မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၁၀

ဗိမာန်တော်မှာ ယေရှုရဲ့နောက်ဆုံးနေ့

ဗိမာန်တော်မှာ ယေရှုရဲ့နောက်ဆုံးနေ့

မဿဲ ၂၃:၂၅–၂၄:၂ မာကု ၁၂:၄၁–၁၃:၂ လုကာ ၂၁:၁-၆

  • ဘာသာရေး ခေါင်းဆောင်​တွေကို ထပ်မံ ပြစ်တင်​ရှုတ်ချ

  • ဗိမာန်တော် ဖျက်ဆီး​ခံရမယ်

  • ဆင်းရဲတဲ့​မုဆိုးမ ဒင်္ဂါး​နှစ်ပြား လှူဒါန်း

ဗိမာန်တော်မှာ နောက်ဆုံး​အကြိမ်​ရှိနေတုန်း ယေရှု​က ကျမ်းတတ်​နဲ့ ဖာရိရှဲတွေကို သူတော်ကောင်း ယောင်ဆောင်​သူတွေ​လို့ တဲ့တိုး ခေါ်​လိုက်ခြင်း​အားဖြင့် သူတို့ရဲ့ အယောင်ဆောင်​မှု​ကို ဆက်​ဖော်ထုတ်​တယ်။ ယေရှု​က ပုံဆောင်သဘော​မျိုးနဲ့ အခုလို​ပြောတယ်– “ခင်ဗျားတို့​က အိုး​ခွက်​အပြင်ဘက်​ကို ဆေးကြော​ပေမဲ့ အတွင်းမှာ​တော့ လောဘ​တွေ၊ စိတ်​အလိုလိုက်​တာ​တွေ​နဲ့ ပြည့်နေ​တယ်။ မျက်​ကန်း​ဖာရိရှဲ​တို့၊ အိုး​ခွက်​အတွင်းဘက်​ကို အရင်​ဆေးကြော​ပါ။ ဒါမှ အပြင်ဘက်​လည်း သန့်ရှင်း​လာမှာပေါ့။” (မဿဲ ၂၃:၂၅၊ ၂၆) ဖာရိရှဲတွေ​ဟာ ထုံးတမ်း​စဉ်​လာ​အရ သန့်ရှင်း​ဖို့၊ အပြင်ပန်း အသွင်အပြင် သန့်ရှင်း​ဖို့ အထူး​ဂရုစိုက်​ပေမဲ့ အတွင်းလူ​ကို​တော့ လျစ်လျူရှု​ထားပြီး သူတို့ရဲ့ ပုံဆောင်​နှလုံးကို သန့်ရှင်း​အောင်​မထား​ကြဘူး။

သူတို့က သူတော်ကောင်း ယောင်ဆောင်​ပြီး ပရောဖက်​တွေရဲ့ သင်္ချိုင်း​တွေကို တည်ဆောက်၊ အလှဆင်​ကြတယ်။ ဒါပေမဲ့ ယေရှု​ပြောတဲ့​အတိုင်း သူတို့ဟာ “ပရောဖက်​တွေကို သတ်​တဲ့​သူတွေရဲ့ သားမြေး” တွေ​ဖြစ်တယ်။ (မဿဲ ၂၃:၃၁) ဒါကြောင့်လည်း ယေရှုကိုသတ်ဖို့ ကြိုးစား​နေကြတာ။—ယောဟန် ၅:၁၈။ ၇:၁၊ ၂၅

ဘာသာရေး​ခေါင်းဆောင်​တွေသာ နောင်တ​မယူ​ဘူးဆိုရင် ကြုံရ​မယ့်​အရာနဲ့​ပတ်သက်ပြီး ယေရှု​က “မြွေ​ဆိုး​အမျိုး​တို့၊ ခင်ဗျားတို့​က ဂေဟင်နာ​အရပ်မှာ ပြစ်ဒဏ်​စီရင်​မခံရ​ဘဲ လွတ်​နိုင်​ပါ့မလား” လို့​ပြောတယ်။ (မဿဲ ၂၃:၃၃) ဂေဟင်နာ​ဆိုတာ ဟိန်နုံ​ချိုင့်ဝှမ်း​ကို ပြောတာ။ အဲဒီ​ချိုင့်ဝှမ်း​က အမှိုက်​တွေကို မီးရှို့​တဲ့​နေရာ ဖြစ်တာကြောင့် ဆိုးညစ်​တဲ့ ကျမ်းတတ်​နဲ့ ဖာရိရှဲတွေ ကြုံရမယ့် ထာဝရ​ဖျက်ဆီးခြင်း​ကို ပုံဆောင်တယ်။

