အခန်း ၁၀၀
ဆယ်မိုင်နာပုံဥပမာ
-
ဆယ်မိုင်နာ ပုံဥပမာ
ယေရှုက ဂျေရုဆလင်မြို့ကို သွားမှာဖြစ်ပေမဲ့ ဇက်ခဲအိမ်မှာ တပည့်တွေနဲ့အတူ ရှိနေတုန်းပဲ။ သူတို့စိတ်ထဲမှာ ဘုရင်အဖြစ် ယေရှုအုပ်ချုပ်မယ့် “ဘုရားသခင့် နိုင်ငံတော်” လာတော့မယ်လို့ ထင်နေကြတယ်။ (လုကာ ၁၉:၁၁) ယေရှုသေရမယ်ဆိုတာ သူတို့နားမလည်သလို ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း နားလည်မှု လွဲနေကြတယ်။ ဒါကြောင့် နိုင်ငံတော်လာဖို့ အဝေးကြီး လိုသေးတယ်ဆိုတာ သူတို့နားလည်အောင် ပုံဥပမာတစ်ခုကို ယေရှုပြောပြတယ်။
“မင်းညီမင်းသားတစ်ယောက်က ထီးနန်းဆက်ခံပြီးမှ ပြန်လာမယ်ဆိုပြီး တိုင်းတစ်ပါးကို ခရီးထွက်သွားတယ်” လို့ ယေရှုပြောတယ်။ (လုကာ ၁၉:၁၂) တိုင်းတစ်ပါးကို ခရီးထွက်တာဆိုတော့ တော်တော်ကြာမှာပဲ။ “မင်းညီမင်းသား” ကတော့ ယေရှုဖြစ်ပြီး “တိုင်းတစ်ပါး” နဲ့တူတဲ့ ကောင်းကင်ကို ထွက်သွားတယ်။ အဲဒီမှာ သူ့ဖခင်က သူ့ကို ထီးနန်းအပ်နှင်းမှာဖြစ်တယ်။
ပုံဥပမာမှာ “မင်းညီမင်းသား” က ခရီးမသွားခင် ကျွန်ဆယ်ယောက်ကိုခေါ်ပြီး ငွေမိုင်နာ အပ်ပေးတယ်။ ပြီးတော့ “ငါပြန်လာချိန်အထိ ဒီငွေနဲ့ အရောင်းအဝယ် လုပ်ထားကြပါ” လို့မှာတယ်။ (လုကာ ၁၉:၁၃) အဲဒီငွေမိုင်နာတွေဟာ တော်တော်တန်ဖိုးရှိတဲ့ငွေပဲ။ တစ်မိုင်နာဟာ လယ်သမားတစ်ယောက်ရဲ့ သုံးလစာ လုပ်အားခနဲ့ ညီမျှတယ်။
ပုံဥပမာထဲက ကျွန်ဆယ်ယောက်ဟာ သူတို့ကို ရည်ညွှန်းမှန်း တပည့်တွေ သိကြမှာပဲ။ ယေရှုက သူတို့ကို စပါးရိတ်တဲ့ လုပ်သားတွေနဲ့ ခိုင်းနှိုင်းခဲ့လို့ပါ။ (မဿဲ ၉:၃၅-၃၈) တပည့်တွေဟာ စပါးရိတ်ပြီး ယူလာရမယ်လို့ ယေရှု ပြောနေတာ မဟုတ်ဘူး။ အဲဒီအစား ဘုရားနိုင်ငံတော် ဝင်ခွင့်ရနိုင်တဲ့ တခြားတပည့်တွေကို စုသိမ်းဖို့ ပြောနေတာ။ တပည့်တွေဟာ သူတို့ရဲ့ အချိန်၊ ခွန်အား၊ ပစ္စည်းဥစ္စာတွေကို အသုံးပြုပြီး နိုင်ငံတော်အမွေခံတွေ တိုးများလာအောင် လုပ်ရမှာဖြစ်တယ်။
