မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၀၇

ဘုရင်ကြီးက မင်္ဂလာပွဲတက်ရောက်ဖို့ လူတွေကိုဖိတ်ခေါ်ခိုင်း

ဘုရင်ကြီးက မင်္ဂလာပွဲတက်ရောက်ဖို့ လူတွေကိုဖိတ်ခေါ်ခိုင်း

မဿဲ ၂၂:၁-၁၄

  • မင်္ဂလာပွဲ ပုံဥပမာ

ယေရှု​က သူ့ရဲ့​အမှုဆောင်​လုပ်ငန်း ပြီးဆုံး​ခါနီး​မှာ ကျမ်းတတ်​နဲ့ ပုရောဟိတ်ကြီးတွေ အကြောင်းကို ပုံဥပမာ​တွေ​သုံးပြီး ဆက်​ဖော်ထုတ်​တယ်။ ဒါကြောင့်လည်း သူတို့က ယေရှုကို သတ်ချင်​နေတာ။ (လုကာ ၂၀:၁၉) ယေရှု​ကတော့ ဆက်​ဖော်ထုတ်​နေတုန်းပဲ။ နောက်​ပုံဥပမာ​တစ်ခုကို သူ​ပြောပြတယ်–

“ကောင်းကင်​နိုင်ငံ​ကို သား​အတွက် မင်္ဂလာပွဲ​ပြင်ဆင်​တဲ့ ဘုရင်ကြီး​တစ်ပါး​နဲ့ ခိုင်းနှိုင်း​နိုင်တယ်။ ဘုရင်ကြီး​က ဖိတ်ခေါ်​ထားသူတွေ​ဆီ ကျွန်တွေ လွှတ်​ပြီး ခေါ်​ခိုင်း​လိုက်​ပေမဲ့ တစ်ယောက်မှ မလာ​ချင်​ကြဘူး။” (မဿဲ ၂၂:၂၊ ၃) ယေရှု​က ပုံဥပမာ​ကို “ကောင်းကင်​နိုင်ငံ” နဲ့​အစပြု​တာ​ကြောင့် “ဘုရင်ကြီး” က ယေဟောဝါ​ဘုရား ဖြစ်ရမယ်။ ဒါဆို ဘုရင်ကြီးရဲ့ သားနဲ့ ဖိတ်ခေါ်ခံ​ရသူတွေ​က ဘယ်သူတွေလဲ။ ဘုရင်ကြီးရဲ့သား​ဆိုတာ ဒီ​ပုံဥပမာ​ကို ပြောပြ​နေ​သူ၊ ယေဟောဝါ​ဘုရားရဲ့ သားတော်​ဖြစ်မှန်း သိ​နိုင်ပါတယ်။ ဖိတ်ခေါ်ခံ​ရသူတွေ​ကတော့ ကောင်းကင်​နိုင်ငံတော်မှာ သားတော်​နဲ့​အတူ ရှိ​မယ့်​သူတွေ ဖြစ်တယ်။

ဘယ်သူတွေ ဦးဆုံး ဖိတ်ခေါ်ခံ​ရသလဲ။ ယေရှုနဲ့ တမန်တော်တွေက ဘယ်သူတွေကို နိုင်ငံတော်​အကြောင်း ဟောပြောသလဲ​ဆိုတာ စဉ်းစားကြည့်ပါ။ ဂျူးတွေကို မဟုတ်လား။ (မဿဲ ၁၀:၆၊ ၇။ ၁၅:၂၄) ဘီစီ ၁၅၁၃ မှာ ဒီ​လူမျိုးဟာ ပညတ်​ပဋိညာဉ်ကို လက်ခံခြင်း​အားဖြင့် “ပုရောဟိတ်​အုပ်ချုပ်တဲ့​နိုင်ငံ” ထူထောင်​ဖို့ ဦးဆုံး လျာထား​ခံရသူတွေ ဖြစ်လာတယ်။ (ထွက်မြောက်ရာ ၁၉:၅-၈) ဒါပေမဲ့ ဘယ်​အချိန်​ရောက်​မှ “မင်္ဂလာပွဲ” ကို သူတို့ တကယ် ဖိတ်ခေါ်ခံ​ရသလဲ။ ကောင်းကင်​နိုင်ငံတော်​အကြောင်း ယေရှု စဟော​ပြောချိန်၊ အေဒီ ၂၉ ရောက်​မှ ဖိတ်ခေါ်ခြင်း စခဲ့​တာ။

