မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၀၉

ဆန့်ကျင်သူတွေကို လူသိရှင်ကြားပြစ်တင်ရှုတ်ချ

ဆန့်ကျင်သူတွေကို လူသိရှင်ကြားပြစ်တင်ရှုတ်ချ

မဿဲ ၂၂:၄၁–၂၃:၂၄ မာကု ၁၂:၃၅-၄၀ လုကာ ၂၀:၄၁-၄၇

  • ခရစ်တော်​က ဘယ်သူ့သား​လဲ

  • အယောင်ဆောင်သ​မား​တွေကို ဖော်ထုတ်

ဘာသာရေး ခေါင်းဆောင်​တွေ​က ယေရှုကို သိက္ခာ​ချဖို့၊ အကွက်​ဆင်​ပြီး ရောမတွေ​လက်ထဲ အပ်ဖို့ အမျိုးမျိုး ကြိုးစားပေမဲ့ မအောင်မြင်​ဘူး။ (လုကာ ၂၀:၂၀) ဒီနေ့​က နိသန်​လ ၁၁ ရက်​နေ့။ ဗိမာန်တော်မှာ ယေရှု ရှိနေတုန်းပဲ။ အခု ယေရှု​မေး​ရမယ့်​အလှည့် ရောက်လာပြီ။ ယေရှု​က သူ ဘယ်သူဘယ်ဝါ​ဖြစ်တယ်ဆိုတာ ဖော်ပြဖို့ “ခရစ်တော်ကို ဘယ်လို​ထင်ကြ​လဲ။ ဘယ်သူ့သား​လဲ” ဆိုပြီး စ​မေးလိုက်တယ်။ (မဿဲ ၂၂:၄၂) ခရစ်တော် ဒါမှမဟုတ် မေရှိယဟာ ဒါဝိဒ်​မျိုးရိုး​ကနေ ဆင်းသက်လာ​မယ်​ဆိုတာ အားလုံး သိ​ပြီးသား​မို့ “ဒါဝိဒ်​ရဲ့သား” လို့​ဖြေကြတယ်။—မဿဲ ၉:၂၇။ ၁၂:၂၃။ ယောဟန် ၇:၄၂

ယေရှု​က “ဒါဆိုရင် ဒါဝိဒ်​က စွမ်းအားတော်​ရရှိ​ပြီး ခရစ်တော်ကို သခင်​ဆိုပြီး ဘာလို့​ခေါ်တာလဲ။ ‘ယေဟောဝါ​က “ရန်သူတွေကို မင်းရဲ့​ခြေအောက်​မှာ မချခင်​အထိ ငါ့​ညာဘက်မှာ ထိုင်​နေပါ” လို့ ငါ့သခင်​ကို ပြောတယ်’ ဆိုပြီး ဒါဝိဒ်​ပြောခဲ့တယ်။ ဒါဝိဒ်​က ခရစ်တော်ကို သခင်​လို့ ခေါ်​ရင် ခရစ်တော်​က ဘယ်လိုလုပ်ပြီး ဒါဝိဒ်​ရဲ့သား ဖြစ်နိုင်မှာလဲ” လို့​ပြန်​မေးတယ်။—မဿဲ ၂၂:၄၃-၄၅

ဖာရိရှဲတွေ နှုတ်ဆိတ်​သွား​ပြန်တယ်။ ဒါဝိဒ်​ရဲ့ လူသား​မျိုးနွယ်​တစ်ယောက်က သူတို့ကို ရောမ​အုပ်ချုပ်မှု​အောက်​ကနေ ကယ်တင်မယ်​လို့ ထင်နေ​ကြလို့ပဲ။ ဒါပေမဲ့ ဆာလံ ၁၁၀:၁၊ ၂ မှာပါတဲ့ ဒါဝိဒ်​ရဲ့ စကား​အရ မေရှိယဟာ လူသား​အုပ်စိုးရှင် မဟုတ်ဘူးဆိုတာ ယေရှု ထောက်ပြ​တယ်။ မေရှိယဟာ ဒါဝိဒ်​ရဲ့သခင် ဖြစ်တယ်။ ဘုရားသခင့်​ညာဘက်မှာ ထိုင်ပြီး​နောက် သူ့ရဲ့ တန်ခိုး​အာဏာကို အသုံးပြု​မှာ​ဖြစ်တယ်။ ယေရှု​ပြန်​ပြောတဲ့ စကား​ကြောင့် ဆန့်ကျင်သူတွေ နှုတ်ပိတ်​သွားတယ်။

