မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၁၁

နိမိတ်အကြောင်း တမန်တော်တွေမေးကြ

နိမိတ်အကြောင်း တမန်တော်တွေမေးကြ

မဿဲ ၂၄:၃-၅၁ မာကု ၁၃:၃-၃၇ လုကာ ၂၁:၇-၃၈

  • နိမိတ်​အကြောင်း တပည့်​လေးယောက် မေး

  • ပထမရာစု​နဲ့ အဲဒီနောက်​ပိုင်း ပြည့်စုံမှု​များ

  • နိုးကြား​နေရမယ်

အင်္ဂါ​နေ့ ညနေပိုင်း ရောက်နေပြီ။ မကြာခင် နိသန်​လ ၁၁ ရက် ကုန်ဆုံး​တော့​မယ်။ ယေရှု​အတွက်လည်း ကမ္ဘာပေါ်မှာ အားသွန်ခွန်စိုက် အမှုဆောင်တဲ့​နေ့ရက်​တွေ ကုန်ဆုံး​တော့​မယ်။ ယေရှု​က နေ့​အချိန်​ဆိုရင် ဗိမာန်တော်မှာ သွန်သင်တယ်။ ည​အချိန်​ဆိုရင် မြို့ပြင်​ကို​ထွက်သွား​ပြီး နေလေ့​ရှိတယ်။ လူတွေကလည်း အရမ်း​စိတ်ဝင်စား​နေ​တော့ “ယေရှုရဲ့​စကားကို ကြားနာ​ဖို့ ဗိမာန်တော်ကို မနက်စောစော လာကြတယ်။” (လုကာ ၂၁:၃၇၊ ၃၈) အခုတော့ ယေရှု​က သံလွင်​တောင်ပေါ်မှာ တမန်တော်​လေးယောက်​ဖြစ်တဲ့ ပေတရု၊ အန္ဒြေ၊ ယာကုပ်၊ ယောဟန်တို့​နဲ့​အတူ ထိုင်​နေတယ်။

ယေရှု​ဆီ​ကို သူတို့​ချည်း​ပဲ လာကြတာ။ ဗိမာန်တော်ဟာ ကျောက်​တစ်တုံး​ပေါ် တစ်တုံး​ဆင့်ပြီး ကျန်နေမှာ မဟုတ်ဘူးလို့ ယေရှု​ပြောလိုက်​တော့ သူတို့ စိုးရိမ်​နေကြ​တယ်။ ဒါ့အပြင် တခြား​စဉ်းစားစရာတွေ​လည်း ရှိနေတယ်။ “ခင်ဗျားတို့လည်း အသင့်​ရှိနေကြပါ၊ လူသားဟာ ခင်ဗျားတို့ မထင်မှတ်​တဲ့အချိန်​မှာ လာလိမ့်မယ်” ဆိုပြီး အရင်တုန်းက ယေရှု​ပြောခဲ့တယ်။ (လုကာ ၁၂:၄၀) “လူသား​ပေါ်ထွန်းချိန်” အကြောင်းလည်း ပြောခဲ့တယ်။ (လုကာ ၁၇:၃၀) ဒီ​စကားတွေက ဗိမာန်တော်​နဲ့ ပတ်သက်ပြီး အခု​န ပြောခဲ့တာ​နဲ့​များ ဆက်စပ်နေ​မလား။ တမန်တော်တွေ သိပ်​သိချင်​နေကြ​တယ်။ ဒါကြောင့် “သခင်၊ ကျွန်တော်တို့ကို ပြောပြပါ။ အဲဒါတွေ ဘယ်တော့​ဖြစ်မှာလဲ။ သခင်​ရောက်ရှိနေ​ပြီ၊ လောက​စနစ်​နိဂုံးပိုင်း​ကို ရောက်နေပြီ​ဆိုတဲ့ နိမိတ်​ဟာ ဘာလဲ” လို့​မေးကြတယ်။—မဿဲ ၂၄:၃

