မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၉၈

ထင်ပေါ်ကျော်ကြားဖို့ တမန်တော်တွေထပ်ကြိုးစား

ထင်ပေါ်ကျော်ကြားဖို့ တမန်တော်တွေထပ်ကြိုးစား

မဿဲ ၂၀:၁၇-၂၈ မာကု ၁၀:၃၂-၄၅ လုကာ ၁၈:၃၁-၃၄

  • မိမိရဲ့​သေခြင်း​အကြောင်း ယေရှု ထပ်​ပြီး​ကြိုပြော

  • တမန်တော်တွေရဲ့ ထင်ပေါ်​ကျော်ကြား​ချင်စိတ်​ကို တည့်မတ်​ပေး

ယေရှုနဲ့ တပည့်တွေဟာ ပေရိယ​နယ်​ကနေ တောင်ဘက် ဂျေရုဆလင်​မြို့ကို သွား​နေတဲ့ ခရီးစဉ် ပြီးဆုံး​တော့​မယ်။ ယေရိခေါမြို့​နားက​နေ ဂျော်ဒန်​မြစ်ကို ဖြတ်​ကြတယ်။ တခြား​သူတွေလည်း အေဒီ ၃၃၊ ပသခါပွဲ​တက်ဖို့ သူတို့နဲ့အတူ လိုက်ပါ​လာတယ်။

ယေရှု​က ပသခါပွဲ​အမီ ဂျေရုဆလင်​မြို့ကို ရောက်​ချင်​လို့​ တပည့်​တွေ​ရှေ့​ကနေ  သွား​နှင့်​တယ်။  တပည့်​တွေ​ကတော့ ကြောက်​နေကြ​တယ်။ အစောပိုင်း​တုန်း​က လာဇရု​သေဆုံး​ချိန်မှာ ယေရှု​က ပေရိယ​နယ်​ကနေ ယုဒနယ်ကို သွားမယ်လို့ ပြောတော့ သောမက “ငါ​တို့​လည်း လိုက်သွား​ရအောင်။ သခင်​နဲ့​အတူ သေ​ရင်​သေပါစေ” လို့ ကျန်တဲ့ တပည့်​တွေကို ပြောခဲ့တယ်။ (ယောဟန် ၁၁:၁၆၊ ၄၇-၅၃) ဒါကြောင့် ဂျေရုဆလင်​မြို့ကို​သွားတာ အန္တရာယ်​ရှိတယ်။ တပည့်​တွေ ကြောက်​မယ်​ဆို​လည်း ကြောက်စရာ​ပါပဲ။

ရှေ့မှာ​ကြုံရမယ့်​အရာ​အတွက် ပြင်ဆင်​ပေးတဲ့​အနေနဲ့ ယေရှု​က တမန်တော်တွေကို​ခေါ်ပြီး “အခု ကျွန်တော်တို့ ဂျေရုဆလင်​မြို့ကို သွား​နေတာ။ လူသားကို ပုရောဟိတ်ကြီးတွေ၊ ကျမ်းတတ်​တွေ​လက်ထဲ အပ်​လိမ့်မယ်။ သူတို့ သေဒဏ်​စီရင်​ကြ​လိမ့်မယ်။ လူသားကို လူမျိုးခြားတွေ​လက်ထဲ အပ်​တဲ့​အတွက် လှောင်​ပြောင်​ရိုက်နှက်၊ သစ်တိုင်​ပေါ်​တင်ပြီး သတ်​ကြ​လိမ့်မယ်။ အဲဒီနောက် သုံးရက်​မြောက်​နေ့မှာ အသက်ပြန်ရှင်​လာမယ်” လို့​ပြောပြတယ်။—မဿဲ ၂၀:၁၈၊ ၁၉

