အခန်း ၈၅
နောင်တရတဲ့အပြစ်သားအတွက် ၀မ်းမြောက်ခြင်း
-
ပျောက်တဲ့သိုးနဲ့ ပျောက်တဲ့ငွေတစ်ပြား ပုံဥပမာ
-
ကောင်းကင်တမန်တွေ ဝမ်းမြောက်
ယေရှုဟာ နှိမ့်ချမှုအရေးကြီးကြောင်း အမှုဆောင်ချိန်အတွင်း အကြိမ်ကြိမ် အလေးပေးပြောတယ်။ (လုကာ ၁၄:၈-၁၁) ဘုရားအမှုတော်ကို နှိမ့်ချစွာ ထမ်းဆောင်ချင်တဲ့ အမျိုးသား၊ အမျိုးသမီးတွေကို ထက်ထက်သန်သန် ရှာဖွေတယ်။ ဒါပေမဲ့ သူတို့ထဲက တချို့ဟာ အခုထိ နာမည်ပျက်နေတဲ့ အပြစ်သားတွေ ဖြစ်နေကြတုန်းပဲ။
အဲဒီလူတွေကို ဖာရိရှဲနဲ့ ကျမ်းတတ်တွေက အောက်တန်းကျတယ်လို့ သတ်မှတ်တယ်။ သူတို့တွေ ယေရှုဆီလာပြီး သတင်းစကား နားထောင်တာ တွေ့တဲ့အခါ “ဒီလူဟာ အပြစ်သားတွေကို ကြိုဆိုလက်ခံတဲ့အပြင် သူတို့နဲ့အတူ စားသောက်နေပါလား” ဆိုပြီး မကျေမနပ် ပြောကြတယ်။ (လုကာ ၁၅:၂) ဖာရိရှဲနဲ့ ကျမ်းတတ်တွေက သူတို့ကိုယ်သူတို့ အဆင့်အတန်း မြင့်သူတွေလို့ ယူမှတ်ပြီး သာမန်လူတွေကို ခြေဖဝါးအောက်က ဖုန်မှုန့်သဖွယ် ဆက်ဆံကြတယ်။ အဲဒီလူတွေကို အထင်သေးတဲ့သဘောနဲ့ “မြေကြီးသား” လို့အဓိပ္ပာယ်ရှိတဲ့ ဟီဘရူးစကားလုံး “အမ်ဟာအရက်စ်” လို့ ခေါ်ကြတယ်။
ယေရှုကတော့ သူတို့ကို သိက္ခာရှိရှိ၊ ကြင်ကြင်နာနာ ဆက်ဆံပြီး ကရုဏာပြတယ်။ ဒါကြောင့် အပြစ်ကျူးလွန်သူတွေလို့ လူသိများတဲ့လူတချို့ အပါအဝင် နိမ့်ကျသူများစွာဟာ ယေရှုရဲ့စကားတွေကို လိုလိုလားလား နားထောင်ကြတယ်။ ဒီလိုနိမ့်ကျသူတွေကို ကြိုဆိုလက်ခံပြီး ကူညီပေးလို့ ပြစ်တင်ဝေဖန်ခံရတဲ့အခါ ယေရှု ဘယ်လို တုံ့ပြန်သလဲ။
စိတ်ထိမိစေတဲ့ ပုံဥပမာမှာ အဖြေတွေ့နိုင်ပါတယ်။ အဲဒီပုံဥပမာကို အစောပိုင်းတုန်းက ကပေရနောင်မြို့မှာလည်း ပြောခဲ့တယ်။ (မဿဲ ၁၈:၁၂-၁၄) ပုံဥပမာမှာ ယေရှုက ဖာရိရှဲတွေဟာ ဖြောင့်မတ်တယ်၊ ဘုရားရဲ့ သိုးခြံထဲမှာ လုံခြုံနေတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပြောထားတယ်။ နိမ့်ကျသူတွေကတော့ လမ်းလွဲပြီး လမ်းပျောက်နေတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပြောထားတယ်။ ယေရှု အခုလို ပြောတယ်–
“ခင်ဗျားတို့ထဲက တစ်ယောက်ယောက်ဆီမှာ သိုးအကောင် ၁၀၀ ရှိပြီး တစ်ကောင်ပျောက်သွားတယ် ဆိုပါစို့။ ကျန်တဲ့သိုး ၉၉ ကောင်ကို တောမှာ ထားခဲ့ပြီး ပျောက်သွားတဲ့သိုးကို မတွေ့မချင်း လိုက်ရှာမယ် မဟုတ်လား။ ရှာတွေ့တဲ့အခါ ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ပခုံးပေါ် ထမ်းလာတာပဲ။ အိမ်ရောက်တော့ မိတ်ဆွေတွေ၊ အိမ်နီးချင်းတွေကို ခေါ်ပြီး ‘ပျောက်တဲ့သိုးကို ပြန်တွေ့ပြီ။ ကျွန်တော်နဲ့အတူ ဝမ်းမြောက်ကြပါ’ လို့ ပြောတတ်တယ်။”—လုကာ ၁၅:၄-၆။
