မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၀၂

ဘုရင်​က မြည်း​ကလေး​စီး​ပြီး ဂျေရုဆလင်​မြို့ထဲ​၀င်​လာ

ဘုရင်​က မြည်း​ကလေး​စီး​ပြီး ဂျေရုဆလင်​မြို့ထဲ​၀င်​လာ

မဿဲ ၂၁:၁-၁၁၊ ၁၄-၁၇ မာကု ၁၁:၁-၁၁ လုကာ ၁၉:၂၉-၄၄ ယောဟန် ၁၂:၁၂-၁၉

  • ဂျေရုဆလင်​မြို့ထဲ​ကို ယေရှု အောင်ပွဲခံ​ပြီး ၀င်​လာ

  • ဂျေရုဆလင်​မြို့ ဖျက်ဆီး​ခံရမယ့်​အကြောင်း ကြိုပြော

နောက်​တစ်ရက်၊ နိသန်​လ ၉ ရက်၊ တနင်္ဂနွေ​နေ့မှာ ယေရှု​က တပည့်​တွေ​နဲ့​အတူ ဗေသနိ​ရွာ​က ထွက်ပြီး ဂျေရုဆလင်​မြို့ကို သွားတယ်။ သံလွင်တောင်​မှာ​ရှိတဲ့ ဗက်ဖာ​ဂေ​ရွာ​ကို ရောက်တဲ့အခါ တပည့်​နှစ်ယောက်ကို အခုလို​မှာတယ်–

“ရှေ့မှာ မြင်​နေရတဲ့ ရွာ​ကို သွား​ကြ။ ရွာ​ထဲ​ဝင်​တာ​နဲ့ ချည်​ထားတဲ့ မြည်းမ​နဲ့ မြည်း​ကလေးကို တွေ့​လိမ့်မယ်။ ကြိုး​ဖြေပြီး ဒီကို​ဆွဲ​လာ​ခဲ့။ တစ်ယောက်ယောက် မေး​လာ​ရင် ‘သခင် အသုံး​လို​လို့​ပါ’ ဆိုပြီး​ပြောလိုက်။ ဒါဆို ရှော​ရှော​ရှူရှူ လွှတ်​ပေးလိမ့်မယ်။”—မဿဲ ၂၁:၂၊ ၃

ယေရှုရဲ့ ညွှန်ကြားချက်​ဟာ ဇာခရိ​ပရောဖက်ပြုချက် ပြည့်စုံတာ​ပဲ​ဆိုတာ တပည့်​တွေ အစပိုင်းမှာ နားမလည်​ကြဘူး။ နောက်ပိုင်း​မှ နားလည်ခဲ့​ကြတယ်။ ဇာခရိ​က ဘုရားက​တိ​ပြု​ထားတဲ့ ဘုရင်ဟာ “စိတ်​နှိမ့်ချ​တယ်။ မြည်းမ​ရဲ့သား၊ မြည်း​ကလေးကို စီး​ပြီး” ဂျေရုဆလင်​မြို့ထဲ ၀င်​လာမယ်လို့ ကြို​ပြောခဲ့တယ်။—ဇာခရိ ၉:၉

ဗက်ဖာ​ဂေ​ရွာ​ကို တပည့်​တွေ ရောက်တဲ့အခါ မြည်းမ​နဲ့ မြည်း​ကလေးကို ကြိုး​ဖြေလိုက်တယ်။ အဲဒီမှာ​ရပ်နေသူ​တချို့က “ဘာလို့ မြည်း​ကြိုး​ကို ဖြေ​နေတာလဲ” လို့​မေးကြတယ်။ (မာကု ၁၁:၅) သခင့်​အတွက်ပါ​လို့ ပြောလိုက်​တော့ ယူသွား​ခွင့်ပြု​ကြတယ်။ တပည့်​တွေ​က သူတို့ရဲ့​ဝတ်ရုံ​ကို မြည်းမ​နဲ့ မြည်း​ကလေး​ကျော​ပေါ် ခင်း​ပေး​တော့ ယေရှု​က မြည်း​ကလေးကို စီး​တယ်။

ဂျေရုဆလင်​မြို့ထဲ ယေရှု မြည်း​စီး​ပြီး ၀င်​လာတဲ့​အချိန်မှာ လူတွေ​ဝိုင်းအုံ​လာတယ်။ လူအများစုက သူတို့ရဲ့ ဝတ်ရုံ​တွေကို လမ်းပေါ် ဖြန့်​ခင်း​ကြတယ်။ တချို့က သစ်​ခက်​တွေ၊ “လမ်းဘေး​ကသစ်​ခက်​တွေ” ကို​ခုတ်​ပြီး လမ်းပေါ်​ခင်း​ကြတယ်။ ပြီးတော့ “ဘုရားသခင်၊ သူ့ကို ကယ်တင်​ပါ။ ယေဟောဝါရဲ့ နာမည်​နဲ့ ရောက်လာ​သူ ကောင်းချီး​ခံစားရ​ပါစေ။ တည်ထောင်​တော့​မယ့် အဖ​ဒါဝိဒ်​ရဲ့​နိုင်ငံ ကောင်းချီး​ခံစားရ​ပါစေ” ဆိုပြီး ကြွေးကြော်​ကြတယ်။ (မာကု ၁၁:၈-၁၀) လူအုပ်​ထဲမှာ​ပါ​လာတဲ့ ဖာရိရှဲ​တချို့က အဲဒီလို ကြွေးကြော်​တာ​ကို စိတ်ဆိုး​ပြီး “ဆရာ၊ တပည့်​တွေကို တိတ်​တိတ်​နေဖို့ ပြောပါ​ဦး” လို့​ပြော​ကြတယ်။ ယေရှု​က “ကျွန်တော်​ပြောမယ်။ သူတို့သာ တိတ်​တိတ်​နေမယ်​ဆိုရင် ကျောက်ခဲ​တွေ ကြွေးကြော်​ကြ​လိမ့်မယ်” လို့​ပြန်​ပြောတယ်။​—လုကာ ၁၉:၃၉၊ ၄၀