ယေရှုကို​ကိုယ်စား​ပြုတဲ့ တပည့်တွေဟာ “ပရောဖက်​တွေ၊ ပညာရှိ​တွေ၊ သွန်သင်​သူတွေ” ဖြစ်ကြတယ်။ ဒါပေမဲ့ သူတို့ ဘယ်လို ဆက်ဆံခံရ​မလဲ။ ဘာသာရေး​ခေါင်းဆောင်​တွေကို ယေရှု ဒီလို​ပြောတယ်– “[ကျွန်တော့်​တပည့်] တချို့ကို ခင်ဗျားတို့ သတ်ပစ်​မယ်။ တချို့ကို သစ်တိုင်​ပေါ် တင်​လိမ့်မယ်။ တချို့ကို တရား​ဇရပ်တွေမှာ ရိုက်နှက်​မယ်။ တချို့ကို တစ်မြို့​ပြီး​တစ်မြို့ လိုက်လံ ညှဉ်းဆဲ​ကြ​လိမ့်မယ်။ ဒီတော့ ဖြောင့်မတ်တဲ့ အာဗေလ​က​အစ . . . ဇာခရိ​အဆုံး ကမ္ဘာပေါ်မှာ​ရှိတဲ့ ဖြောင့်မတ်သူ​မှန်သမျှ သွေး​မြေ​ကျ​ခဲ့​တဲ့ အပြစ်ဟာ ခင်ဗျားတို့​အပေါ် ရောက်လာ​လိမ့်မယ်။” ပြီးတဲ့နောက် “ကျွန်တော် မှန်တာကို​ပြောမယ်။ ဒီ​လူမျိုးဆက်​ဟာ အဲဒီ​အပြစ်တွေ​အတွက် ပြစ်ဒဏ်​ခံရလိမ့်မယ်” လို့သတိပေး​တယ်။ (မဿဲ ၂၃:၃၄-၃၆) အေဒီ ၇၀ မှာ ရောမ​စစ်တပ် လက်ချက်​နဲ့ ဂျေရုဆလင်​မြို့ ပျက်စီး​ပြီး ထောင်နဲ့​ချီတဲ့​ဂျူးတွေ အသတ်ခံရ​တဲ့အခါ အဲဒီအတိုင်း ဖြစ်လာတယ်။

ဒီလို ကြောက်စရာ​ကောင်းတဲ့ အခြေအနေကို ယေရှု စဉ်းစားမိ​တော့ စိတ်ထိခိုက်​သွားပြီး “ဂျေရုဆလင်​မြို့၊ ဂျေရုဆလင်​မြို့၊ မင်းဟာ ပရောဖက်​တွေကို သတ်​တဲ့​မြို့၊ ဘုရား လွှတ်လိုက်တဲ့​သူတွေကို ခဲ​နဲ့​ပေါက်​တဲ့​မြို့​ပဲ။ ကြက်မ​က ကြက်ပေါက်လေးတွေ​ကို အတောင်​အောက်မှာ စုသိမ်းသလို မင်းရဲ့ သားသမီးတွေကို စုသိမ်း​ဖို့ ငါ​အကြိမ်ကြိမ် ကြိုးစား​သေးတယ်။ ဒါပေမဲ့ မင်း​ကမှ လက်မခံတာ။ မင်းရဲ့​အိမ်တော်​ဟာ စွန့်ပစ်​ခံရလိမ့်မယ်” ဆိုပြီး ဝမ်းနည်း​တ​ကြီး ပြောတယ်။—မဿဲ ၂၃:၃၇၊ ၃၈

ဒီ​နောက် “ငါ​ပြောမယ်။ ‘ယေဟောဝါရဲ့​နာမည်​နဲ့ ရောက်လာ​သူ ကောင်းချီး​ခံစားရ​ပါစေ’ လို့ မင်း မပြော​မချင်း အခု​က​စပြီး ငါ့ကို လုံးဝ​မြင်ရ​မှာ မဟုတ်ဘူး” လို့​ဆက်ပြောတယ်။ (မဿဲ ၂၃:၃၉) “ယေဟောဝါရဲ့​နာမည်​နဲ့ ရောက်လာ​သူ ကောင်းချီး​ခံစားရ​ပါစေ။ ယေဟောဝါရဲ့ အိမ်တော်​ကနေ ငါ​တို့​ကောင်းချီး​ပေး​ပါတယ်” ဆိုတဲ့ ဆာလံ ၁၁၈:၂၆ ပါ ပရောဖက်ပြု​စကားတွေကို ယေရှု​ ကိုးကား​နေတာ။ မှန်ပါတယ်၊ ဗိမာန်တော်​ပျက်စီး​သွားတဲ့အခါ အဲဒီ​နေရာကို ဘုရားရဲ့​နာမည်​နဲ့ ရောက်လာ​သူ တစ်ယောက်မှ​ရှိတော့မှာ မဟုတ်ဘူး။

