မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၉၁

လာဇရု အသက်ပြန်ရှင်လာ

လာဇရု အသက်ပြန်ရှင်လာ

ယောဟန် ၁၁:၃၈-၅၄

  • လာဇရုရဲ့ ရှင်ပြန်ထမြောက်ခြင်း

  • ဂျူး​တရားရုံးချုပ်​အဖွဲ့ဝင်​တွေ ယေရှုကိုသတ်ဖို့ ကြံစည်

ဗေသနိ​ရွာ​နား​မှာ မာသ၊ မာရိ​တို့နဲ့ ယေရှု​ဆုံပြီး​နောက် လာဇရုရဲ့ သင်္ချိုင်းဂူ​ဆီ သွားကြတယ်။ ဂူ​ဝ​ကို ကျောက်တုံး​နဲ့ ပိတ်​ထားတယ်။ ဒါနဲ့ “ကျောက်တုံး​ကို ဖယ်​လိုက်ပါ” လို့​ယေရှု အမိန့်​ပေးတယ်။ ယေရှု ဘာလို့ ဖယ်​ခိုင်း​မှန်း နားမလည်​ဘဲ မာသ​က “သခင်၊ လေး​ရက်​တောင် ရှိပြီ​ဆိုတော့ အခု နံနေလောက်ပြီ” လို့ စိုးရိမ်​တ​ကြီး​ပြောတယ်။ ဒါပေမဲ့ ယေရှု​က “ယုံတယ်​ဆိုရင် ဘုရားသခင့်​ဘုန်းတော်ကို မြင်​ရလိမ့်မယ်လို့ ကျွန်တော်​ပြောခဲ့တယ် မဟုတ်လား” ဆိုပြီး ပြန်​ပြောတယ်။—ယောဟန် ၁၁:၃၉၊ ၄၀

ဒီ​အခါ ကျောက်တုံး​ကို ရွှေ့​ကြတယ်။ ယေရှု​က ကောင်းကင်ကို မော့ကြည့်ပြီး အခုလို ဆုတောင်းတယ်– “အဖ၊ ကျွန်တော်​ပြောတာကို နားထောင်ပေး​တဲ့​အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်​ပြောတာကို အဖ အမြဲ​နားထောင်ပေး​မှန်း သိပါတယ်။ ဒီ​တစ်ကြိမ်​တော့ ကျွန်တော့်ကို အဖ​စေလွှတ်​လိုက်​မှန်း ဒီမှာ​ရပ်နေတဲ့​လူတွေ ယုံကြည်​လာစေဖို့ သူတို့​အကျိုးအတွက် ပြောရတာ​ပါ။” အခု သူ​လုပ်တော့မယ့်​အရာဟာ ဘုရားပေး အစွမ်း​တန်ခိုး​ကြောင့်​ဆိုတာ အနားမှာ​ရှိတဲ့​လူတွေကို သိစေချင်​လို့ လူအများရှေ့ ဆုတောင်းတာ။ အဲဒီနောက် “လာဇရု၊ ထွက်လာ​ခဲ့” ဆိုပြီး အကျယ်ကြီး အော်ခေါ်​လိုက်တယ်။ ဒီ​အခါ လာဇရု​က ခြေလက်​တွေ​ရော မျက်နှာ​မှာပါ အဝတ်​တွေ ပတ်​စည်း​လျက်သား ထွက်လာ​တယ်။ ယေရှု​က “သူ​သွား​လို့​ရအောင် အဝတ်​တွေ ဖြေပေး​လိုက်ပါ” လို့​ပြောတယ်။—ယောဟန် ၁၁:၄၁-၄၄

