မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၉၀

“ရှင်ပြန်ထမြောက်အောင်လုပ်ပေးတဲ့သူ၊ အသက်ရစေတဲ့သူ”

“ရှင်ပြန်ထမြောက်အောင်လုပ်ပေးတဲ့သူ၊ အသက်ရစေတဲ့သူ”

ယောဟန် ၁၁:၁၇-၃၇

  • လာဇရု​သေ​ပြီးနောက် ယေရှု ရောက်လာ

  • “ရှင်ပြန်ထမြောက်​စေ​သူ၊ အသက်​ရစေတဲ့​သူ”

ယေရှု​က ပေရိယ​နယ်​ကနေ ဂျေရုဆလင်​မြို့ အရှေ့ဘက် နှစ်​မိုင်​လောက်​ဝေး​တဲ့ ဗေသနိ​ရွာ​နား​ကို ရောက်လာတယ်။ မာရိ​နဲ့ မာသ​က သူတို့​မောင် လာဇရု သိပ်​မကြာခင်​က ဆုံးသွားလို့ ဝမ်းနည်းပူဆွေး​နေတယ်။ သူတို့ကို နှစ်သိမ့်​ဖို့ လူ​အများကြီး ရောက်နေတယ်။

ယေရှု လာနေတယ်လို့ လူတစ်ယောက် သတင်းပို့​တဲ့အခါ မာသ​က ခရီး​ဦး​ကြို​ပြု​ဖို့ အမြန်​ထွက်သွား​တယ်။ ယေရှုကို​တွေ့​တော့ “သခင်၊ သခင်သာ ဒီမှာ​ရှိခဲ့ရင် ကျွန်မရဲ့​မောင် သေ​မှာ​မဟုတ်ဘူး” လို့​ပြောတယ်။ လွန်ခဲ့တဲ့ လေး​ရက်​တုန်း​က သူတို့​ညီအစ်မ အဲဒီလို တွေး​နေတာ​ဖြစ်မယ်။ ဒါပေမဲ့ မာသ​မှာ မျှော်လင့်ချက် ရှိနေတုန်းပဲ။ “သခင်သာ တောင်းမယ်​ဆိုရင် ဘုရားသခင်က ဘာ​မဆို​ပေးမယ်​ဆိုတာ ကျွန်မ​သိပါတယ်” လို့​သူပြောတယ်။ (ယောဟန် ၁၁:၂၁၊ ၂၂) လာဇရု​ကို ယေရှု ထမြောက်​ပေးနိုင်မှန်း မာသ သိတယ်။

“ခင်ဗျားရဲ့​မောင် အသက်ပြန်ရှင်​လာမယ်” လို့ ယေရှု ပြောလိုက်တဲ့​အခါ မာသ​က အာဗြဟံ​နဲ့ တခြားသူတွေ မျှော်လင့်​ခဲ့​တဲ့ မြေကြီးပေါ် အနာဂတ် ရှင်ပြန်ထမြောက်ခြင်း​ကို ရည်ညွှန်း​နေတာ​လို့ ထင်​သွားတယ်။ အဲဒီလို တကယ်​ဖြစ်လာမယ်​ဆိုတာ ယုံကြည်​ကြောင်း ပြတဲ့အနေနဲ့ “နောက်ဆုံးသော​နေ့၊ ရှင်ပြန်ထမြောက်​ရာ​ကာလမှာ သူ အသက်ပြန်ရှင်​လာမယ်​ဆိုတာ ကျွန်မ​သိပါတယ်” လို့​ပြောတယ်။—ယောဟန် ၁၁:၂၃၊ ၂၄

ဒါပေမဲ့ အခု​ချက်ချင်း ဝမ်းနည်းမှု ပျောက်​သွား​အောင် ယေရှု လုပ်ပေး​နိုင်သလား။ မိမိမှာ သေခြင်းကို အောင်နိုင်​တဲ့ ဘုရားပေး​တန်ခိုး​ရှိ​မှန်း မာသ ပြန်သတိရ​သွား​အောင် ယေရှု အခုလို ပြောတယ်– “ကျွန်တော့်ကို ယုံကြည်သက်ဝင်​မယ်​ဆိုရင် သေဆုံး​သွား​ရင်တောင် အသက်ပြန်ရှင်​လိမ့်မယ်။ ကျွန်တော့်ကို ယုံကြည်သက်ဝင်​ပြီး အသက်ရှင်​တဲ့​သူဟာ ဘယ်တော့မှ သေ​ရမှာ​မဟုတ်ဘူး။”—ယောဟန် ၁၁:၂၅၊ ၂၆

