မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၀၆

စပျစ်ခြံပုံဥပမာနှစ်ခု

စပျစ်ခြံပုံဥပမာနှစ်ခု

မဿဲ ၂၁:၂၈-၄၆ မာကု ၁၂:၁-၁၂ လုကာ ၂၀:၉-၁၉

  • သား​နှစ်ယောက် ပုံဥပမာ

  • စပျစ်ခြံ​လုပ်သားများ ပုံဥပမာ

ဗိမာန်တော်မှာ ယေရှု​က သူ့​အခွင့်အာဏာနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်​တဲ့ ပုရောဟိတ်ကြီးတွေ၊ အကြီးအကဲ​တွေကို အနိုင်ယူ​လိုက်တယ်။ ယေရှု​ပြန်​ပြောတဲ့​စကား​ကြောင့် သူတို့ နှုတ်ပိတ်​သွားတယ်။ ဒါနဲ့ ယေရှု​က သူတို့ ဘယ်လို လူစားမျိုး​ဖြစ်မှန်း ဖော်ထုတ်​ဖို့ ပုံဥပမာ​တစ်ခု ပြောတယ်။

“လူတစ်ယောက်မှာ သား​နှစ်ယောက်​ရှိတယ်။ သူက သားကြီး​ကို ‘သား၊ ဒီနေ့ စပျစ်ခြံ​မှာ အလုပ်သွား​လုပ်ပါ’ လို့​ခိုင်း​တော့၊ သားကြီး​က ‘မသွား​ဘူး’ လို့​ပြောတယ်။ နောက်​မှ နောင်တ​ရပြီး စပျစ်ခြံ​ဆီ ထွက်သွား​တယ်။ သားငယ်​ဆီ​သွားပြီး အဲဒီအတိုင်း ခိုင်းတဲ့​အခါ ‘ဟုတ်ကဲ့’ လို့​ပြောပေမဲ့ မသွား​ဘူး။ အဲဒီသား​နှစ်ယောက်​ထဲမှာ ဘယ်သူက အဖေ့​စကား နားထောင်သလဲ။” (မဿဲ ၂၁:၂၈-၃၁) အဖြေကတော့ ရှင်း​ပါတယ်၊ နောက်ဆုံးမှာ အဖေ​ခိုင်းတဲ့အတိုင်း​လုပ်တဲ့ သားကြီး​ပါပဲ။

ဒါကြောင့် အတိုက်အခံလုပ်​သူတွေကို ယေရှု​က “ကျွန်တော် မှန်တာကို​ပြောမယ်။ အခွန်ခံ​တွေ၊ ပြည့်တန်ဆာ​တွေ​က ခင်ဗျားတို့ထက်​အရင် ဘုရားသခင့်​နိုင်ငံ​ကို ဝင်​ကြ​လိမ့်မယ်” လို့​ပြောတယ်။ အခွန်ခံ​တွေ၊ ပြည့်တန်ဆာ​တွေ​က အစပိုင်းမှာ ဘုရား​အမှုတော် မ​ဆောင်​ကြဘူး။ ဒါပေမဲ့ သားကြီး​လို​ပဲ သူတို့က နောက်ပိုင်းမှာ နောင်တ​ရပြီး ဘုရား​အမှုတော် ဆောင်​နေကြ​တယ်။ ဘာသာရေး ခေါင်းဆောင်​တွေ​ကျတော့ သားငယ်​နဲ့ တူတယ်။ ဘုရား​အမှုတော် ဆောင်​ပါတယ်လို့ ပြော​နေပေမဲ့ တကယ်တမ်း အဲဒီလို လုပ်​နေတာ​မဟုတ်ဘူး။ ဒါကြောင့် ယေရှု​က “[နှစ်ခြင်း​ပေးသူ] ယောဟန်​ရောက်လာပြီး ဖြောင့်မတ်ခြင်း​တရားလမ်း​ကို ပြညွှန်​ပေမဲ့ သူ့ကို ခင်ဗျားတို့ မယုံကြည်​ဘူး။ အခွန်ခံ​တွေ၊ ပြည့်တန်ဆာ​တွေ​ကတော့ ယုံကြည်တယ်။ ဒါကို ခင်ဗျားတို့ မြင်ပြီး​နောက်မှာ​တောင် မယုံကြည်ကြဘူး။ နောင်တမရ​ကြဘူး” လို့ မှတ်ချက်ချ​တယ်။—မဿဲ ၂၁:၃၁၊ ၃၂

