မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၉၇

စပျစ်ခြံလုပ်သားများ ပုံဥပမာ

စပျစ်ခြံလုပ်သားများ ပုံဥပမာ

မဿဲ ၂၀:၁-၁၆

  • “နောက်ဆုံး ဝင်​လာ” တဲ့​စပျစ်ခြံ လုပ်သားတွေ “ရှေ့ဆုံး​ကို ရောက်​လိမ့်မယ်”

ပေရိယ​နယ်​မှာ ယေရှု​က “ရှေ့ဆုံး​က လူ​အတော်များများ နောက်ဆုံး​ကို ရောက်​လိမ့်မယ်။ နောက်ဆုံး​ကလူ​တွေ ရှေ့ဆုံး​ကို ရောက်​လိမ့်မယ်” လို့ နားထောင်​နေ​သူတွေကို ပြောခဲ့တယ်။ (မဿဲ ၁၉:၃၀) အဲဒီ​အချက်ကို ပေါ်လွင်​စေဖို့ စပျစ်ခြံ​လုပ်သားတွေ​အကြောင်း ပုံဥပမာ​ကို ပြောပြတယ်–

“ကောင်းကင်​နိုင်ငံဟာ လုပ်သား​တွေကို ငှား​ဖို့ မနက်စောစော ထွက်သွား​တဲ့ စပျစ်ခြံ​ပိုင်ရှင်​နဲ့ တူတယ်။ သူက လုပ်သား​တွေကို တစ်နေ့ ဒေနာရိ တစ်ပြား ပေးမယ်လို့ သဘောတူ​ပြီးနောက် စပျစ်ခြံ​ဆီ လွှတ်လိုက်တယ်။ အဲဒီနောက် မနက် ၉ နာရီ လောက်​မှာ ပြန်ထွက်​သွားပြီး အလုပ်​မရှိဘဲ စျေး​မှာ ရပ်နေသူတွေကို တွေ့​တဲ့အခါ၊ ‘ခင်ဗျားတို့လည်း ကျွန်တော့်​စပျစ်ခြံ​ကို သွား​ကြ။ ထိုက်သင့်တဲ့ အခ​ကို ပေးမယ်’ လို့​ပြောတယ်။ သူတို့လည်း သွားကြတယ်။ စပျစ်ခြံ​ပိုင်ရှင်​က နေ့လယ် ၁၂ နာရီ​နဲ့ ညနေ ၃ နာရီ လောက်​မှာ ပြန်ထွက်​သွားပြီး အရင်​လို​ပဲ လူတွေကို ဖိတ်ခေါ်တယ်။ ညနေ ၅ နာရီ လောက်​မှာ ပြန်ထွက်​သွားပြီး ရပ်နေတဲ့​လူတွေကို တွေ့​တဲ့အခါ ‘တစ်​နေ​ကုန် အလုပ်​မလုပ်ဘဲ ဒီမှာ ဘာလို့​ရပ်နေ​ကြတာလဲ’ လို့​မေးတယ်။ ‘ကျွန်တော်တို့ကို ငှား​မယ့်​သူ မရှိလို့ပါ’ ဆိုပြီး ဖြေ​ကြ​တဲ့အခါ ‘ကျွန်တော့်​စပျစ်ခြံ​မှာ သွား​အလုပ်လုပ်​ပါ’ လို့ ပြောလိုက်​တယ်။”—မဿဲ ၂၀:၁-၇

နားထောင်​နေ​သူတွေက “ကောင်းကင်​နိုင်ငံ၊” “စပျစ်ခြံ​ပိုင်ရှင်” ဆိုတဲ့​အသုံးအနှုန်းတွေကို ကြားတဲ့​အခါ ယေဟောဝါ​ဘုရား​အကြောင်း စဉ်းစားမိ​မှာ​ပဲ။ ကျမ်းစာမှာ ယေဟောဝါ​ဘုရားကို စပျစ်ခြံ​ပိုင်ရှင်​နဲ့ တင်စား​ပြီး အစ္စရေး​လူမျိုးကို စပျစ်ခြံ​နဲ့ တင်စား​ထားတယ်။ (ဆာလံ ၈၀:၈၊ ၉။ ဟေရှာယ ၅:၃၊ ၄) စပျစ်ခြံ​လုပ်သား​တွေကို ပညတ်ပဋိညာဉ်​အောက်မှာ ရှိသူတွေနဲ့ ခိုင်းနှိုင်း​တယ်။ ဒါပေမဲ့ ယေရှု​က အရင်​အခြေအနေကို ပုံဖော်​နေတာ မဟုတ်ဘူး။ လောလောဆယ် သူ့​လက်ထက်မှာ​ရှိတဲ့ အခြေအနေကို ပုံဖော်​ပြ​နေတာ။