ယေရှု ဘာကို ပြောချင်တာလဲ။ “အလားတူပဲ။ ကျွန်တော်ပြောမယ်။ ဖြောင့်မတ်ပြီး နောင်တရစရာ အကြောင်းမရှိတဲ့လူ ၉၉ ယောက်အတွက် ဝမ်းမြောက်တာထက် နောင်တရတဲ့ အပြစ်သားတစ်ယောက်အတွက် ကောင်းကင်မှာ ပိုလို့တောင် ဝမ်းမြောက်ကြလိမ့်မယ်” လို့ရှင်းပြတယ်။—လုကာ ၁၅:၇။
နောင်တအကြောင်း ယေရှုပြောတဲ့အခါ ဖာရိရှဲတွေ အထိနာသွားမှာပဲ။ သူတို့ကိုယ်သူတို့ ဖြောင့်မတ်သူတွေလို့ ယူဆပြီး နောင်တယူဖို့ မလိုဘူးလို့ ထင်နေကြတာ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အခွန်ခံတွေ၊ အပြစ်သားတွေနဲ့အတူ ယေရှုစားသောက်နေတာကို မြင်တော့ သူတို့ထဲကတချို့ အပြစ်တင်ခဲ့ကြတယ်။ ဒါကြောင့် မာကု ၂:၁၅-၁၇) ကိုယ့်ကိုယ်ကိုယ် သူတော်ကောင်းလို့ ယူမှတ်တဲ့ ဖာရိရှဲတွေဟာ နောင်တယူဖို့လိုမှန်း အသိအမှတ် မပြုကြဘူး။ ဒါကြောင့် သူတို့အတွက် ကောင်းကင်မှာ ဝမ်းမြောက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အပြစ်သားတွေကတော့ နောင်တစစ် တင်ပြတယ်။
ယေရှုက “ကျွန်တော်လာတာ ဖြောင့်မတ်သူတွေကို ခေါ်ဖို့ မဟုတ်ဘူး။ အပြစ်သားတွေကို ခေါ်ဖို့ပဲ” ဆိုပြီး ပြန်ပြောတယ်။ (လမ်းပျောက်သွားတဲ့ အပြစ်သားတွေ ပြန်လှည့်လာတဲ့အတွက် ကောင်းကင်မှာ ဝမ်းမြောက်တယ်ဆိုတာ အလေးပေးချင်လို့ နောက်ပုံဥပမာတစ်ခုကို ဆက်ပြောတယ်– “အမျိုးသမီးတစ်ယောက်မှာ ဒရက်မာ ဆယ်ပြားရှိတာ တစ်ပြားပျောက်သွားတယ် ဆိုပါစို့။ အဲဒီအခါ မီးခွက်ကိုထွန်း၊ အိမ်ကို လှည်းကျင်းပြီး မတွေ့မချင်း စေ့စေ့စပ်စပ်ရှာမယ် မဟုတ်လား။ ရှာတွေ့တဲ့အခါ မိတ်ဆွေတွေ၊ အိမ်နီးချင်းတွေကို ခေါ်ပြီး ‘ပျောက်သွားတဲ့ ဒရက်မာ တစ်ပြားကို ပြန်တွေ့ပြီ။ ကျွန်မနဲ့အတူ ဝမ်းမြောက်ကြပါ’ လို့ပြောတတ်တယ်။”—လုကာ ၁၅:၈၊ ၉။
ယေရှုပြောချင်တဲ့ အချက်က ပျောက်တဲ့သိုး ပုံဥပမာမှာ ပြောခဲ့တာနဲ့ အတူတူပဲ။ “အလားတူပဲ။ ကျွန်တော်ပြောမယ်။ အပြစ်သားတစ်ယောက် နောင်တရတဲ့အခါ ဘုရားသခင့် ကောင်းကင်တမန်တွေ ဝမ်းမြောက်ကြတယ်” လို့ပြောတယ်။—လုကာ ၁၅:၁၀။
ဘုရားသခင့် ကောင်းကင်တမန်တွေဟာ လမ်းပျောက်သွားတဲ့ အပြစ်သားတွေ ပြန်လှည့်လာဖို့ သိပ်လိုလားတယ်ဆိုတာ စဉ်းစားကြည့်ပါ။ အဲဒါက သိပ်ထူးခြားတယ်။ အကြောင်းကတော့ နောင်တရပြီး ကောင်းကင်နိုင်ငံတော် ဝင်ခွင့်ရမယ့် အပြစ်သားတွေဟာ ကောင်းကင်တမန်တွေထက် ရာထူးကြီးကြီး ရမှာဖြစ်လို့ပဲ။ (၁ ကောရိန္သု ၆:၂၊ ၃) ကောင်းကင်တမန်တွေမှာ မနာလိုစိတ်မရှိဘူး။ ကျွန်တော်တို့လည်း အပြစ်သားတစ်ယောက် ဘုရားဆီ ပြန်လှည့်လာပြီး နောင်တစစ်တင်ပြမယ်ဆိုရင် ဘယ်လို သဘောထားသင့်သလဲ။