နောက်​ပုံဥပမာ​တစ်ခုကို ဆက်ပြောတယ်။ ဒီ​တစ်ခါ​မှာ​တော့ ဘာသာရေး​ခေါင်းဆောင်​တွေဟာ ဘုရား​အမှုတော် မ​ဆောင်​ရုံ​တင် မ​က​ဘူး၊ အဲဒါ​ထက် ပို​ဆိုးညစ်​တယ်လို့ ယေရှု ဖော်ပြတယ်။ ပုံဥပမာ​ကတော့– “လူတစ်ယောက်က စပျစ်ခြံ​ကို စိုက်ပျိုး​ပြီး ခြံစည်းရိုး​ခတ်​တယ်။ စပျစ်သီး​နယ်​ဖို့ ကျင်း​ကို​တူးပြီး လင့်​စင်​ဆောက်​တယ်။ ပြီးတော့ ခြံ​လုပ်သား​တွေကို သီး​စား​ချပြီး​တဲ့​နောက် ခရီးထွက်​သွားတယ်။ အသီး​ခူး​ချိန် ရောက်တဲ့အခါ ခြံ​လုပ်သားတွေ​ဆီ ကျွန်​တစ်ယောက် လွှတ်​ပြီး သူ​ရမယ့် ဝေစု​ကို တောင်းခိုင်း​တယ်။ ဒါပေမဲ့ ခြံ​လုပ်သားတွေ​က ကျွန်ကို ဖမ်းဆီး​ရိုက်နှက်​ပြီး လက်​ဗလာ​နဲ့ ပြန်လွှတ်​လိုက်တယ်။ ကျွန်​နောက်​တစ်ယောက်ကို လွှတ်​တဲ့အခါ ခြံ​လုပ်သားတွေ​က သူ့​ခေါင်းကို ရိုက်​ပြီး အရှက်ခွဲ​လိုက်တယ်။ နောက်​တစ်ယောက်ကို ထပ်​လွှတ်​တော့​လည်း သတ်​လိုက်​ပြန်တယ်။ ဒါနဲ့ ကျွန်​အများကြီး​ကို လွှတ်​တဲ့အခါ တချို့ကို ရိုက်နှက်​ပြီး တချို့ကို သတ်ပစ်​တယ်။”—မာကု ၁၂:၁-၅

နားထောင်​နေ​သူတွေဟာ ပုံဥပမာ​ရဲ့ ဆိုလိုရင်းကို နားလည်ကြသလား။ သူတို့​အနေနဲ့ ဟေရှာယ​က​တစ်ဆင့် ဘုရားသခင်​ပြောတဲ့ ဒီ​စကားတွေကို သတိရ​ကြမှာပဲ– “အစ္စရေး​အမျိုး​ဟာ ဗိုလ်ခြေ​တို့ရဲ့​အရှင် ယေဟောဝါရဲ့ စပျစ်ခြံ​ပဲ။ ယုဒ​လူတွေဟာ ငါ​မြတ်နိုးတဲ့ စိုက်ခင်း​ပဲ။ တရား​မျှတမှု​ကို ငါ​မျှော်လင့်​နေပေမဲ့ မတရားမှုတွေ​ပဲ ရှိနေတယ်။” (ဟေရှာယ ၅:၇) ယေရှု​ပြောတဲ့ ပုံဥပမာမှာ​လည်း စပျစ်ခြံ​ပိုင်ရှင်​ဟာ ယေဟောဝါ​ဘုရား​ဖြစ်ပြီး စပျစ်ခြံ​ကတော့ အစ္စရေး​လူမျိုး​ဖြစ်တယ်။ သူတို့ကို ဘုရား​ပညတ်​နဲ့ ခြံစည်းရိုး​ခတ်​ထားပြီး ကာကွယ်​ပေးထားတယ်။ ယေဟောဝါ​ဘုရားက ပရောဖက်​တွေ စေလွှတ်​ပြီး သူ့​လူမျိုးကို သွန်သင်​ပေးတယ်၊ အသီးကောင်းတွေ သီး​လာ​အောင် ကူညီ​ပေးတယ်။