မာရိ​နဲ့ မာသ​ကို နှစ်သိမ့်​ပေးဖို့​လာတဲ့ ဂျူး​အတော်များများ​က ဒီ​အံ့ဖွယ်​အမှုကို​မြင်ပြီး ယေရှုကို ယုံကြည်သက်ဝင်​လာကြတယ်။ တချို့ကတော့ ဖာရိရှဲတွေ​ဆီ သွားပြီး ယေရှု​လုပ်ခဲ့တာ​ကို ပြောပြ​ကြတယ်။ ဒီ​အခါ ပုရောဟိတ်ကြီးတွေ​နဲ့ ဖာရိရှဲတွေက ဂျူး​တရားရုံးချုပ် အဖွဲ့ဝင်​တွေကို ခေါ်ပြီး အစည်းအဝေး​လုပ်တယ်။ အဲဒီ​အဖွဲ့ဝင်​တွေ​ထဲမှာ ပုရောဟိတ်မင်း ကယာဖ​လည်း ပါတယ်။ အဖွဲ့ဝင်​တချို့က အခုလို ညည်းညူ​ကြတယ်– “ဒီ​လူက အံ့ဖွယ်​အမှုတွေ အများကြီး လုပ်ပြ​နေပါ​လား။ ကျုပ်တို့ ဘယ်လိုလုပ်​ကြ​မ​တုံး။ ဒီအတိုင်းသာ လွှတ်ထား​ရင် လူအားလုံး သူ့ကို ယုံကြည်​ကြ​လိမ့်မယ်။ အဲဒီအခါ ရောမတွေ​ရောက်လာပြီး ဗိမာန်တော်ကို​ရော ကျုပ်တို့​လူမျိုးကိုပါ သိမ်းပိုက်​သွား​လိမ့်မယ်။” (ယောဟန် ၁၁:၄၇၊ ၄၈) ယေရှု “အံ့ဖွယ်​အမှုတွေ အများကြီး” လုပ်ပြ​တာ​ကို​မြင်​တဲ့ မျက်မြင်သက်သေ​တွေ ရှိတာတောင် ယေရှု​ကနေ​တစ်ဆင့် ဘုရား​လုပ်ပေးတာ​တွေ​အတွက် ဝမ်းမသာ​ကြဘူး။ အဲဒီအစား သူတို့ရဲ့ ရာထူးနဲ့ အခွင့်အာဏာ​အတွက်ပဲ အဓိက စိုးရိမ်​နေကြ​တယ်။

လာဇရု အသက်ပြန်ရှင်​လာတာဟာ ရှင်ပြန်ထမြောက်ခြင်း​ကို မယုံ​တဲ့ ဇဒ္ဒုကဲ​တွေ​အတွက် ပြင်းထန်တဲ့ ထိုးနှက်ချက်​ပဲ။ ဒါကြောင့် ဇဒ္ဒုကဲ​ဖြစ်တဲ့ ကယာဖက “ခင်ဗျားတို့ မသိကြဘူး​လား။ တစ်မျိုးလုံး ဖျက်ဆီး​ခံရ​တာ​ထက် လူအများ​အတွက် တစ်ယောက်​သေ​တာ​က ပို​အကျိုးရှိ​တယ်​ဆိုတာ မစဉ်းစားမိ​ကြဘူးလား” လို့​ပြောတယ်။—ယောဟန် ၁၁:၄၉၊ ၅၀။ တမန်တော် ၅:၁၇။ ၂၃:၈

ကယာဖဟာ ပုရောဟိတ်မင်း​ဖြစ်နေလို့ ဘုရားက သူ့ကို အဲဒီလို​ပြော​ခိုင်း​လိုက်တာ၊ “သူ့သဘော​အတိုင်း” ပြောတာ​မဟုတ်ဘူး။ ဂျူး​ဘာသာရေး ခေါင်းဆောင်​တွေရဲ့ သြဇာ​အာဏာ ဒီထက်ပိုပြီး မ​လျော့​သွား​အောင် ယေရှုကို သတ်​လိုက်တာ အကောင်းဆုံး​ပဲ​လို့ ကယာဖ​ပြောချင်တာ။ ဒါပေမဲ့ ကယာဖရဲ့ ပရောဖက်ပြုချက်​က ယေရှုဟာ ဂျူးလူမျိုး​အတွက်သာ​မ​က “တ​ကွဲ​တ​ပြား​ဖြစ်နေတဲ့ ဘုရားသခင့်သားသမီးတွေ” အတွက်ပါ ရွေးဖိုး​ပေးမယ်​ဆိုတဲ့ အချက်ကို ဖော်ပြ​နေတယ်။—ယောဟန် ၁၁:၅၁၊ ၅၂

ကယာဖဟာ ဂျူး​တရားရုံးချုပ် အဖွဲ့ဝင်​တွေကို စည်းရုံး​နိုင်တဲ့​အတွက် ယေရှုကိုသတ်ဖို့ သူတို့ ကြံစည်​ကြတော့တယ်။ ဒီသတင်းကို ယေရှုရဲ့​မိတ်ဆွေ၊ ဂျူး​တရားရုံးချုပ်​အဖွဲ့ဝင် နိ​ကော​ဒင်​က​များ ယေရှုကို ပြောလိုက်​တာ​လား။ ဘယ်လိုပဲ​ဖြစ်ဖြစ် ယေရှု​ကတော့ ဘုရားသတ်မှတ်​ထားတဲ့ အချိန်​မတိုင်ခင် အသတ်​မခံရအောင် ဂျေရုဆလင်​မြို့ကနေ ချက်ချင်း ထွက်သွား​တယ်။