သူတို့ လှမ်းမြင်​နေရတဲ့ ဗိမာန်တော်ရဲ့​အဆုံး​နဲ့ ပတ်သက်ပြီး သိချင်​နေတာ ဖြစ်မယ်။ ဒါ့အပြင် လူသား​ရောက်ရှိခြင်း အကြောင်းကိုလည်း မေးကြတယ်။ “ထီးနန်း​ဆက်ခံ​ပြီးမှ ပြန်လာမယ်​ဆိုပြီး တိုင်းတစ်ပါး​ကို ခရီးထွက်​သွား” တဲ့ “မင်းညီမင်းသား” ပုံဥပမာ​ကို သူတို့ ပြန်သတိရ​မှာ​ပဲ။ (လုကာ ၁၉:၁၁၊ ၁၂) နောက်ဆုံး​တစ်ချက်​ကတော့၊ “လောက​စနစ်​နိဂုံးပိုင်း” မှာ ဘာတွေ ဖြစ်မလဲ​ဆိုတာ သိချင်​နေကြ​တယ်။

ယေရှု​က အသေးစိတ် အဖြေပေး​ပြီး ဗိမာန်တော်​အပါအဝင် လက်ရှိ​ဂျူး​စနစ် အဆုံးတိုင်​မယ့် အချိန်ကို ခွဲခြား​သိမြင်​နိုင်တဲ့ နိမိတ်​တစ်ခု ပြောပြတယ်။ ဒီလောက်ပဲ မဟုတ်ပါဘူး။ အနာဂတ်မှာလည်း ခရစ်တော် “ရောက်ရှိ” ချိန်​နဲ့ ဒီ​လောက​စနစ်​တစ်ခုလုံး အဆုံးတိုင်​ခါနီး အချိန်မှာ ခရစ်ယာန်​တွေ အသက်​ရှင်​နေတယ်​ဆိုတာ သိဖို့ အဲဒီ​နိမိတ်​က ကူညီ​ပေးပါလိမ့်မယ်။

နှစ်တွေ ကုန်လွန်​လာတာ​နဲ့​အမျှ ယေရှုရဲ့ ပရောဖက်ပြုချက် ပြည့်စုံ​နေမှန်း တမန်တော်တွေ သိလာတယ်။ မှန်ပါတယ်၊ ယေရှု ကြို​ပြောခဲ့တဲ့​အချက် အတော်များများဟာ သူတို့ သက်ရှိ​ထင်ရှား ရှိနေ​ချိန်မှာ စတင်​ဖြစ်ပျက်​လာတယ်။ ဒါကြောင့် နောက် ၃၇ နှစ်​အကြာ၊ အေဒီ ၇၀ မှာ အသက်ရှင်ခဲ့​တဲ့ နိုးကြား​တဲ့ ခရစ်ယာန်တွေဟာ ဗိမာန်တော်​နဲ့ ဂျူး​စနစ် ဖျက်ဆီး​ခံရ​တော့​မယ်​ဆိုတာ ကောင်းကောင်း​သိထား​ပြီး အသင့်​ဖြစ်နေ​ခဲ့​ကြတယ်။ ဒါပေမဲ့ ယေရှု ကြို​ဟောခဲ့​တာ အားလုံး​က အေဒီ ၇၀ နဲ့ အဲဒီ​မတိုင်ခင် အချိန်ကာလ​မှာ ပြည့်စုံခဲ့​တာ မဟုတ်ဘူး။ ဒါကြောင့် နိုင်ငံတော်​အာဏာနဲ့ ယေရှု​ရောက်ရှိခြင်း​ကို ဘာတွေ​က မှတ်သား​ဖော်ပြ​ဦး​မလဲ။ တမန်တော်တွေကို ယေရှု အဖြေ​ပေးတယ်။

