အခန်း ၁၀၁
ဗေသနိရွာက ရှိမုန်ရဲ့အိမ်မှာ ညစာစား
မဿဲ ၂၆:၆-၁၃ မာကု ၁၄:၃-၉ ယောဟန် ၁၁:၅၅–၁၂:၁၁
-
ဂျေရုဆလင်မြို့နားက ဗေသနိရွာကို ယေရှုပြန်လာ
-
မာရိက ယေရှုရဲ့ခေါင်းပေါ် ဆီမွှေးလောင်း
ယေရှုဟာ ယေရိခေါမြို့ကနေ ခရီးလမ်းကြမ်းပြီး ၁၂ မိုင် အတက်ခရီးဖြစ်တဲ့ ဗေသနိရွာကို ထွက်လာတယ်။ ယေရိခေါမြို့က ပင်လယ်ရေမျက်နှာပြင်အောက် ပေ ၈၂၀ လောက်မှာရှိပြီး ဗေသနိရွာက ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂,၀၀၀ လောက်မှာရှိတယ်။ ဗေသနိရွာလေးမှာ လာဇရုနဲ့ သူ့အစ်မနှစ်ယောက် နေထိုင်တယ်။ ဒီရွာက ဂျေရုဆလင်မြို့နဲ့ နှစ်မိုင်လောက်ဝေးပြီး သံလွင်တောင် အရှေ့ဘက် တောင်စောင်းမှာ တည်ရှိတယ်။
ပသခါပွဲတက်ဖို့ ဂျေရုဆလင်မြို့ကို ဂျူးအတော်များများ ရောက်နေကြပြီ။ လူသေကောင်ကို ကိုင်မိသူ၊ မသန့်မရှင်းဖြစ်စေတဲ့ အရာတစ်ခုခု လုပ်မိသူတွေဟာ “မောရှေပညတ်မှာပါတဲ့အတိုင်း ကိုယ်ကို သန့်စင်စေဖို့” ပွဲတော်မတိုင်ခင် ကတည်းက ဂျေရုဆလင်မြို့ကို ရောက်နေကြတာ။ (ယောဟန် ၁၁:၅၅။ တောလည်ရာ ၉:၆-၁၀) အဲဒီလူတွေ ဗိမာန်တော်မှာ စုရုံးမိတဲ့အခါ ပသခါပွဲကို ယေရှု လာမလားဆိုပြီး အချင်းချင်း မေးနေကြတယ်။—ယောဟန် ၁၁:၅၆။
ယေရှုနဲ့ပတ်သက်ပြီး ထင်ကြေး အမျိုးမျိုး ပေးနေကြတယ်။ ဘာသာရေးခေါင်းဆောင်တချို့ကတော့ ယေရှုကိုဖမ်းပြီး သတ်ပစ်ချင်နေတယ်။ ယေရှုကို “ဖမ်းချင်တော့” သူရှိတဲ့နေရာကို သိရင် အကြောင်းကြားရမယ်ဆိုပြီး အမိန့်ထုတ်ထားတယ်။ (ယောဟန် ၁၁:၅၇) လာဇရုကို ထမြောက်ပေးတုန်းကလည်း ယေရှုကို သတ်ဖို့ ကြိုးစားခဲ့ကြသေးတယ်။ (ယောဟန် ၁၁:၄၉-၅၃) ဒါကြောင့် လူမြင်ကွင်းကို ယေရှု ထွက်လာပါဦးမလားဆိုပြီး လူတချို့ သံသယဖြစ်နေတယ်။
“ပသခါပွဲမတိုင်ခင် ခြောက်ရက်အလို” သောကြာနေ့မှာ ယေရှု ဗေသနိရွာကို ရောက်လာတယ်။ (ယောဟန် ၁၂:၁) နေဝင်တာနဲ့ နောက်တစ်နေ့ (နိသန် ၈ ရက်၊ ဥပုသ်နေ့) စတော့မယ်။ ဥပုသ်နေ့မစခင်မှာ သူ့ခရီးစဉ် ပြီးနေရမယ်။ ဥပုသ်နေ့ (သောကြာနေ့ နေဝင်ချိန်ကနေ စနေနေ့ နေဝင်ချိန်အထိ) မှာ ယေရိခေါမြို့ကနေ ထွက်လာဖို့ မဖြစ်နိုင်ဘူး။ ဂျူးပညတ်က ဥပုသ်နေ့မှာ ခရီးမသွားဖို့ တားမြစ်ထားတယ်။ ဒါကြောင့် အရင်ကလို လာဇရုရဲ့အိမ်မှာ တည်းခိုတာဖြစ်နိုင်တယ်။