ကွာရှင်းခြင်း​အကြောင်း​မေး​ပြီး ယေရှုကို အကဲစမ်း​တဲ့ ဖာရိရှဲတွေ​လို ဘာသာရေး​ခေါင်းဆောင်​တွေဟာ ဘုရားသခင့်​အမှုတော်ကို အမြဲမပြတ် ထမ်းဆောင်​နေ​ပုံပဲ။ သူတို့က အချိန်ပြည့်​လုပ်သားတွေ​နဲ့ တူတယ်။ တစ်နေ့​လုပ်အားခ​ဖြစ်တဲ့ ဒေနာရိ​တစ်ပြား အပြည့်​ရဖို့ မျှော်လင့်​ကြတယ်။

အဲဒီ​အုပ်စု​မှာပါတဲ့ ပုရောဟိတ်တွေနဲ့ တခြား​သူတွေဟာ သာမန်​လူတန်းစား ဂျူးတွေကို ဘုရား​အမှုတော် နည်းနည်း​ပဲ​ထမ်းဆောင်သူ​တွေ​အဖြစ် သတ်​မှ​တ်​ကြတယ်။ သူတို့ဟာ ဘုရားရဲ့​စပျစ်ခြံ​မှာ အချိန်ပိုင်း​လုပ်တဲ့ လုပ်သားတွေ​နဲ့​တူတယ်။ ယေရှုရဲ့​ပုံဥပမာမှာ သူတို့ဟာ မနက် ၉ နာရီ၊ နေ့လယ် ၁၂ နာရီ၊ ညနေ ၃ နာရီ၊ ညနေ ၅ နာရီ​မှာ အလုပ်ဝင်​တဲ့ လုပ်သားတွေ​ဖြစ်တယ်။

ဘာသာရေး​ခေါင်းဆောင်​တွေ​က ယေရှု​တပည့်​တွေကို “ကျိန်ခြင်းခံရ​သူတွေ” လို့​ယူဆကြတယ်။ (ယောဟန် ၇:၄၉) သူတို့​အများစုဟာ တံငါသည်​တွေ၊ အလုပ်ကြမ်းသ​မား​တွေ ဖြစ်ကြတယ်။ အေဒီ ၂၉၊ ဆောင်းဦး​မှာ​တော့ “စပျစ်ခြံ​ပိုင်ရှင်” က ယေရှုကို စေလွှတ်​ပြီး အဲဒီ​နိမ့်ကျ​သူတွေကို ခရစ်တော်ရဲ့ တပည့်​တွေ​အဖြစ် ဘုရား​အမှုတော်​ဆောင်ဖို့ ဖိတ်ခေါ်တယ်။ သူတို့က “နောက်ဆုံး ဝင်​လာ​သူတွေ၊” ညနေ ၅ နာရီ​မှာ အလုပ်ဝင်​တဲ့ အလုပ်သမားတွေ​ဖြစ်တယ်။

အလုပ်ချိန် ပြီးသွားတဲ့အခါ ဘာဖြစ်​တယ်​ဆိုတာ ယေရှု အခုလို ဆက်ပြောတယ်– “ညနေစောင်း​တော့ စပျစ်ခြံ​ပိုင်ရှင်​က ‘လုပ်သား​တွေကို ခေါ်လာ​ခဲ့။ နောက်ဆုံး ဝင်​လာ​သူတွေက​နေ စပြီး အရင်ဆုံး ဝင်​လာ​သူတွေ​အထိ လုပ်ခ​ကို ပေးလိုက်’ လို့ ခြံ​တာဝန်ခံ​ကို မှာတယ်။ ညနေ ၅ နာရီ ကျ​မှ အလုပ်ဝင်​သူတွေက လာပြီး ဒေနာရိ​တစ်ပြား​စီ ရ​ကြတယ်။ အရင်ဆုံး အလုပ်ဝင်​သူတွေ လာတဲ့အခါ လုပ်ခ​ပို​ရမှာပဲ​လို့ ထင်ပေမဲ့ ဒေနာရိ​တစ်ပြား​စီ​ပဲ ရ​ကြတယ်။ သူတို့က လုပ်ခ​လည်း​ရ​ရော ခြံပိုင်ရှင်​ကို၊ ‘ဒီ​လူတွေဟာ နောက်ဆုံး​မှ ရောက်လာပြီး တစ်​နာရီ​လေး​ပဲ အလုပ်လုပ်​ပေမဲ့ နေ​ပူ​ကျဲကျဲ​မှာ တစ်​နေ​ကုန် ပင်ပင်ပန်းပန်း လုပ်​ရတဲ့ ကျွန်တော်တို့နဲ့ တန်းတူ လုပ်ခ​ပေး​ရ​ကောင်းလား’ လို့ မကျေမနပ် ပြော​ကြတယ်။ ဒါပေမဲ့ ခြံပိုင်ရှင်​က သူတို့​ထဲ​က တစ်ယောက်ကို ‘ဒီမှာ၊ ကျွန်တော် မတရား မ​လုပ်​ဘူး။ လုပ်ခ​က ဒေနာရိ​တစ်ပြား​ဆိုပြီး ကျွန်တော်တို့ သဘောတူ​ထားတယ် မဟုတ်လား။ ခင်ဗျားရဲ့​လုပ်ခ​ကို ယူပြီး ပြန်ပါတော့။ နောက်ဆုံး ဝင်​လာ​သူတွေကိုလည်း ခင်ဗျားကို ပေးသလောက် ပေးချင်​တယ်။ ကိုယ့်​ငွေကို ကိုယ်​ကြိုက်သလို လုပ်​ခွင့်​မရှိဘူး​လား။ ကျွန်တော် သဘောကောင်း​တာ​ကို ခင်ဗျား မနာလို​ဖြစ်စရာ​လား’ လို့ ပြောလိုက်​တယ်။ အဲဒီလိုပဲ နောက်ဆုံး​ကလူ​တွေ ရှေ့ဆုံး​ကို ရောက်​လိမ့်မယ်။ ရှေ့ဆုံး​က လူတွေလည်း နောက်ဆုံး​ကို ရောက်​လိမ့်မယ်။”—မဿဲ ၂၀:၈-၁၆