အစ္စရေး​လူမျိုး​အများစု ဘယ်လို တုံ့ပြန်​ခဲ့ကြသလဲ။ ယေရှု​ပြောတဲ့​အတိုင်း “တစ်ယောက်မှ မလာ​ချင်​ကြဘူး။” ဘာသာရေး​ခေါင်းဆောင် အများစု​နဲ့ လူတွေဟာ ယေရှုကို မေရှိယ​အဖြစ်၊ ဘုရား​ရွေးချယ်​ထားတဲ့ ဘုရင်အဖြစ် လက်မခံ​ခဲ့​ကြဘူး။

ဒါပေမဲ့ ဂျူးတွေ​မှာ နောက်ထပ် အခွင့်အရေး ရှိသေး​မှန်း အခုလို ပြောတယ်– “[ဘုရင်ကြီး​က] တခြား​ကျွန်တွေ ထပ်​လွှတ်​ပြီး “‘စားသောက်​ပွဲကို ငါ​ပြင်ဆင်​ထားပြီ။ နွား​တွေ၊ ဆူဖြိုး​တဲ့​တိရစ္ဆာန်တွေကို သတ်​ပြီးပြီ။ အားလုံး အသင့်​ဖြစ်နေပြီ။ မင်္ဂလာ​ပွဲကို လာ​ကြပါ” လို့ ဖိတ်ခေါ်​ထားသူတွေ​ကို ပြောလိုက်’ ဆိုပြီး မှာတယ်။ ဒါပေမဲ့ သူတို့ အရေး​မစိုက်​ကြဘူး။ တစ်ယောက်က လယ်ထဲ ထွက်သွား​တယ်။ နောက်​တစ်ယောက်က အရောင်းအဝယ်​လုပ်ဖို့ ထွက်သွား​တယ်။ တချို့ကျတော့ လွှတ်လိုက်တဲ့ ကျွန်တွေကို ဖမ်းဆီး၊ ရိုက်နှက်​ပြီး သတ်​လိုက်တယ်။” (မဿဲ ၂၂:၄-၆) အဲဒါက ခရစ်ယာန်​အသင်းတော် တည်ထောင်ချိန်​မှာ ဖြစ်ပျက်ခဲ့တာ​တွေ​နဲ့ တူညီ​တယ်။ အဲဒီအချိန်မှာ ဂျူးတွေ​က နိုင်ငံတော်​ဝင်​ဖို့ အခွင့်အရေး ရှိသေးတယ်။ ဒါပေမဲ့ အများစုက ဖိတ်ခေါ်ချက်ကို ငြင်းပယ်ခဲ့​တယ်။ “ဘုရင်ကြီးရဲ့​ကျွန်တွေ” ကိုတောင် နှိပ်စက်​ညှဉ်းပန်း​ခဲ့​တယ်။—တမန်တော် ၄:၁၃-၁၈။ ၇:၅၄၊ ၅၈

ဒါကြောင့် သူတို့ ဘာ​ကြုံရသလဲ။ “ဒါနဲ့ ဘုရင်ကြီး​က ဒေါသ​ထွက်ပြီး စစ်သည်တွေ​ကို လွှတ်လိုက်တယ်။ အဲဒီ လူသတ်သမား​တွေကို ကွပ်မျက်​ပြီး မြို့ကို မီးရှို့ပစ်တယ်” လို့ ယေရှု​ပြောတယ်။ (မဿဲ ၂၂:၇) အေဒီ ၇၀ မှာ ရောမတွေ ဂျေရုဆလင် “မြို့ကို” ဖျက်ဆီး​တဲ့အခါ ဂျူးတွေ အဲဒီ​အဖြစ်ဆိုး ကြုံခဲ့​ရတယ်။