“ရပ်​နီး​ရပ်​ဝေး​က စစ်မက်သတင်းတွေကို ခင်ဗျားတို့ ကြား” ရမယ်၊ “လူ​တစ်မျိုးနဲ့​တစ်မျိုး၊ တစ်နိုင်ငံနဲ့​တစ်နိုင်ငံ တိုက်ခိုက်​ကြ​လိမ့်မယ်” လို့ ယေရှု ကြို​ပြောတယ်။ (မဿဲ ၂၄:၆၊ ၇) “ငလျင်တွေ အကြီးအကျယ် လှုပ်လိမ့်မယ်။ အစာ​ခေါင်းပါး​မှု​တွေ၊ ကပ်ရောဂါဘေး​တွေ တစ်​နေရာ​ပြီး တစ်​နေရာ ဖြစ်လိမ့်မယ်” လို့​လည်း​ပြောတယ်။ (လုကာ ၂၁:၁၁) ဒါ့အပြင် လူတွေက “ခင်ဗျားတို့ကို ဖမ်း​ပြီး ညှဉ်းဆဲ​ကြ​လိမ့်မယ်” လို့​တပည့်​တွေကို သတိပေး​တယ်။ (လုကာ ၂၁:၁၂) ပရောဖက် အတုအယောင်​တွေ ပေါ်လာပြီး လူ​အများကြီး​ကို လမ်းလွဲ​သွား​စေမယ်။ မတရားမှုတွေ များသည်​ထက်​များ​လာမယ်၊ လူ​အတော်များများဟာ မေတ္တာ​တရား ခေါင်းပါး​လာလိမ့်မယ်။ “လူမျိုး​အားလုံး​အတွက် သက်သေ​ဖြစ်စေဖို့ နိုင်ငံတော်သတင်းကောင်းကို လူ​နေထိုင်​ရာ မြေတစ်ခွင်လုံးမှာ ဟောပြော​ရလိမ့်မယ်။ ပြီးမှ အဆုံး​ရောက်လာ​လိမ့်မယ်” လို့​လည်း ပြောတယ်။—မဿဲ ၂၄:၁၄

ယေရှုရဲ့ ပရောဖက်ပြုချက်ဟာ ရောမ​လက်ချက်​နဲ့ ဂျေရုဆလင်​မြို့ မပျက်စီး​ခင်မှာ​ရော ပျက်စီး​ချိန်​အတွင်းမှာ​ပါ အကန့်အသတ်​နဲ့ ပြည့်စုံခဲ့​ပေမဲ့ နောက်ပိုင်းမှာ အကြီးစား ပြည့်စုံမှု ရှိ​ဦး​မလား။ ဒီနေ့​အချိန်မှာ ယေရှုရဲ့ ထူးခြားတဲ့ ပရောဖက်ပြုချက် အကြီးစား ပြည့်စုံ​နေတယ်​ဆိုတဲ့ အထောက်အထားကို မြင်​နေရသလား။

ယေရှု​ရောက်ရှိခြင်း​ရဲ့ နိမိတ်​မှာ ပါဝင်တဲ့ အရာတစ်ခု​ကတော့ “ဖျက်ဆီး​တတ်တဲ့ ရွံရှာဖွယ်​ရာ” ပေါ်​လာမယ် ဆိုတာ​ပဲ။ (မဿဲ ၂၄:၁၅) အေဒီ ၆၆ မှာ ရောမ​စစ်တပ်​က သူတို့ အထွတ်အမြတ်​ထားတဲ့ အလံ​တွေ ဒါမှမဟုတ် အောင်​လံ​တွေ​ကိုင်ဆောင်​ပြီး ဂျေရုဆလင်​မြို့ကို ရောက်လာတဲ့​အခါ ရွံရှာဖွယ်​ရာ​ပေါ်လာတယ်။ ရောမတွေ​က ဂျေရုဆလင်​မြို့ကို ဝိုင်းထား​ပြီး မြို့ရိုးရဲ့ တချို့​နေရာတွေကို အောက်ခြေ​ကနေ တူး​နေကြပြီ။ (လုကာ ၂၁:၂၀) ဒီလို​နည်းနဲ့ “ရွံရှာဖွယ်​ရာ​က” မရှိသင့်တဲ့​နေရာ၊ “သန့်ရှင်း​ရာ​အရပ်” လို့ ဂျူးတွေ ယူမှတ်​တဲ့​နေရာမှာ ရောက်နေတယ်။

