အခန်း ၈၉
ယုဒနယ်ကိုအသွား ပေရိယနယ်မှာသွန်သင်ခြင်း
-
တိုက်မိလဲစေတာက ကြီးလေးတဲ့အပြစ်ဖြစ်
-
ခွင့်လွှတ်ခြင်းနဲ့ ယုံကြည်ခြင်း တင်ပြ
ယေရှုက “ဂျော်ဒန်မြစ်တစ်ဖက်ကမ်း” ပေရိယနယ်မှာ အတော်ကြာကြာနေတယ်။ (ယောဟန် ၁၀:၄၀) မကြာခင် တောင်ဘက် ဂျေရုဆလင်မြို့ကို ခရီးဆက်တော့မယ်။
ယေရှုတစ်ယောက်တည်းတော့ မဟုတ်ဘူး။ သူနဲ့အတူ တပည့်တွေပါတယ်။ အခွန်ခံနဲ့ အပြစ်သားတွေ အပါအဝင် “လူတွေအများကြီး” လည်းလိုက်ပါလာတယ်။ (လုကာ ၁၄:၂၅။ ၁၅:၁) ယေရှုပြောတာတွေ၊ လုပ်တာတွေကို အပြစ်ရှာတဲ့ ဖာရိရှဲနဲ့ ကျမ်းတတ်တွေလည်း အဲဒီမှာ ရှိနေတယ်။ ပျောက်တဲ့သိုး၊ ပျောက်တဲ့သား၊ သူဌေးနဲ့ လာဇရု ပုံဥပမာတွေကို ကြားပြီးနောက် သူတို့မှာ စဉ်းစားစရာ အများကြီးပဲ။—လုကာ ၁၅:၂။ ၁၆:၁၄။
သိပ်မကြာခင်က ဆန့်ကျင်သူတွေ အပြစ်ရှာ၊ ကဲ့ရဲ့လှောင်ပြောင်တာကို သတိရသွားလို့ ဖြစ်မယ်။ တပည့်တွေကို ဂါလိလဲနယ်မှာ အစောပိုင်းတုန်းက သွန်သင်ပေးခဲ့တဲ့ တချို့အချက်တွေ ယေရှု ထပ်ပြောတယ်။
ဥပမာ၊ “တိုက်မိလဲစရာတွေကိုတော့ ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူတစ်ပါးကို တိုက်မိလဲစေသူဟာ အဖြစ်ဆိုးကြုံရလိမ့်မယ်။ . . . ခင်ဗျားတို့လည်း သတိထားကြ။ ညီအစ်ကိုတစ်ယောက် အပြစ်တစ်ခုခုလုပ်ရင် သူ့ကို ဆုံးမပါ။ သူနောင်တရရင် ခွင့်လွှတ်လိုက်ပါ။ တစ်နေ့တည်းမှာ ကိုယ့်ကို ခုနစ်ကြိမ် ပြစ်မှားပေမဲ့ ‘ကျွန်တော့်ကို ခွင့်လွှတ်ပါ’ ဆိုပြီး ခုနစ်ကြိမ် လာတောင်းပန်ရင် သူ့ကို ခွင့်လွှတ်လိုက်ပါ” လို့ပြောတယ်။ (လုကာ ၁၇:၁-၄) နောက်ဆုံးပြောလိုက်တဲ့ အချက်ကို ပေတရုကြားတော့ ခုနစ်ကြိမ် ခွင့်လွှတ်ရမှာလားလို့ သူမေးခဲ့တာကို ပြန်သတိရသွားမှာပဲ။—မဿဲ ၁၈:၂၁။
ယေရှုရဲ့ စကားအတိုင်း တပည့်တွေ လုပ်နိုင်ကြမလား။ သူတို့က “ကျွန်တော်တို့ကို ယုံကြည်ခြင်း တိုးများအောင် လုပ်ပေးပါ” လို့ ယေရှုကိုပြောတော့ “ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်းသာ မုန်ညင်းစေ့လောက်ရှိရင် ဒီပိုးစာပင်ကို ‘အမြစ်ပါ ကျွတ်ထွက်ပြီး ပင်လယ်မှာ ပေါက်ပါစေ’ လို့ပြောရင် အဲဒီအတိုင်း ဖြစ်လိမ့်မယ်” ဆိုပြီးပြောတယ်။ (လုကာ ၁၇:၅၊ ၆) မှန်ပါတယ်၊ ယုံကြည်ခြင်း နည်းနည်းလေးကတောင် ကြီးမားတဲ့အရာတွေကို ပြီးမြောက်စေနိုင်တယ်။
အဲဒီနောက် တမန်တော်တွေ နှိမ့်ချမှုရှိဖို့၊ ကိုယ့်ကိုယ်ကိုယ် မျှမျှတတ ရှုမြင်ဖို့ အရေးကြီးမှန်း ယေရှု အခုလို သင်ပေးတယ်– “လယ်ထွန်ရာကဖြစ်စေ၊ သိုးကျောင်းရာကဖြစ်စေ ပြန်ရောက်လာတဲ့ ကျွန်ကို ‘လာခဲ့၊ စားပွဲမှာ တစ်ခါတည်းသာ ဝင်စားလိုက်’ လို့ပြောမယ့်သူ ခင်ဗျားတို့ထဲမှာ ရှိသလား။ တကယ်တော့ ‘ငါ့အတွက် ညစာပြင်ပေးစမ်း။ ငါစားသောက်ပြီးတဲ့အထိ ခါးစည်းစည်းပြီး လိုသမျှ လုပ်ပေး။ ပြီးမှပဲ မင်း စားတော့’ လို့ပြောတတ်ကြတယ် မဟုတ်လား။ ခိုင်းတဲ့အတိုင်းလုပ်တဲ့ ကျွန်ကို သခင်က ကျေးဇူးတင်စရာအကြောင်း ဘာမှမရှိဘူး။ အဲဒီလိုပဲ၊ ခင်ဗျားတို့လည်း ခိုင်းထားသမျှ လုပ်ပြီးသွားတဲ့အခါ ‘ကျွန်တော်တို့ဟာ ဘာမှအကျိုးမပေးတဲ့ ကျွန်တွေပါ။ လုပ်ရမယ့် ဝတ္တရားကို လုပ်ခဲ့ရုံလေးပါပဲ’ လို့ပြောကြပါ။”—လုကာ ၁၇:၇-၁၀။