ဂျေရုဆလင်​မြို့ကို ယေရှု​မြင်​တော့ “ငြိမ်သက်မှု​ပေးတဲ့​အရာတွေ​က ဘာတွေလဲ​ဆိုတာ မင်းကို သိစေချင်​လိုက်တာ။ အခုတော့ အဲဒါတွေကို မင်း​မသိနိုင်​ပါလား” လို့ ငို​ပြီး ပြောတယ်။ ဂျေရုဆလင်​မြို့ဟာ တမင်တကာ မနာခံတဲ့​အတွက် ပေးဆပ်​ရပါလိမ့်မယ်။ ယေရှု အခုလို ကြို​ပြောတယ်– “ရန်သူတွေက မင်းရဲ့​ပတ်လည်မှာ တုတ်ချွန်​ခံတပ်ကို ဆောက်​ပြီး လေး​ဖက်​လေး​တန် ဝိုင်းရံ​ပိတ်ဆို့မယ့်​အချိန် ရောက်လာ​လိမ့်မယ်။ သူတို့က မင်းနဲ့ မင်းရဲ့သားသမီးတွေကို လုံးဝ ဖျက်ဆီး​ပစ်​လိမ့်မယ်။ ကျောက်​တစ်တုံး​ပေါ်​တစ်တုံး ဆင့်ပြီး ကျန်နေမှာ မဟုတ်ဘူး။” (လုကာ ၁၉:၄၂-၄၄) အေဒီ ၇၀ မှာ ဂျေရုဆလင်​မြို့ ဖျက်ဆီး​ခံရတဲ့​အခါ ယေရှု​ပြောတဲ့​အတိုင်း ဖြစ်လာတယ်။

ဂျေရုဆလင်​မြို့ထဲ ယေရှု​ဝင်​လာတဲ့အခါ “တစ်မြို့လုံး ရုတ်ရုတ်သဲသဲ​ဖြစ်ပြီး ‘သူ ဘယ်သူ​လဲ’ လို့​မေး​ကြ​တော့ လူအုပ်​က ‘ဂါလိလဲ​ပြည်၊ နာဇရက်​မြို့သား ပရောဖက်​ယေရှု​ပဲ’ ဆိုပြီး ဖြေကြတယ်။” (မဿဲ ၂၁:၁၀၊ ၁၁) လူအုပ်​ထဲ​က တချို့ဟာ လာဇရု​ကို ယေရှု ထမြောက်​ပေးတာကို တွေ့​ထား​တော့ အဲဒီ​အံ့ဖွယ်အမှု​အကြောင်း တခြား​သူတွေကို ပြောပြ​နေတယ်။ ဖာရိရှဲတွေ​လည်း သူတို့​ကြံစည်သမျှ တစ်ခု​မှ မအောင်မြင်​ဘူးဆိုပြီး စိတ်ပျက်လက်ပျက် ညည်းညူ​ကြတယ်။ “တစ်လောကလုံး သူ့​နောက် ပါသွားပြီ” လို့ အချင်းချင်း ပြော​ကြတယ်။—ယောဟန် ၁၂:၁၈၊ ၁၉

ဂျေရုဆလင်​မြို့ကို ရောက်တဲ့အခါ ထုံးစံ​ရှိတဲ့​အတိုင်း ဗိမာန်တော်ကို​သွားပြီး သွန်သင်​ပေးတယ်။ မျက်မမြင်​တွေ၊ ခြေမသန်​သူတွေကိုလည်း ကုသ​ပေးတယ်။ ပုရောဟိတ်ကြီးတွေ​နဲ့ ကျမ်းတတ်​တွေ​က ယေရှု​လုပ်တဲ့ အံ့ဖွယ်​အမှုတွေ​နဲ့ “ဘုရားသခင်၊ ဒါဝိဒ်​ရဲ့သားကို ကယ်တင်​ပေးပါ” လို့ ဗိမာန်တော်မှာ ကြွေးကြော်​နေတဲ့ ကလေးငယ်​တွေကို မြင်တဲ့အခါ ဒေါသ​ထွက်ပြီး “ဒီ​ကလေးတွေ ပြော​နေတာကို ကြား​ရဲ့​လား” လို့ မေးတယ်။ ဒါနဲ့ ယေရှု​က “ကြား​တာပေါ့။ ‘ကလေးတွေနဲ့ နို့စို့​ကလေးတွေရဲ့ နှုတ်​ကနေ ချီးမွမ်းစကား ထွက်​စေတယ်’ ဆိုတဲ့​စကားကို ခင်ဗျားတို့ မဖတ်ဖူး​ဘူး​လား” လို့​ပြန်​ပြောလိုက်​တယ်။—မဿဲ ၂၁:၁၅၊ ၁၆

အဲဒီနောက် ယေရှုဟာ ဗိမာန်တော်မှာ​ရှိတဲ့ အရာတွေကို လှည့်လည်​ကြည့်ရှု​တယ်။ အခု မိုးချုပ်​ခါနီး​ပြီဆို​တော့ တမန်တော်တွေ​နဲ့​အတူ ထွက်သွား​တယ်။ နိသန် ၁၀ ရက်မ​စ​ခင် ဗေသနိ​ရွာ​ကို​ပြန်​ပြီး တနင်္ဂနွေ​နေ့​ည အဲဒီမှာ အိပ်​တယ်။