မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၉၉

မျက်မမြင်တွေကိုကုသပေး၊ ဇက်ခဲကိုကူညီပေး

မျက်မမြင်တွေကိုကုသပေး၊ ဇက်ခဲကိုကူညီပေး

မဿဲ ၂၀:၂၉-၃၄ မာကု ၁၀:၄၆-၅၂ လုကာ ၁၈:၃၅–၁၉:၁၀

  • ယေရိခေါမြို့​မှာ မျက်မမြင်တွေကို ကုသ​ပေး

  • အခွန်ခံ​ဇက်ခဲ နောင်တရ​ကြောင်းပြ

ယေရှုနဲ့ ခရီးသွားဖော်​တွေဟာ ဂျေရုဆလင်​မြို့ကနေ တစ်ရက်​ခရီးဝေး​တဲ့ ယေရိခေါ​မြို့ကို ရောက်​လာကြတယ်။ ယေရိခေါမြို့​ဟာ မြို့​နှစ်မြို့​ကို ပေါင်း​ထားတာ​ဖြစ်ပြီး မြို့ဟောင်း​က ရောမ​လက်ထက်မှာ တည်ဆောက်တဲ့ မြို့သစ်​နဲ့ တစ်မိုင်​လောက်​ဝေးတယ်။ ယေရှုနဲ့ လူအုပ်ဟာ အဲဒီမြို့​တစ်မြို့​ကနေ​ထွက်ပြီး နောက်​တစ်မြို့​နား​ကို ရောက်လာတဲ့​အခါ ရုတ်ရုတ်သဲသဲ အသံ​တွေကို မျက်မမြင်​ သူတောင်းစား​နှစ်ယောက် ကြားလိုက်​ရတယ်။ တစ်ယောက်ရဲ့​နာမည်က ဗာတိမဲ​လို့ ခေါ်တယ်။

ယေရှု​ဖြတ်​သွားတာကို ကြား​တော့ ဗာတိမဲ​နဲ့ သူ့​အဖော်​က “သခင်၊ ဒါဝိဒ်​ရဲ့သား၊ ကျွန်တော်တို့ကို သနားပါဦး” လို့​အော်​တယ်။ (မဿဲ ၂၀:၃၀) တချို့က တိတ်​တိတ်​နေဖို့ တား​ပေမဲ့ သူတို့က ပိုလို့တောင် အော်ကြတယ်။ ဆူ​ဆူညံ​ညံ အသံ​တွေကို ကြားတဲ့​အခါ ယေရှု​က ရပ်​လိုက်ပြီး အော်​နေတဲ့​သူတွေကို သူ့​ဆီ ခေါ်လာ​ခိုင်းတယ်။ ဒါနဲ့ ဘေးနား​မှာ ရပ်နေသူ​တချို့က သူတောင်းစား​တွေ​ဆီ သွားပြီး တစ်ယောက်ကို “မကြောက်​နဲ့။ ထတော့။ မင်းကို ခေါ်​နေတယ်” လို့​ပြောလိုက်​တယ်။ (မာကု ၁၀:၄၉) မျက်မမြင်​လည်း စိတ်လှုပ်ရှား​လွန်း​လို့ အပေါ်​အင်္ကျီ​ကို​ချွတ်၊ ထပြီး ယေရှု​ဆီ သွားတယ်။