ဘုရားရဲ့ ကျေးကျွန်တစ်ဦးစီဟာ ဘုရားသခင်နဲ့ဆိုင်တဲ့ အရေးကိစ္စတွေကို ပထမနေရာမှာထားဖို့ အရေးကြီးမှန်း နားလည်သင့်တယ်။ ဒါ့အပြင် ဘုရားသခင်ရဲ့ မိသားစုဝင်အနေနဲ့ ကိုးကွယ်ခွင့်ရတဲ့ အခွင့်ထူးကို အမှတ်ရနေသင့်တယ်။
ခဏကြာတော့ မာရိနဲ့ မာသဆီက သတင်းတစ်ခု ရောက်လာတယ်။ သူတို့ဟာ လာဇရုရဲ့ အစ်မတွေဖြစ်ပြီး ယုဒနယ်၊ ဗေသနိရွာမှာ နေထိုင်ကြတယ်။ ယေရှုဆီ လူလွှတ်ပြီး “သခင်ချစ်ခင်တဲ့သူ ဖျားနေပါတယ်” လို့ မှာလိုက်တယ်။—ယောဟန် ၁၁:၁-၃။
လာဇရု ဖျားနေတယ်လို့ ယေရှု သိလိုက်ရတဲ့အခါ ဝမ်းနည်းပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်မသွားဘူး။ ယေရှုက “သူ အခုလိုဖျားတာ သေဖို့မဟုတ်ဘူး၊ ဘုရားသခင့်ဘုန်းတော် ထင်ရှားဖို့ပဲ။ ဘုရားသခင်ရဲ့သားလည်း ဘုန်းထင်ရှားလိမ့်မယ်” လို့ပြောပြီး သူရောက်နေတဲ့ နေရာမှာပဲ နှစ်ရက်ဆက်နေတယ်။ အဲဒီနောက် “ယုဒပြည်ကို နောက်တစ်ကြိမ် သွားရအောင်” လို့ပြောတော့ တပည့်တွေက “ဆရာ၊ သိပ်မကြာခင်ကပဲ ယုဒပြည်သားတွေ ဆရာ့ကို ခဲနဲ့ ပေါက်ချင်နေတာလေ။ အခု အဲဒီကို ပြန်သွားမလို့လား” လို့မေးပြီး ကန့်ကွက်ကြတယ်။—ယောဟန် ၁၁:၄၊ ၇၊ ၈။
အဲဒီအခါ ယေရှုက “နေ့အချိန် ၁၂ နာရီရှိတာပဲ။ နေ့အချိန်မှာ သွားလာမယ်ဆိုရင် ဒီလောကရဲ့အလင်းကို မြင်ရတဲ့အတွက် ခလုတ်တိုက်လဲမှာ မဟုတ်ဘူး။ ညအချိန်မှာ သွားလာရင်တော့ သူ့ဆီမှာ အလင်းမရှိတဲ့အတွက် ခလုတ်တိုက်လဲတတ်တယ်” လို့ဖြေတယ်။ (ယောဟန် ၁၁:၉၊ ၁၀) ယေရှုရဲ့ အမှုဆောင်လုပ်ငန်း အတွက် ဘုရားသတ်မှတ်ပေးထားတဲ့အချိန် မပြည့်သေးဘူးလို့ ပြောနေတာ။ အဲဒီအချိန် မရောက်မချင်း ကျန်ရှိနေသေးတဲ့ အချိန်တိုလေးကို ယေရှု အပြည့်အဝ အသုံးပြုချင်တယ်။
ယေရှုက “ကျွန်တော်တို့ရဲ့ သူငယ်ချင်း လာဇရု အိပ်ပျော်သွားပြီ။ သူ့ကိုနှိုးဖို့ သွားရမယ်” လို့ဆက်ပြောတယ်။ လာဇရု အနားယူနေတယ်၊ ပြန်ကောင်းလာမယ်လို့ တပည့်တွေထင်တာကြောင့် “သခင်၊ သူအိပ်ပျော်သွားပြီဆိုတော့ သက်သာမှာပါ” လို့ပြောတယ်။ ဒါကြောင့် ယေရှုက “လာဇရု ဆုံးသွားပြီ။ . . . သူ့ဆီ အခု သွားရအောင်” ဆိုပြီး တဲ့တိုး ပြောလိုက်တယ်။—ယောဟန် ၁၁:၁၁-၁၅။
ယုဒနယ်မှာ ယေရှုအသတ်ခံရနိုင်မှန်း သောမ သိပေမဲ့ ကူညီပေးချင်လို့ “ငါတို့လည်း လိုက်သွားရအောင်။ သခင်နဲ့အတူ သေရင်သေပါစေ” လို့ ကျန်တဲ့တပည့်တွေကို ပြောတယ်။—ယောဟန် ၁၁:၁၆။