ယေရှု​က အသက်ရှင်​နေတဲ့ တပည့်​တွေ ဘယ်တော့မှ သေ​မှာ​မဟုတ်ဘူးလို့ ပြော​နေတာ မဟုတ်ဘူး။ သူကိုယ်တိုင်​တောင် သေ​ရမယ်လို့ တမန်တော်တွေကို ပြောဖူးတယ်။ (မဿဲ ၁၆:၂၁။ ၁၇:၂၂၊ ၂၃) သူ့ကို ယုံကြည်သက်ဝင်​မယ်​ဆိုရင် ထာဝရ​အသက်​ရ​နိုင်တယ်လို့ အလေးပေး ပြော​နေတာ။ လူများစွာ ရှင်ပြန်ထမြောက်​လာတဲ့အခါ အဲဒီ​အသက်ကို ရရှိ​မှာ​ဖြစ်တယ်။ ဒီ​စနစ်​အဆုံး​မှာ အသက်ရှင်​နေတဲ့ သစ္စာ​ရှိသူ တချို့ကတော့ ဘယ်တော့မှ သေ​စ​ရာ​မလို​ဘဲ ထာဝစဉ် အသက်ရှင်​နိုင်တယ်။ ဒီ​အခြေအနေ နှစ်ရပ်​စ​လုံး​မှာ ယေရှုကို ယုံကြည်သက်ဝင်​သူဟာ ထာဝရ​သေခြင်းကို ဘယ်တော့မှ ကြုံရမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။

“ကျွန်တော်ဟာ လူသေတွေကို ရှင်ပြန်ထမြောက်​စေ​သူ၊ အသက်​ရစေတဲ့​သူပဲ” လို့ အခု​လေး​တင်​ပြောတဲ့ ယေရှုဟာ သေသွား​တာ ရက်​အနည်းငယ် ကြာပြီ​ဖြစ်တဲ့ လာဇရု​ကို အသက်ပြန်ရှင်​အောင် လုပ်ပေး​နိုင်​ပါ့မလား။ ယေရှု​က “ဒါကို ယုံသလား” လို့ မာသ​ကို မေးတော့ “ယုံပါတယ်၊ သခင်။ သခင်ဟာ ခရစ်တော်​ဖြစ်မှန်း၊ ဒီ​လောက​ကိုလာ​တဲ့ ဘုရားသခင်ရဲ့သား​ဖြစ်မှန်း ကျွန်မ​ယုံပါတယ်” လို့​ဖြေတယ်။ အဲဒီ​နေ့မှာ ယေရှု တစ်ခုခု လုပ်ပေး​နိုင်တယ်လို့ မာသ ယုံကြည်တဲ့​အတွက် အိမ်ကို အမြန်​ပြန်သွားပြီး သူ့​ညီမ မာရိ​ကို “ဆရာ​ရောက်လာပြီ။ နင့်​ကို ခေါ်​နေတယ်” လို့ တိုးတိုး​လေး ပြောလိုက်​တယ်။ (ယောဟန် ၁၁:၂၅-၂၈) မာရိလည်း အိမ်ကနေ​ထွက်လာ​တယ်။ ဒါကို တခြားသူတွေ​မြင်​တော့ လာဇရုရဲ့သင်္ချိုင်း​ဆီ သွားတယ်လို့​ထင်ပြီး နောက်ကနေ လိုက်​လာကြတယ်။

တကယ်တော့ မာရိ​က ယေရှု​ဆီ​သွားတာ​ဖြစ်ပြီး ယေရှုကို မြင်​တာ​နဲ့ ခြေရင်းမှာ ပျပ်ဝပ်ပြီး ငို​တယ်။ အဲဒီနောက် သူ့​အစ်မ​ပြောသလိုပဲ “သခင်၊ သခင်သာ ဒီမှာ​ရှိခဲ့ရင် ကျွန်မရဲ့​မောင် သေ​မှာ​မဟုတ်ဘူး” လို့ ထပ်ပြော​တယ်။ ယေရှု​က မာရိရော လိုက်​လာတဲ့​လူအုပ်​ပါ ငို​နေတာကို မြင်တဲ့အခါ ဝမ်းနည်း​သွားပြီး မျက်ရည်ကျ​တယ်။ ဒါကို​မြင်​တဲ့​သူတွေလည်း စိတ်ထိခိုက်​သွားကြတယ်။ တချို့ကျတော့ “မျက်မမြင်​ကို ပြန်မြင်​အောင်​လုပ်ပေးတဲ့ ဒီ​လူက လာဇရု​မသေ​အောင်​ရော မလုပ်နိုင်ဘူး​လား” လို့​ပြော​ကြတယ်။—ယောဟန် ၁၁:၃၂၊ ၃၇