ယေရှု​က “ခင်ဗျားတို့ကို ဘာလုပ်​ပေး​စေ​ချင်သလဲ” လို့ မေးတဲ့အခါ မျက်မမြင်​နှစ်ယောက်စလုံး​က “သခင်၊ ကျွန်တော်တို့ကို မျက်စိ​မြင်​အောင် လုပ်ပေး​ပါလား” လို့ အသနားခံ​တယ်။ (မဿဲ ၂၀:၃၂၊ ၃၃) ယေရှုလည်း သနား​သွားပြီး သူတို့ရဲ့​မျက်စိ​ကို တို့ထိ​လိုက်တယ်။ ပြီးတဲ့နောက် သူတို့​ထဲ​က​တစ်ယောက်ကို “ပြန်သွား​ပါ။ ခင်ဗျားရဲ့ ယုံကြည်ခြင်းက မျက်စိ​ပြန်မြင်​စေပြီ” လို့​ပြောတယ်။ (မာကု ၁၀:၅၂) မျက်မမြင် သူတောင်းစား​နှစ်ယောက်စလုံး မျက်စိ​ပြန်မြင်​လာပြီး ဘုရားသခင်ကို ဂုဏ်တင်​ချီးမွမ်းကြ​တော့​တယ်။ ဒီ​အဖြစ်အပျက်​ကို မြင်​တဲ့​သူတွေလည်း ဘုရားကို ဂုဏ်တင်​ချီးမွမ်းကြတယ်။ သူတို့​နှစ်ယောက်စလုံးဟာ အဲဒီ​အချိန်​က​စပြီး ယေရှု​နောက်ကို လိုက်ကြတယ်။

ယေရိခေါ​မြို့ကို ယေရှု​ဖြတ်လျှောက်​သွားတဲ့အခါ လူတွေ အုပ်​လိုက်​ကြီး ပါလာတယ်။ မျက်မမြင်​တွေ ပြန်မြင်​လာ​အောင် ကုသ​ပေးလိုက်တဲ့​သူကို လူတိုင်း တွေ့ချင်​နေတာ။ ယေရှု​ပတ်လည်မှာ လူတွေ ဝိုင်းအုံ​နေလို့ တချို့​ဆိုရင် ယေရှုကို အရိပ်အယောင်​လေး​တောင် မတွေ့ရဘူး။ ယေရိခေါမြို့​နဲ့ အနီးတစ်ဝိုက်​က အခွန်ခံ​မှူး​ဇက်ခဲ​လည်း အဲဒီလိုပဲ။ သူက အရပ်​ပု​တော့ ဘာတွေ​ဖြစ်နေတယ်​ဆိုတာ မမြင်ရဘူး။ ဒါနဲ့ ယေရှု​သွားမယ့်​လမ်းအတိုင်း ရှေ့​ကနေ​ပြေး​ပြီး သဖန်း​ပိုးစာပင်​ပေါ် တက်​လိုက်တယ်။ သစ်ပင်​ပေါ်​က​ဆိုတော့ ကောင်းကောင်း​မြင်နိုင်​တာပေါ့။ အဲဒီ​နေရာကို ယေရှု​ရောက်လာတဲ့​အခါ ဇက်ခဲ သစ်ပင်​ပေါ် ရောက်​နေတာကို​တွေ့ပြီး “ဇက်ခဲ၊ မြန်မြန်​ဆင်း​ခဲ့။ ဒီနေ့ ခင်ဗျား​အိမ်မှာ ကျွန်တော်​တည်း​မယ်” လို့​ပြောတယ်။ (လုကာ ၁၉:၅) ဇက်ခဲ​လည်း ဆင်းလာ​ပြီး အထူး​ဧည့်သည်​ကို ဧည့်ခံ​ဖို့ အိမ်ကို မြန်မြန်​ပြန်​သွားတယ်။

ဒါကို လူတွေ​မြင်တဲ့အခါ မကျေမနပ် ဖြစ်ကြတယ်။ အပြစ်သား​တစ်ယောက်ရဲ့ အိမ်မှာ ယေရှု မတည်း​ခိုသင့်​ဘူးလို့ သူတို့​ယူဆတယ်။ ဇက်ခဲ​ဟာ မရိုးသားတဲ့​နည်းနဲ့ မတရား​အခွန်ကောက်​ပြီး သူဌေး​ဖြစ်လာတာ။