အခု ယေရှု​က ဗိမာန်တော်မှာ အလှူငွေ​ပုံး​တွေ ထားတဲ့​နေရာကို သွားတယ်။ လူတွေက အလှူငွေ​ပုံး​ရဲ့ ထိပ်မှာ​ရှိတဲ့ အပေါက်​လေး​ထဲ​ကို အလှူငွေ ထည့်​နေကြ​တယ်။ ဂျူးတွေ​လာပြီး အလှူငွေ​ထည့်​တာ၊ ချမ်းသာတဲ့​လူတွေလည်း “ဒင်္ဂါး​အများကြီး ထည့်” တာ​ကို ယေရှု ကြည့်နေ​တယ်။ ဒီ​အခါ ဆင်းရဲတဲ့ မုဆိုးမ​တစ်ယောက်က “တန်ဖိုး​သိပ်​မရှိတဲ့ ဒင်္ဂါးငယ်​နှစ်ပြား” ထည့်​လိုက်တာ​ကို သတိထား​မိတယ်။ (မာကု ၁၂:၄၁၊ ၄၂) သူ့ရဲ့​အလှူငွေ​ကို ဘုရားသခင် ဘယ်လောက်​နှစ်သက်​မှန်း ယေရှု​ကောင်းကောင်းသိ​မှာ သေချာ​ပါတယ်။

ဒါနဲ့ တပည့်​တွေကို​ခေါ်ပြီး “ကျွန်တော် မှန်တာကို​ပြောမယ်။ ဆင်းရဲတဲ့ ဒီ​မုဆိုးမရဲ့ အလှူငွေ​ဟာ တခြားသူ​အားလုံးရဲ့ အလှူငွေ​ထက် ပို​များတယ်” လို့​ပြောတယ်။ ဘယ်လို​ဖြစ်နိုင်မလဲ။ “တခြား​သူတွေက ပိုလျှံ​တဲ့​ငွေကို ထည့်ကြတာ။ ဒီ​မုဆိုးမ​ကတော့ ဆင်းရဲပေမဲ့​ ရှိစုမဲ့စု ဝမ်းစာ​ကို အကုန်​ထည့်​လိုက်တာ” လို့ ယေရှု​ရှင်းပြတယ်။ (မာကု ၁၂:၄၃၊ ၄၄) မုဆိုးမရဲ့ သဘောထား​နဲ့ လုပ်ရပ်က ဘာသာရေး​ခေါင်းဆောင်​တွေ​နဲ့ ဘယ်လောက်တောင် ကွာခြား​လိုက်သလဲ။

နိသန်​လ ၁၁ ရက် ကုန်​တော့​မယ်။ ဒီနေ့​က ဗိမာန်တော်မှာ နောက်ဆုံး​အကြိမ် ယေရှု ရှိနေတာပဲ။ အခု အဲဒီကနေ ထွက်လာတဲ့​အခါ တပည့်​တစ်ယောက်က “ဆရာ၊ ဟောဒီ​ကျောက်တုံး​တွေ၊ အဆောက်အအုံတွေကို ကြည့်လိုက်ပါဦး” လို့​ပြောတယ်။ (မာကု ၁၃:၁) ဗိမာန်တော်​နံရံ​တွေကို ဧရာမ ကျောက်တုံး​ကြီး​တွေ​နဲ့ တည်ဆောက်​ထားတာ​ကြောင့် ခိုင်ခံ့​ပြီး ဘယ်တော့မှ မပျက်စီး​ဘူးလို့ ထင်ရတယ်။ ဒါပေမဲ့ ယေရှု​က မဖြစ်နိုင်ပုံ​ပေါက်​တဲ့ ဒီ​စကားတွေကို ပြောလိုက်​တယ်– “ဒီ​အဆောက်အအုံ​ကြီး​တွေကို ခင်ဗျားတို့ မြင်​နေရ​တယ် မဟုတ်လား။ ဒါပေမဲ့ ဟောဒီ​ကျောက်တုံး​တွေ ကျိန်းသေ ဖြိုချ​ခံရလိမ့်မယ်။ ကျောက်​တစ်တုံး​ပေါ် တစ်တုံး​ဆင့်ပြီး ကျန်နေမှာ မဟုတ်ဘူး။”—မာကု ၁၃:၂

ဒီ​အကြောင်း​တွေကို ယေရှုနဲ့ တမန်တော်တွေ ပြော​ပြီးနောက် ကိဒြုန်​ချိုင့်ဝှမ်း​ကို ဖြတ်​ပြီး သံလွင်​တောင်ပေါ် တက်​သွားကြတယ်။ တောင်ပေါ်​တစ်နေရာကို​ရောက်တော့ တမန်တော် လေးယောက်​ဖြစ်တဲ့ ပေတရု၊ အန္ဒြေ၊ ယာကုပ်၊ ယောဟန်တို့​ပဲ ယေရှုနဲ့ ရှိနေတယ်။ အဲဒီ​နေရာ​ကနေ ခမ်းနား​လှတဲ့ ဗိမာန်တော်​ကြီး​ကို သူတို့ လှမ်း​မြင်နိုင်တယ်။