တပည့်​တွေ​နဲ့ တခြား​သူတွေလည်း နားထောင်​နေကြ​တယ်။ အခု ယေရှု​က သူတို့​ဘက်​လှည့်​ပြီး ကျမ်းတတ်​တွေ၊ ဖာရိရှဲတွေ​နဲ့ ပတ်သက်ပြီး သတိပေး​တယ်။ အဲဒီ​လူတွေက “မောရှေ​ရတဲ့ အခွင့်အာဏာ​မျိုးကို ရယူ​ထား” ပြီး ဘုရား​ပညတ်ကို သွန်သင်​နေတယ်။ “ဒါကြောင့် သူတို့​ပြောသမျှ​ကို လိုက်နာပါ။ ဒါပေမဲ့ သူတို့​လုပ်သလို လိုက်​မလုပ်ပါနဲ့။ သူတို့က ပြောပေမဲ့ ကိုယ်တိုင် မ​လုပ်​ဘူး” လို့ နားထောင်​နေ​သူတွေကို ရှင်းပြတယ်။—မဿဲ ၂၃:၂၊ ၃

ဒီ​နောက် သူတို့ရဲ့ သူတော်ကောင်း ယောင်ဆောင်​မှု​တွေကို ပြောပြတယ်။ သူတို့က “အဆောင်​လက်ဖွဲ့​တွေကို အကြီးကြီး​လုပ်ပြီး တပ်​ကြတယ်။” ဂျူး​တချို့က ပညတ်ချက်​တချို့ ရေး​ထည့်​ထားတဲ့ ဗူး​ငယ်​လေး​တွေကို နဖူး​မှာ ဒါမှမဟုတ် ဘယ်​လက်မောင်း​မှာ တပ်ထား​လေ့​ရှိတယ်။ ဖာရိရှဲတွေ​ကျတော့ ပညတ်တရား​နဲ့ ပတ်သက်ပြီး အရမ်း​စိတ်ထက်သန်​မှန်း တခြားသူတွေ​သိအောင် အဲဒီ​ဘူး​တွေကို အကြီးကြီး​လုပ်ပြီး တပ်​ကြတယ်။ “ဝတ်လုံ​အမြိတ်​တွေကို​လည်း အရှည်ကြီး ထား​တတ်တယ်။” အစ္စရေး​တွေဟာ အဝတ်​အောက် အနား​စွန်း​မှာ အမြိတ်​တပ်​ရတယ်။ ဖာရိရှဲတွေကတော့ သူတို့​အဝတ်​ရဲ့ အမြိတ်​တွေကို အရှည်ကြီး တပ်ထား​ကြတယ်။ (တောလည်ရာ ၁၅:၃၈-၄၀) အဲဒါ​အားလုံးကို “လူ​မြင်​ကောင်း​အောင်” လုပ်ကြ​တာ။—မဿဲ ၂၃:၅

တပည့်​တွေ​မှာလည်း ထင်ပေါ်​ကျော်ကြား​ချင်စိတ် ရှိလာ​နိုင်တာမို့ ယေရှု ဒီလို​ဆုံးမတယ်– “ခင်ဗျားတို့​ကတော့ ဆရာ​လို့ အခေါ်​မခံကြ​နဲ့။ ခင်ဗျားတို့မှာ ဆရာ​တစ်ယောက်ပဲ ရှိတယ်။ ခင်ဗျားတို့​အားလုံးဟာ ညီအစ်ကို​တွေ​ပဲ။ ပြီးတော့ ကမ္ဘာမြေပေါ်မှာ ဘယ်သူ့ကိုမှ အဖ​လို့ မ​ခေါ်​နဲ့။ ခင်ဗျားတို့မှာ ကောင်းကင်​အဖ တစ်ပါး​ပဲ ရှိတယ်။ ခေါင်းဆောင်​လို့​လည်း အခေါ်​မခံကြ​နဲ့။ ခင်ဗျားတို့မှာ ခရစ်တော်​ဆိုတဲ့ ခေါင်းဆောင် တစ်ယောက်ပဲ ရှိတယ်။ ခင်ဗျားတို့​ထဲ​က အကြီးမြတ်ဆုံး​ဖြစ်သူဟာ အစေခံ​ဖြစ်ရမယ်။ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်တဲ့​သူဟာ နှိမ့်ချ​ခံရမယ်။ နှိမ့်ချတဲ့​သူကတော့ ချီးမြှောက်​ခံရမယ်” လို့​ပြောတယ်။—မဿဲ ၂၃:၈-၁၂