ဇက်ခဲ​ရဲ့​အိမ်ထဲ ယေရှု​ဝင်​သွားတာကို လူတွေ​မြင်တဲ့အခါ “အပြစ်သား​ရဲ့​အိမ်မှာ သွား​တည်းခို​နေပါ​လား” ဆိုပြီး မကျေမနပ်​ပြော​ကြတယ်။ ယေရှု​ကတော့ ဇက်ခဲ​ကို နောင်တ​ရဖို့ အလားအလာ​ရှိသူ​အဖြစ် ရှုမြင်​တဲ့​အပြင် စိတ်လည်း​မပျက်​ဘူး။ ဇက်ခဲ​က ထပြီး “သခင်၊ ကျွန်တော့်ရဲ့ ဥစ္စာ​ပစ္စည်း​တစ်ဝက်​ကို ဆင်းရဲသားတွေကို ပေး​ပါ့​မယ်။ ဘယ်သူ့​ဆီက​ဖြစ်ဖြစ် မတရား​ယူ​ခဲ့​တာတွေကို လေးဆ​ပြန်ပေး​ပါ့​မယ်” လို့​ပြောတယ်။—လုကာ ၁၉:၇၊ ၈

ဇက်ခဲ​က နောင်တ​စစ်​ရ​ကြောင်း အကောင်းဆုံး သက်သေပြ​လိုက်တာပဲ။ ဂျူးတွေဆီ​ကနေ ဘယ်လောက် အခွန်ကောက်​ထားမှန်း အခွန်​မှတ်တမ်းတွေကို ကြည့်ပြီး သူ​တွက်ချက်​နိုင်တယ်။ ဒါကြောင့် လေးဆ​ပြန်​ပေးမယ်လို့ ကျိန်ဆို​လိုက်တာ​ပေါ့။ ဒါက ဘုရား​ပညတ်​မှာ တောင်းဆိုတာ​ထက်​တောင် ပို​နေ​သေးတယ်။ (ထွက်မြောက်ရာ ၂၂:၁။ ဝတ်ပြုရာ ၆:၂-၅) ဒါ့အပြင် သူ့ရဲ့​ဥစ္စာ​ပစ္စည်း တစ်ဝက်​ကို ဆင်းရဲသားတွေကို ပေးမယ်လို့လည်း ကတိ​ပေးတယ်။

နောင်တရ​ကြောင်း ဇက်ခဲသက်သေပြ​တာ​ကို ယေရှု​မြင်တဲ့အခါ “ဒီနေ့ ဘုရားသခင်က ဒီ​အိမ်သားတွေကို ကယ်တင်​လိုက်ပြီ။ ခင်ဗျားဟာ အာဗြဟံရဲ့သား​ဖြစ်လို့ပဲ။ တကယ်တော့ လူသားဟာ ပျောက်​တဲ့​သူတွေကို ရှာပြီး ကယ်တင်ဖို့ ရောက်လာတာ” လို့ ဝမ်းသာ​အားရ​ပြောတယ်။—လုကာ ၁၉:၉၊ ၁၀

“ပျောက်​တဲ့​သူ” ရဲ့​အခြေအနေကို ပျောက်​တဲ့သား ပုံဥပမာမှာ ယေရှု အလေးပေး​ပြောခဲ့တာ မကြာသေး​ဘူး။ (လုကာ ၁၅:၁၁-၂၄) ဒါက​တော့ ပျောက်​တော့​မလို ဖြစ်နေတဲ့​သူကို ပြန်တွေ့​တဲ့ ဘဝဖြစ်ရပ်မှန်​ပဲ။ ဘာသာရေး​ခေါင်းဆောင်​တွေ​နဲ့ အပေါင်းပါ​တွေ​က ဇက်ခဲ​လို​လူတွေကို ယေရှု အရေးတယူ ဆက်ဆံ​တဲ့​အတွက် ပြစ်တင်​ရှုတ်ချ​ကြတယ်။ ယေရှု​ကတော့ အာဗြဟံရဲ့ ပျောက်​တဲ့သားတွေကို ဆက်​ရှာပြီး ကယ်တင်​ပေးတယ်။