ဗေသနိရွာမှာနေတဲ့ ရှိမုန်က လာဇရုအပါအဝင် ယေရှုနဲ့ သူ့အဖော်တွေကို စနေနေ့ညစာစားဖို့ ဖိတ်တယ်။ အနာကြီးရောဂါဖြစ်ခဲ့ဖူးတဲ့ ရှိမုန်ကို ယေရှု ကုသပေးခဲ့တာ ဖြစ်မယ်။ ဒါကြောင့် သူ့ကို “အနာကြီးရောဂါသည်” လို့ခေါ်တာ။ မာသကတော့ သူ့ထုံးစံအတိုင်း ဧည့်သည်တွေကို ဧည့်ဝတ်ပြုနေတယ်။ မာရိကတော့ ယေရှုကိုပဲ ဂရုတစိုက် ဧည့်ခံနေရင်း အပြစ်ပြောစရာ လုပ်ရပ်တစ်ခုကို လုပ်လိုက်တယ်။
မာရိက “နာဒုဆီမွှေးစစ်စစ် တစ်ပေါင်” ထည့်ထားတဲ့ ကျောက်ဖြူဘူးကို ဖွင့်လိုက်တယ်။ (ယောဟန် ၁၂:၃) အဲဒီဆီမွှေးဟာ တစ်နှစ်စာလုပ်ခ (ဒေနာရိ ၃၀၀) နဲ့ ညီမျှလို့ ဈေးကြီးတယ်။ မာရိက ယေရှုရဲ့ခေါင်းပေါ် ဆီမွှေးလောင်းလိုက်တယ်။ ခြေထောက်ပေါ်လည်း လောင်းပြီး သူ့ဆံပင်နဲ့ သုတ်ပေးလိုက်တော့ တစ်အိမ်လုံး ဆီမွှေးရနံ့ သင်းပျံ့သွားတယ်။
အဲဒီအခါ တပည့်တွေက စိတ်ဆိုးဆိုးနဲ့ “ဆီမွှေးကို ဖြုန်းတီးနေတာ” လို့ပြောကြတယ်။ (မာကု ၁၄:၄) ယုဒရှကာရုတ်ကလည်း “အဲဒီဆီမွှေးကို ဒေနာရိ ၃၀၀ နဲ့ရောင်းပြီး ဆင်းရဲသားတွေကို ဘာလို့မပေးတာလဲ” ဆိုပြီး အပြစ်တင်တယ်။ (ယောဟန် ၁၂:၅) တကယ်တော့ ဆင်းရဲသားတွေအကျိုးအတွက် ပြောနေတာ မဟုတ်ဘူး။ သူက ငွေသေတ္တာကိုင်ရတဲ့သူဆိုတော့ ငွေတွေကို ခိုးနေတာ။
ယေရှုက “ဒီအမျိုးသမီးကို ဘာလို့ နှောင့်ယှက်နေတာလဲ။ သူက ကျွန်တော့်ကို ကောင်းမှုပြုနေတာ။ ဆင်းရဲသားတွေဟာ ခင်ဗျားတို့နဲ့အတူ အမြဲရှိနေမှာပဲ။ ကျွန်တော်ကတော့ အမြဲရှိနေမှာ မဟုတ်ဘူး။ ဒီအမျိုးသမီး ကျွန်တော့်အပေါ် ဆီမွှေးလောင်းတာဟာ ကျွန်တော့်ကို သင်္ဂြိုဟ်ဖို့ ပြင်ဆင်နေတာ။ ကျွန်တော် မှန်တာကိုပြောမယ်။ သတင်းကောင်းဟောလေရာ မြေတစ်ပြင်လုံးမှာ ဒီအမျိုးသမီးကို အမှတ်ရတဲ့အနေနဲ့ သူလုပ်ခဲ့တာတွေကို ပြောကြလိမ့်မယ်” ဆိုပြီး မာရိဘက်ကနေ ဝင်ပြောတယ်။—ဗေသနိရွာမှာ ယေရှုရောက်နေတာ တစ်ရက်ကျော်ကျော် ရှိနေပြီ။ ယေရှုရောက်နေတဲ့သတင်း ပျံ့သွားတော့ ရှိမုန်ရဲ့အိမ်ကို ဂျူးတွေအများကြီး ရောက်လာတယ်။ ယေရှုကိုရော “သေရာက အသက်ပြန်ရှင်လာအောင် သူလုပ်ပေးခဲ့တဲ့ လာဇရုကိုပါ” တွေ့ချင်လို့ ရောက်လာကြတာ။ (ယောဟန် ၁၂:၉) ဒါကြောင့် ပုရောဟိတ်ကြီးတွေက ယေရှုနဲ့ လာဇရု နှစ်ယောက်စလုံးကို သတ်ပစ်ဖို့ ကြံစည်တော့တယ်။ လာဇရု အသက်ပြန်ရှင်လာတာကြောင့် ဂျူးအများကြီး ယေရှုကို ယုံကြည်သက်ဝင်လာတာဆိုပြီး ဘာသာရေးခေါင်းဆောင်တွေ ယူဆကြလို့ပဲ။ ဘယ်လောက်တောင် ဆိုးညစ်လိုက်သလဲ။