မိမိရဲ့​သေခြင်းနဲ့ ထမြောက်ခြင်း​အကြောင်း တပည့်​တွေကို ပြောပြတာ ဒါနဲ့​ဆိုရင် သုံးခါ​ရှိပြီ။ (မဿဲ ၁၆:၂၁။ ၁၇:၂၂၊ ၂၃) အခု​တစ်ခါ​တော့ သစ်တိုင်​ပေါ်မှာ အသတ်ခံရ​မယ်​လို့ ပြောတယ်။ တပည့်တွေဟာ နားထောင်​နေပေမဲ့ ဘာကို ဆိုလို​မှန်း နားမလည်​ကြဘူး။ မြေကြီး​ပေါ်မှာ အစ္စရေး​နိုင်ငံ ပြန်​တည်ထောင်​မယ်၊ အဲဒီ​နိုင်ငံမှာ ခရစ်တော်​နဲ့​အတူ ဘုန်းအသရေ ရရှိမယ်​လို့ သူတို့ မျှော်လင့်​နေ​ပုံပဲ။

ခရီးသွား​နေ​သူတွေထဲမှာ တမန်တော်​ယာကုပ်နဲ့ ယောဟန်ရဲ့​အမေ ရှာ​လုံ​လည်း ပါတယ်။ အဲဒီ​တမန်တော်​နှစ်ယောက်ရဲ့ မီး​လို​တောက်လောင်​တဲ့ စိတ်ဓာတ်​ကြောင့် ယေရှု​က သူတို့ကို “မိုးကြိုးသားတွေ” လို့​အဓိပ္ပာယ်​ရှိတဲ့ နာမည်​ပေးထားတယ်။ (မာကု ၃:၁၇။ လုကာ ၉:၅၄) သူတို့က ခရစ်တော်ရဲ့​နိုင်ငံတော်မှာ ထင်ပေါ်တဲ့​သူတွေ ဖြစ်ချင်​နေတာ ကြာပြီ။ အဲဒါကို သူတို့​အမေ​သိထားတော့ သားတွေ​အတွက် တောင်းဆို​ချင်​လို့ ယေရှု​ဆီ လာ​ဦးညွှတ်​တယ်။ ယေရှု​က “ဘာ​လိုချင်သလဲ” လို့​မေးတော့ “သခင့်​နိုင်ငံမှာ ကျွန်မရဲ့သား​နှစ်ယောက်ကို ဘယ်​ဘက်မှာ တစ်ယောက်၊ ညာဘက်မှာ တစ်ယောက် ထိုင်​ခွင့်​ပေးပါ” လို့​တောင်းတယ်။​—မဿဲ ၂၀:၂၀၊ ၂၁

တကယ်တော့ ယာကုပ်နဲ့ ယောဟန်​က အမေက​နေ​တစ်ဆင့် တောင်းဆို​ခိုင်း​လိုက်တာ။ ယေရှု​က သူ​ကဲ့ရဲ့​လှောင်ပြောင်​ခံရမယ်၊ အရှက်ခွဲ​ခံရမယ်ဆို​ပြီး မကြာသေးခင်က​မှ ပြောခဲ့တာ​ကြောင့် “ခင်ဗျားတို့ ဘာ​တောင်း​နေမှန်း ခင်ဗျားတို့​မသိ​ဘူး။ ကျွန်တော်​သောက်​မယ့်​ခွက်​ကို သောက်​နိုင်​လို့လား” ဆိုပြီး မေးလိုက်တယ်။ “သောက်​နိုင်ပါတယ်” လို့​သူတို့​ဖြေတယ်။ (မဿဲ ၂၀:၂၂) တကယ်တမ်း​ကျတော့ အဲဒါ​ဘာကို​ဆိုလို​မှန်း သူတို့​နားလည်ပုံ မပေါ်​ဘူး။

ဘာပဲ​ဖြစ်ဖြစ်၊ ယေရှု​က “ကျွန်တော်​သောက်​မယ့် ခွက်​ကို ခင်ဗျားတို့ သောက်​ရမှာ​ပေါ့။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဘယ်​ညာ​နှစ်ဖက်​မှာ ဘယ်သူတွေ ထိုင်​ရမယ်ဆိုတာ​ကို ကျွန်တော် ဆုံးဖြတ်​ပိုင်ခွင့်​မရှိဘူး။ အဖဘုရား​ပဲ ဆုံးဖြတ်​လိမ့်မယ်” လို့​ပြန်​ပြောတယ်။​—မဿဲ ၂၀:၂၃

