယေရှု​က “‘ဒီနေ့​နဲ့ မနက်ဖြန်​တော့ နတ်ဆိုးတွေကို နှင်ထုတ်​ပြီး ရောဂါ​ကုပေး​လိုက်​ဦး​မယ်။ သန်ဘက်ခါ​ကျ​မှ အလုပ်​ပြီး​မှာ’ လို့ အဲဒီ​မြေခွေး​ကို သွား​ပြောလိုက်ပါ” ဆိုပြီး ဖာရိရှဲတွေကို ပြောတယ်။ (လုကာ ၁၃:၃၁၊ ၃၂) “မြေခွေး” လို့​ပြောတာက ဟေရုဒ်ဟာ မြေခွေး​လို​ပဲ ကောက်ကျစ်​တယ်လို့ ဆိုလိုတာ​ဖြစ်မယ်။ ဒါပေမဲ့ ဟေရုဒ်​ဖြစ်ဖြစ်၊ တခြား​ဘယ်သူ​ဖြစ်ဖြစ် ယေရှုကို ကြိုးကိုင်​လို့၊ ဖိအားပေး​လို့ မရဘူး။ အဖဘုရား​ပေးထားတဲ့ တာဝန်ကို လူ့​အစီအစဉ်​ဇယားအတိုင်း မဟုတ်ဘဲ ဘုရားရဲ့ အစီအစဉ်​ဇယားအတိုင်း သူ​လုပ်ဆောင်​မှာ​ဖြစ်တယ်။

ယေရှု​က “ပရောဖက်​မှန်​ရင် ဂျေရုဆလင်​မြို့ပြင်မှာ အသတ်​ခံဖို့ မဖြစ်နိုင်ဘူး” လို့​ပြောတဲ့​အတိုင်း ဂျေရုဆလင်​မြို့ကို ခရီးဆက်​တယ်။ (လုကာ ၁၃:၃၃) ဂျေရုဆလင်​မြို့မှာ မေရှိယ​ သေဆုံးမယ်​လို့ ဘယ်​ကျမ်းစာ​ပရောဖက်ပြုချက်မှာ​မှ မပြော​ထားပေမဲ့ အဲဒီမြို့မှာ အသတ်ခံရ​မယ်​လို့ ယေရှု ဘာကြောင့် ပြောတာလဲ။ ဂျေရုဆလင်​မြို့ဟာ အဖွဲ့ဝင် ၇၁ ဦး​ပါဝင်တဲ့ ဂျူး​တရားရုံးချုပ်​ရှိတဲ့ မြို့တော်​ဖြစ်ပြီး ပရောဖက်​အတုအယောင်​လို့ စွပ်စွဲ​ခံရသူတွေကို အဲဒီမှာ ရုံးတင် စစ်ဆေး​လေ့​ရှိတယ်။ ဒါ့အပြင် တိရစ္ဆာန်​ယဇ်​တွေ ပူဇော်​တဲ့​နေရာလည်း​ဖြစ်တယ်။ ဒါကြောင့် ဂျေရုဆလင်​မြို့က​လွဲ​ပြီး တခြား​နေရာမှာ အသတ်ခံရ​ဖို့ မဖြစ်​နိုင်မှန်း ယေရှု​သိထားတယ်။

အဲဒီမြို့​နဲ့ပတ်သက်ပြီး ယေရှု အခုလို မြည်တမ်း​ခဲ့​တယ်– “ဂျေရုဆလင်​မြို့၊ ဂျေရုဆလင်​မြို့၊ မင်းဟာ ပရောဖက်​တွေကို သတ်​တဲ့​မြို့၊ ဘုရား လွှတ်လိုက်တဲ့ သူတွေကို ခဲ​နဲ့​ပေါက်​တဲ့​မြို့​ပဲ။ ကြက်မ​က ကြက်ပေါက်လေးတွေ​ကို အတောင်​အောက်မှာ စုရုံးသလို မင်းရဲ့ သားသမီးတွေကိုလည်း စုရုံး​ဖို့ ငါ​အကြိမ်ကြိမ် ကြိုးစား​သေးတယ်။ ဒါပေမဲ့ မင်း​ကမှ လက်မခံတာ။ မင်းရဲ့​အိမ်တော်​ဟာ စွန့်ပစ်​ခံရလိမ့်မယ်။” (လုကာ ၁၃:၃၄၊ ၃၅) အစ္စရေး​လူမျိုးဟာ ဘုရားရဲ့သားတော်ကို ငြင်းပယ်​တဲ့​အတွက် အကျိုးဆက်​တွေ ခံစား​ရပါလိမ့်မယ်။

ဂျေရုဆလင်​မြို့ကို ယေရှု​ မရောက်ခင် ဥပုသ်​နေ့တစ်နေ့မှာ ဖာရိရှဲ​ခေါင်းဆောင်​တစ်ယောက်က သူ့​အိမ်မှာ စားသောက်ဖို့ ယေရှုကို ဖိ​တ်​တယ်။ အဲဒီမှာ ရေ​ဖျင်းစွဲ​ပြီး ဖောရောင်​နေ​သူ​တစ်ယောက် ရှိနေတယ်။ ဖိတ်ခေါ်ခံ​ရတဲ့ တခြား​လူတွေက အဲဒီ​လူကို ယေရှု ဘာလုပ်​ပေး​မလဲ​ဆိုတာ အသေအချာ စောင့်ကြည့်​နေကြ​တယ်။ ယေရှု​က “ဥပုသ်​နေ့မှာ ရောဂါ​ကုပေးသင့်သလား၊ မ​ကုပေးသင့်​ဘူး​လား” ဆိုပြီး ပညတ်​ကျမ်း နှံ့စပ်သူ​တွေ​နဲ့ ဖာရိရှဲတွေကို မေးလိုက်တယ်။—လုကာ ၁၄:၃

ဘယ်သူမှ ပြန်​မဖြေ​ကြဘူး။ ဒါနဲ့ အဲဒီ​လူကို ကုသ​ပေးပြီး​နောက် “ခင်ဗျားတို့ရဲ့သား ဒါမှမဟုတ် နွား​က ဥပုသ်​နေ့မှာ တွင်း​ထဲ​ကျသွား​ရင် ချက်ချင်း မ​ဆွဲတင်​မယ့်​သူ ရှိသလား” လို့​မေးလိုက်တယ်။ (လုကာ ၁၄:၅) ဒီ​တစ်ခါလည်း ယေရှုရဲ့ ခိုင်လုံတဲ့ ကျိုးကြောင်း​ရှင်းပြချက်ကို သူတို့ ပြန်​မချေပ​နိုင်ကြဘူး။