ပုံဥပမာ​ရဲ့ နိဂုံးပိုင်း​က ဘာ​အဓိပ္ပာယ်​လဲ​ဆိုပြီး တပည့်​တွေ စဉ်းစားနေမှာ​ပဲ။ ကိုယ့်ကိုယ်ကိုယ် “ရှေ့ဆုံး​ကလူ​တွေ” လို့​ထင်နေတဲ့ ဂျူး​ဘာသာရေး ခေါင်းဆောင်​တွေဟာ ဘယ်လိုနည်းနဲ့ “နောက်ဆုံး​ကို ရောက်” သွားမလဲ။ ယေရှုရဲ့ တပည့်​တွေ​က ဘယ်လိုနည်းနဲ့ “ရှေ့ဆုံး​ကို ရောက်” လာမလဲ။

ဖာရိရှဲနဲ့ တခြား​သူတွေက ယေရှု​တပည့်​တွေကို “နောက်ဆုံး​မှ ရောက်” တယ်လို့ ယူမှတ်​ကြတယ်။ ဒါပေမဲ့ တပည့်​တွေ​က “ရှေ့ဆုံး​ကို​ရောက်” ပြီး လုပ်ခ​အပြည့် ရမှာဖြစ်​တယ်။ ယေရှု​သေဆုံး​ချိန်မှာ မြေကြီးဆိုင်ရာ ဂျေရုဆလင် ဖယ်ရှားခံရ​မှာ​ဖြစ်ပြီး ဘုရားသခင်က လူမျိုးသစ်​ဖြစ်တဲ့ “ဘုရားသခင်ရဲ့ အစ္စရေး​လူမျိုး” ကို ရွေးချယ်ပါ​လိမ့်မယ်။ (ဂလာတိ ၆:၁၆။ မဿဲ ၂၃:၃၈) သန့်ရှင်းသော​စွမ်းအားတော်​နဲ့ နှစ်ခြင်းခံ​ရမယ့်​အကြောင်း နှစ်ခြင်း​ပေးသူ ယောဟန် ပြောတဲ့အခါ အဲဒီ​အစ္စရေး​လူမျိုးသစ်​မှာ ပါဝင်မယ့်​သူတွေကို ရည်ညွှန်း​နေတာ။ “နောက်ဆုံး​ကလူ​တွေ” ဟာ ရှေ့ဆုံး​ကို​ရောက်​ပြီး သန့်ရှင်းသော​စွမ်းအားတော်​နဲ့ နှစ်ခြင်း​ခံရမယ်၊ “ကမ္ဘာ​မြေအစွန်​အဖျား​အထိ​” ယေရှု​အကြောင်း သက်သေခံတဲ့ အခွင့်အရေး ရကြမယ်။ (တမန်တော် ၁:၅၊ ၈။ မဿဲ ၃:၁၁) ယေရှု​ပြောတဲ့ အပြောင်းအလဲ​ကြီး​ကို တပည့်​တွေ နားလည်​လာတာ​နဲ့​အမျှ “နောက်ဆုံး​ကို​ရောက်” သွားတဲ့ ဘာသာရေး​ခေါင်းဆောင်​တွေရဲ့ မုန်းတီးမှု ခံရမယ်ဆို​တာ ခန့်မှန်း​မိ​မှာ​ပဲ။