ပုံဥပမာကို ယေရှု အခုလို ဆက်ပြောတယ်– “ပြည်သားတွေကတော့ သူ့ [မင်းညီမင်းသား] ကို မကြိုက်တဲ့အတွက် သံတမန်အဖွဲ့ကို စေလွှတ်ပြီး ‘ဒီလူ အုပ်ချုပ်မှာကို ငါတို့ မလိုလားဘူး’ လို့ပြောခိုင်းတယ်။” (လုကာ ၁၉:၁၄) ဂျူးတွေဟာ ယေရှုကို လက်မခံမှန်း၊ တချို့က သတ်ပစ်ချင်မှန်း တပည့်တွေ သိတယ်။ ယေရှုသေဆုံးပြီး ကောင်းကင်တက်သွားပြီးနောက် ယေရှုကိုမုန်းတဲ့ ဂျူးတွေဟာ တပည့်တွေကို နှိပ်စက်ညှဉ်းပန်းကြတယ်။ အဲဒီဆန့်ကျင်သူတွေဟာ ယေရှုကို ဘုရင်အဖြစ် မလိုလားကြောင်း ထင်ထင်ရှားရှား ပြလိုက်တာပဲ။—ယောဟန် ၁၉:၁၅၊ ၁၆။ တမန်တော် ၄:၁၃-၁၈။ ၅:၄၀။
ကျွန်ဆယ်ယောက်ကကော၊ “မင်းညီမင်းသား” “ထီးနန်းဆက်ခံပြီး” ပြန်မလာခင်မှာ သူတို့ ရထားတဲ့ မိုင်နာတွေကို ဘယ်လို အသုံးပြုကြသလဲ။ ယေရှု ဒီလိုပြောတယ်– “သူ ထီးနန်းဆက်ခံပြီးနောက် ပြန်လာတဲ့အခါ အရောင်းအဝယ်လုပ်လို့ အမြတ်ငွေ ဘယ်လောက်ရသလဲဆိုတာ သိဖို့ ငွေအပ်ခဲ့တဲ့ ကျွန်တွေကို ခေါ်လိုက်တယ်။ ပထမကျွန်က ရှေ့ထွက်လာပြီး ‘သခင်အပ်ထားတဲ့ငွေနဲ့ ကျွန်တော် ဆယ်မိုင်နာ အမြတ်ရပါတယ်’ လို့ပြောတော့ သခင်က ‘တော်လိုက်တာ။ မင်းဟာ ကျွန်ကောင်းပဲ။ အသေးအမွှားကိစ္စမှာတောင် သစ္စာရှိတယ်ဆိုတော့ မြို့ဆယ်မြို့ကို အပိုင်စားစေ’ လို့ပြောတယ်။ ဒုတိယကျွန်က လာပြီး ‘သခင်အပ်ထားတဲ့ငွေနဲ့ ကျွန်တော် ငါးမိုင်နာ အမြတ်ရပါပြီ’ လို့ပြောတော့ သခင်က ‘မင်းလည်း မြို့ငါးမြို့ကို အပိုင်စားစေ’ လို့ပြောတယ်။”—လုကာ ၁၉:၁၅-၁၉။
တပည့်တွေဟာ အဲဒီကျွန်တွေလိုပဲ သူတို့ရဲ့ အချိန်၊ ခွန်အား၊ ပစ္စည်းဥစ္စာတွေကို ကောင်းကောင်းအသုံးပြုပြီး တပည့်တွေ တိုးများလာအောင် လုပ်မယ်ဆိုရင် သူတို့ကို ယေရှု နှစ်သက်မယ်ဆိုတာ စိတ်ချနိုင်တယ်။ ဒီလို ကြိုးစားအားထုတ်မှုကို ယေရှု ဆုချမယ်ဆိုတာလည်း ယုံကြည်စိတ်ချနိုင်တယ်။ တပည့်အားလုံးကတော့ ဘဝပေး အခြေအနေချင်း၊ စွမ်းရည်ချင်း၊ အခွင့်အရေးချင်း တူမှာမဟုတ်ဘူး။ ဒါပေမဲ့ “ထီးနန်းဆက်ခံ” ထားတဲ့ ယေရှုက အဲဒါကို အသိအမှတ်ပြုပြီး တပည့်ဖြစ်စေခြင်းမှာ သူတို့သစ္စာရှိရှိ ကြိုးစားလုပ်ဆောင်နေတာကို ကောင်းချီးပေးပါလိမ့်မယ်။—မဿဲ ၂၈:၁၉၊ ၂၀။