ယာကုပ်နဲ့ ယောဟန် အဲဒီလို တောင်းဆိုတဲ့​အကြောင်း ကျန်တဲ့​တမန်တော်​ဆယ်ယောက် ကြားတဲ့​အခါ စိတ်ဆိုး​ကြတယ်။ အစောပိုင်း​တုန်း​က သူတို့​ထဲမှာ ဘယ်သူ အကြီးမြတ်ဆုံးလဲ​ဆိုပြီး ငြင်းခုံ​ချိန်မှာ ယာကုပ်နဲ့ ယောဟန်​က ထိပ်ဆုံး​က​များလား။ (လုကာ ၉:၄၆-၄၈) ဘယ်လိုပဲ​ဖြစ်ဖြစ်၊ အခုလို တောင်းဆိုတာကို​ကြည့်ရင် တမန်တော်​ဆယ့်နှစ်ယောက်​ဟာ အ​နှိမ့်ချ​ဆုံး​သူ ဖြစ်ပါ​ဆိုတဲ့ ယေရှုရဲ့ ဆုံးမ​စကားကို နားမထောင်​မှန်း သိနိုင်တယ်။ သူတို့မှာ ထင်ပေါ်​ကျော်ကြား​ချင်စိတ် ရှိနေတုန်းပဲ။

ဒီ​နောက်ဆုံး ငြင်းခုံမှု​နဲ့ ငြင်းခုံမှု​ကြောင့် ဖြစ်လာတဲ့ မကောင်းတဲ့ သဘောထားကို ယေရှု ပြုပြင်​တည့်မတ်​ပေးတယ်။ တမန်တော် ဆယ့်နှစ်ယောက်​ကို​ခေါ်ပြီး အခုလို မေတ္တာနဲ့​ဆုံးမတယ်– “လောက​အုပ်စိုးရှင်​တွေဟာ နိုင်ထက်စီးနင်း လုပ်တတ်​မှန်း၊ ခေါင်းဆောင်​တွေ​က​လည်း အာဏာပြ​တတ်​မှန်း ခင်ဗျားတို့ အသိ​ပဲ။ ခင်ဗျားတို့​ကတော့ အဲဒီလို မဖြစ်​ရ​ဘူး။ ကြီးမြတ်​ချင်​သူ​တိုင်း အစေခံ​ဖြစ်ရမယ်။ ခင်ဗျားတို့​ထဲမှာ ပထမ​နေရာ ရ​ချင်​သူ​တိုင်း အားလုံးရဲ့​ကျွန် ဖြစ်ရမယ်။”—မာကု ၁၀:၄၂-၄၄

ယေရှု​က သူ့​ပုံသက်သေကို အတု​ယူဖို့ ဒီလို​ဆက်​ရှင်းပြတယ်– “လူသား​လည်း သူတစ်ပါး​ကို စေခိုင်း​ဖို့ လာတာ မဟုတ်ဘူး။ သူတစ်ပါး​အစေ​ကို​ခံ​ပြီး လူအများ​အတွက် ရွေးဖိုး​အဖြစ် အသက်ကို​ပေးဖို့ ရောက်လာတာ။” (မဿဲ ၂၀:၂၈) ယေရှုဟာ သုံးနှစ်​လုံးလုံး သူတစ်ပါး​အကျိုးအတွက် အစေခံ​ခဲ့​တယ်။ လူ​အားလုံး​အတွက် အသေခံ​တဲ့​အထိ သူ​အစေခံ​ဦး​မယ်။ တပည့်​တွေ​မှာလည်း ခရစ်တော်​လို စိတ်ထား​မျိုး ရှိရမယ်။ သူတစ်ပါး​ကို စေခိုင်း​ဖို့​မဟုတ်ဘဲ သူတစ်ပါး​အစေ​ကို ခံ​ချင်စိတ်​ရှိရမယ်။ ထင်ပေါ်​ကျော်ကြား​ချင်စိတ် မရှိဘဲ အ​နှိမ့်ချ​ဆုံး​သူ ဖြစ်ချင်တဲ့​စိတ် ရှိရ​မယ်။