ဘုရင်ကြီးရဲ့ ဖိတ်ခေါ်ချက်ကို သူတို့ ငြင်း​လိုက်လို့ ဘယ်သူ့ကိုမှ မ​ဖိတ်ခေါ်​တော့​ဘူးဆိုတဲ့ သဘောလား။ ပုံဥပမာ​အရ ဆိုရင်တော့ မဟုတ်ပါဘူး။ ယေရှု အခုလို ဆက်ပြောတယ်– “အဲဒီနောက် [ဘုရင်ကြီး​က] သူ့​ကျွန်တွေကို ‘မင်္ဂလာပွဲ အသင့်​ဖြစ်နေပေမဲ့ အဲဒီ​လူတွေဟာ မင်္ဂလာပွဲ​တက်ဖို့ မထိုက်တန်ဘူး။ ဒါကြောင့် လမ်းမ​တွေကို သွားပြီး တွေ့သ​မျှ​လူတွေကို မင်္ဂလာပွဲ​လာဖို့ ဖိတ်ခေါ်​ကြ’ လို့​ပြောတယ်။ ကျွန်တွေ​လည်း လမ်းပေါ်​ထွက်သွား​ပြီး လူဆိုး​လူကောင်း​မကျန် တွေ့သမျှကို ခေါ်လာ​တယ်။ ဒီလိုနဲ့ မင်္ဂလာ​ခန်းမ​တစ်ခုလုံး လူပြည့်​သွားတယ်။”—မဿဲ ၂၂:၈-၁၀

မှတ်သား​စ​ရာ​က၊ နောက်ပိုင်းမှာ တမန်တော်​ပေတရု​က (ဂျူးလူမျိုး​လည်း မဟုတ်၊ ဂျူး​ဘာသာ ပြောင်း​ဝင်​လာ​သူလည်း မဟုတ်တဲ့) လူမျိုးခြားတွေကို ခရစ်ယာန်စစ်​တွေ ဖြစ်လာအောင် ကူညီပေး​ခဲ့​တယ်။ အေဒီ ၃၆ မှာ ရောမ​တပ်မှူး ကော်နေလိ​နဲ့ သူ့​မိသားစုဟာ ဘုရားသခင့်​စွမ်းအားတော် ရရှိ​ပြီး ကောင်းကင်​နိုင်ငံတော် ၀င်​ခွင့်​ရခဲ့တယ်။—တမန်တော် ၁၀:၁၊ ၃၄-၄၈

ယေရှု အခုလို ဆက်ပြောတယ်– “ဘုရင်ကြီး​က ဧည့်သည်တွေကို လာ​ကြည့်တဲ့အခါ မင်္ဂလာပွဲ​တက်​ဝတ်စုံ မ​ဝတ်​ထားတဲ့ လူတစ်ယောက်ကို တွေ့​သွားတယ်။ ဒါနဲ့ ‘မိတ်ဆွေ၊ မင်္ဂလာပွဲ​တက်​ဝတ်စုံ မ​ဝတ်​ဘဲ ဘာလို့​ဝင်​လာသလဲ’ ဆိုပြီး မေးတဲ့အခါ သူ​မဖြေနိုင်ဘူး။ ဘုရင်ကြီး​က ‘သူ့​ခြေလက်​တွေကို ကြိုး​တု​ပ်​ပြီး အပြင်ဘက် မှောင်မိုက်​အရပ်​ဆီ ဆွဲထုတ်​သွား​ကြ။ အဲဒီမှာ ငိုကြွေး​ပြီး အံကြိတ်​ခံပြင်း​နေပါ​စေ’ လို့ မင်းမှုထမ်း​တွေကို အမိန့်​ပေးတယ်။ ဖိတ်ခေါ်ခံ​ရသူတွေ များ​ပေမဲ့ ရွေးချယ်​ခံရသူတွေ နည်းတယ်။” ဒီ​အချက်​က ပွဲ​တက်လာ​သူ​တိုင်း​ကို “ဘုရင်ကြီး” လက်ခံ​မှာ မဟုတ်​ကြောင်း ဖော်ပြ​နေတယ်။—မဿဲ ၂၂:၁၁-၁၄

နားထောင်​နေတဲ့ ဘာသာရေး​ခေါင်းဆောင်​တွေ​က ယေရှု​ပြောတဲ့ စကားတွေ​ရဲ့ ဆိုလိုရင်းကို နားလည်ပုံ မရဘူး။ ဘာပဲ​ဖြစ်ဖြစ်၊ ယေရှု​ပြောတာတွေကို မကြိုက်တာ​တော့ အမှန်​ပဲ။ ဒါကြောင့် သူတို့ကို စိတ်​အနှောင့်အယှက် ပေးနေတဲ့​လူကို ရှင်းပစ်​မယ်​ဆိုတဲ့ ဆုံးဖြတ်ချက် ပို​ခိုင်မာ​လာတယ်။