ဒါပေမဲ့ “ခြံ​လုပ်သားတွေ​က” ခြံပိုင်ရှင် စေလွှတ်​လိုက်တဲ့ “ကျွန်တွေကို” ရိုက်နှက်​ကြတယ်၊ သတ်ပစ်​ကြတယ်။ ယေရှု ဒီလို​ဆက်ပြောတယ်– “ခြံပိုင်ရှင်​မှာ ချစ်​ရတဲ့ သားတစ်ယောက် ရှိတယ်။ နောက်ဆုံးမှာ ‘ငါ့သားကို​တော့ လေးစား​ကြ​မှာပါ’ လို့​တွေး​ပြီး သားကို လွှတ်လိုက်တယ်။ ဒါပေမဲ့ ခြံ​လုပ်သားတွေ​က ‘ဒီ​ခြံ​ကို အမွေဆက်ခံ​မယ့်​သူပဲ။ သူ့ကို သတ်ပစ်​ရအောင်။ ဒါဆိုရင် သူ့​အမွေ​ကို ငါ​တို့​ရပြီ’ လို့​တိုင်ပင်​ကြတယ်။ ဒါနဲ့ သူ့ကို ဖမ်းဆီးသတ်ဖြတ်” လိုက်တယ်။—မာကု ၁၂:၆-၈

“ဒီတော့ ခြံပိုင်ရှင် ဘာလုပ်မလဲ” ဆိုပြီး ယေရှု​မေးတယ်။ (မာကု ၁၂:၉) “ဒီ​လူ​ယုတ်မာ​တွေကို သတ်ပစ်​မှာ​ပေါ့။ စပျစ်ခြံ​ကို​တော့ အသီး​ခူး​ချိန်မှာ သီး​စား​ခ​ပေးမယ့် တခြား​ခြံ​လုပ်သားတွေ​ဆီ ငှား​ပါလိမ့်မယ်” လို့ ဘာသာရေး​ခေါင်း​ဆာင်​တွေ ဖြေကြတယ်။—မဿဲ ၂၁:၄၁

ဒီလို​နည်းနဲ့ သူတို့ကိုယ်​ သူတို့ ပြစ်ဒဏ်​စီရင်​မိ​လျက်သား ဖြစ်သွားတယ်။ အကြောင်းကတော့ သူတို့ဟာ ယေဟောဝါ​ဘုရားရဲ့ “စပျစ်ခြံ” ထဲ​က “ခြံ​လုပ်သားတွေ၊” တစ်နည်းအားဖြင့် အစ္စရေး​လူမျိုးအဝင် ဖြစ်လို့ပဲ။ အဲဒီ​ခြံ​လုပ်သားတွေ​ဆီကနေ ယေဟောဝါ​ဘုရား​မျှော်လင့်တဲ့ အသီး​ကတော့ ဘုရားရဲ့သားတော်၊ မေရှိယကို ယုံကြည်​ဖို့​ပါ။ ယေရှု​က အဲဒီ ဘာသာရေး ခေါင်းဆောင်​တွေကို စူးစိုက်ကြည့်​ပြီး “ဒီ​ကျမ်း​စကားကို ခင်ဗျားတို့ မဖတ်ဖူး​ကြဘူးလား– ‘တိုက်​ကို တည်ဆောက်​သူတွေ ပယ်​ထားတဲ့ ကျောက်ဟာ ထိပ်ဆုံး​က ထောင့်​ချုပ်​ကျောက် ဖြစ်လာပြီ။ ဒီ​ကျောက်ဟာ ယေဟောဝါ​ဆီက လာတယ်။ ငါ​တို့​အမြင်မှာ အံ့ဩစရာ​ပဲ’ ဆိုတဲ့ စကားပဲ” လို့ ပြောလိုက်​တယ်။ (မာကု ၁၂:၁၀၊ ၁၁) ပြီးတော့ “ကျွန်တော်​ပြောမယ်။ ဘုရားသခင့် နိုင်ငံတော်ကို ခင်ဗျားတို့​ဆီကနေ ရုပ်သိမ်း​ပြီး သီးပွင့်​ဖြစ်ထွန်း​မယ့် လူမျိုးကို အပ်​လိမ့်မယ်” ဆိုပြီး သူ​ပြော​ချင်တဲ့​အချက်ကို ရှင်းရှင်း​လေး ပြောလိုက်​တယ်။—မဿဲ ၂၁:၄၃

ကျမ်းတတ်​နဲ့ ပုရောဟိတ်ကြီးတွေက ယေရှု “သူတို့ကို​ရည်ရွယ်ပြီး ပြော​နေမှန်း ရိပ်မိ​ကြတယ်။” (လုကာ ၂၀:၁၉) ဒါကြောင့် “အမွေ​ဆက်ခံသူ” ဖြစ်တဲ့ ယေရှုကို ပို​ပြီးတော့​တောင် သတ်ပစ်ချင်​ကြတယ်။ ဒါပေမဲ့ ယေရှုကို ပရောဖက်လို့ ယူမှတ်​နေတဲ့ လူအုပ်​ကို​ကြောက်လို့ ဒီ​အချိန်မှာ မ​ဖမ်း​ရဲ​ကြဘူး။