အဲဒီ ကျွန်နှစ်ယောက်နဲ့မတူတဲ့ ကျွန်နောက်တစ်ယောက်အကြောင်းပြောပြီး ပုံဥပမာကို ယေရှု နိဂုံးချုပ်တယ်– “ကျွန်နောက်တစ်ယောက်က ‘ဒီမှာ၊ သခင့်ရဲ့ငွေပါ။ အဝတ်နဲ့ထုပ်ပြီး သိမ်းထားပါတယ်။ သခင်ဟာ ခက်ထန်သူ၊ ကိုယ်မအပ်ထားတဲ့ငွေကို သိမ်းယူတတ်ပြီး ကိုယ်မစိုက်တဲ့အရာကို ရိတ်သိမ်းတတ်သူဖြစ်မှန်း လုကာ ၁၉:၂၀-၂၄။
သိလို့ ကျွန်တော်ကြောက်နေတာ’ ဆိုပြီး လာပြောတယ်။ သခင်က ‘ကျွန်ဆိုး၊ မင်းရဲ့စကားအတိုင်း မင်းကို ငါစီရင်မယ်။ ငါဟာ ခက်ထန်တဲ့သူ၊ ကိုယ်မအပ်ထားတဲ့ငွေကို သိမ်းယူတတ်ပြီး ကိုယ်မစိုက်တဲ့အရာကို ရိတ်သိမ်းတတ်သူဖြစ်မှန်း မင်းသိတယ်ဆိုရင်၊ ငါ့ငွေကို အတိုးချထားသင့်တာပေါ့။ ဒါဆိုရင် ငါပြန်လာတဲ့အခါ အရင်းရော အတိုးပါ ရဦးမှာ’ လို့ပြောတယ်။ အဲဒီနောက် အနားမှာရပ်နေသူတွေကို ‘သူ့ဆီကငွေကို ယူပြီး ဆယ်မိုင်နာရှိသူကို ပေးလိုက်’ လို့ပြောတယ်။”—သခင့်တိုင်းပြည်ရဲ့ အကျိုးစီးပွား တိုးတက်အောင် မလုပ်တဲ့ကျွန်ဟာ နစ်နာဆုံးရှုံးခဲ့ရတယ်။ တမန်တော်တွေဟာ ယေရှုအုပ်ချုပ်တဲ့ ဘုရားသခင့်နိုင်ငံတော်ကို မျှော်လင့်နေကြတယ်။ နောက်ဆုံးကျွန်လိုပဲ သူတို့လည်း ဝီရိယရှိရှိ ကြိုးစားမလုပ်ဆောင်ဘူးဆိုရင် နိုင်ငံတော်ဝင်ရမှာ မဟုတ်ဘူး။
ယေရှုရဲ့စကားတွေက သစ္စာရှိတပည့်တွေကို ပိုကြိုးစားအားထုတ်ပြီး လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးတယ်။ ယေရှု ဒီလိုကောက်ချက်ချတယ်– “ငါပြောမယ်။ ရှိထားတဲ့သူက ထပ်ပြီးရလိမ့်မယ်။ မရှိတဲ့သူကတော့ ရှိထားတာတောင် အသိမ်းခံရလိမ့်မယ်။” “ငါအုပ်ချုပ်တာကို မကြိုက်တဲ့” ရန်သူတွေ ကွပ်မျက်ခံရလိမ့်မယ်လို့လည်း ဆက်ပြောတယ်။ အဲဒီနောက် ယေရှုက ဂျေရုဆလင်မြို့ကို ခရီးဆက်တယ်။—လုကာ ၁၉:၂၆-၂၈။