ဒီ​နောက် သူတော်ကောင်း ယောင်ဆောင်တဲ့ ကျမ်းတတ်​နဲ့ ဖာရိရှဲတွေ အဖြစ်ဆိုး​ကြုံ​ရမယ် ဆိုတာကို ယေရှု ဆက်ပြောတယ်။ “သူတော်ကောင်း​ယောင်ဆောင်တဲ့ ကျမ်းတတ်​နဲ့ ဖာရိရှဲ​တို့၊ အဖြစ်ဆိုး ကြုံ​ရလိမ့်မယ်။ ခင်ဗျားတို့​က ကောင်းကင်​နိုင်ငံရဲ့ တံခါး​ကို လူတွေ မဝင်နိုင်​အောင် ပိတ်​ထား​ကြတယ်။ ကိုယ်တိုင် မဝင်​ဘူး၊ ဝင်မယ့်​သူတွေကိုလည်း ဝင်ခွင့်​မပေးဘူး။”—မဿဲ ၂၃:၁၃

ဖာရိရှဲတွေက ယေဟောဝါရဲ့​အမြင်မှာ ဘာက ပို​အရေးကြီးသလဲ​ဆိုတာ ထည့်​မစဉ်းစားဘဲ သူတို့ရဲ့​အမြင်​အတိုင်း ဆုံးဖြတ်​တာ​ကြောင့် သူတို့ကို ယေရှု ပြစ်တင်​ရှုတ်ချ​တယ်။ ဥပမာ၊ “ဗိမာန်တော်ကို တိုင်တည်ပြီး သစ္စာဆို​ရင် အ​တည်​မဖြစ်​ဘူး။ ဗိမာန်တော်မှာ​ရှိတဲ့ ရွှေ​ကို တိုင်တည်ပြီး သစ္စာဆို​ရင်​တော့ အ​တည်​ဖြစ်တယ်” လို့ ပြော​ကြတယ်။ ယေဟောဝါ​ဘုရားကို ဝတ်ပြု​နိုင်တဲ့​နေရာ၊ ဘုရားနဲ့ ရင်းနှီး​စေနိုင်တဲ့ နေရာ​ဖြစ်တဲ့ ဗိမာန်တော်​ထက် ဗိမာန်တော်မှာ​ရှိတဲ့ ရွှေ​ကို ပို​အလေးအနက် ထားခြင်း​အားဖြင့် အကျင့်​သိက္ခာ​ပိုင်း​မှာ မျက်​ကန်း​ဖြစ်နေကြတယ်။ “တရား​မျှတ​တာ၊ သနား​ကရုဏာ​ပြတာ၊ သစ္စာရှိ​တာ​စတဲ့ ပညတ်​ကျမ်း​ထဲ​က ပို​အရေးကြီးတဲ့ အချက်တွေကို လျစ်လျူရှု​ထား​ကြတယ်။”—မဿဲ ၂၃:၁၆၊ ၂၃။ လုကာ ၁၁:၄၂

“မျက်​ကန်း​လမ်းပြ​တို့၊ ခင်ဗျားတို့ဟာ ခြင်​ကို စစ်ထုတ်​ပေမဲ့ ကုလားအုတ်​ကို​တော့ မျိုချ​နေပါ​လား” ဆိုပြီး ဖာရိရှဲတွေကို ယေရှု​ပြောတယ်။ (မဿဲ ၂၃:၂၄) ခြင်​ဟာ ပညတ်တရား​အရ မသန့်ရှင်းတဲ့ အင်းဆက်ပိုး​ဖြစ်လို့ ဝိုင်​သောက်​တဲ့အခါ ခြင်​ကို စစ်ထုတ်​ကြတယ်။ ဒါပေမဲ့ ပညတ်​ကျမ်း​ထဲ​က ပို​အရေးကြီးတဲ့​အချက်တွေကို သူတို့​လျစ်လျူရှု​ထားတာ​က ပညတ်တရား​အရ မသန့်ရှင်းတဲ့၊ ခြင်ထက် အဆပေါင်း​များစွာ ပို​ကြီးတဲ့ ကုလားအုတ်​ကို မျိုချ​နေသလို​ပါပဲ။—ဝတ်ပြုရာ ၁၁:၄၊ ၂၁-၂၄