ယေရှု​က “ဒီ​လောက​တည်​ချိန်​ကနေ အခုထိ မဖြစ်ဖူးသေးတဲ့၊ နောင်လည်း ဖြစ်မှာ​မဟုတ်တဲ့ ကြီးစွာသောဒုက္ခဟာ အဲဒီအချိန်မှာ ဖြစ်လာ” မယ်လို့လည်း ကြို​ပြောတယ်။ အေဒီ ၇၀ မှာ ရောမတွေ​က ဂျေရုဆလင်​မြို့ကို ဖျက်ဆီး​လိုက်တယ်။ ဂျူးတွေရဲ့ “သန့်ရှင်းတဲ့​မြို့” နဲ့ ဗိမာန်တော်​ဖျက်ဆီး​ခံရ​တာ၊ ထောင်နဲ့​ချီတဲ့​ဂျူးတွေ အသတ်ခံရ​တာ​က ကြီးစွာသောဒုက္ခ​ပါပဲ။ (မဿဲ ၄:၅။ ၂၄:၂၁) အဲဒါက ဂျူးတွေ ကြုံဖူး​ခဲ့သ​မျှ ဖျက်ဆီးခြင်း​တွေ​ထဲမှာ အဆိုးရွားဆုံး ဖျက်ဆီးခြင်း​ပဲ။ ဂျူးတွေ ရာစုနှစ်ချီ လိုက်လျှောက်​ခဲ့​တဲ့ ဝတ်ပြုရေး​စနစ် တစ်ခုလုံး အဆုံးတိုင်​သွားတယ်။ ယေရှုရဲ့​ပရောဖက်ပြုချက် အကြီးစား ပြည့်စုံတဲ့​အခါလည်း တကယ့်ကို​ကြောက်စရာ​ကောင်းမှာ သေချာ​ပါတယ်။

ကြို​ဟောထားတဲ့ အချိန်ကာလ​အတွင်း ယုံကြည်​စိတ်ချမှု

နိုင်ငံတော်​အာဏာနဲ့ မိမိ​ရောက်ရှိခြင်း​အကြောင်း၊ ဒီ​လောက​စနစ်​ရဲ့ နိဂုံးပိုင်း​အကြောင်း တမန်တော်တွေ​နဲ့ ယေရှု ဆွေးနွေး​နေတာ မပြီးသေး​ပါဘူး။ အခု ယေရှု​က တမန်တော်တွေကို​ “ခရစ်​တော် အတုအယောင်​တွေ၊ ပရောဖက် အတုအယောင်​တွေ” နောက် မလိုက်ဖို့ သတိပေး​တယ်။ “သူတို့က ဖြစ်နိုင်ရင် ရွေးချယ်​ခံရသူတွေကို​တောင် လမ်းလွဲ​သွား​အောင်” လုပ်​လိမ့်မယ်လို့ ယေရှု​ပြောတယ်။ (မဿဲ ၂၄:၂၄) ဒါပေမဲ့ ရွေးချယ်​ခံရသူတွေ လမ်းလွဲ​သွားမှာ မဟုတ်ဘူး။ ခရစ်တော် အတုအယောင်​တွေကို မြင်နိုင်​ပြီး ယေရှု ရောက်ရှိခြင်း​ကို​တော့ မြင်ရ​မှာ​မဟုတ်လို့​ပဲ။

ဒီ​လောက​စနစ် နိဂုံးပိုင်းမှာ​ဖြစ်မယ့် ပို​ကြီးမားတဲ့ ဒုက္ခ​ကာလ​အကြောင်း အခုလို ဆက်ပြောတယ်– “နေဟာ မှောင်မိုက်​သွားမယ်။ လ​က အလင်းရောင်​ပေးမှာ မဟုတ်ဘူး။ ကြယ်တွေ ကောင်းကင်​ကနေ ကြွေကျ​လိမ့်မယ်။ ကောင်းကင်​တန်ခိုးတွေ တုန်လှုပ်​ကြ​လိမ့်မယ်။” (မဿဲ ၂၄:၂၉) ဒီလို​ကြောက်စရာ​ကောင်းတဲ့ စကားတွေကို တမန်တော်တွေ ကြားတဲ့​အခါ ဘာဖြစ်​ပျက်​လာမယ်​ဆိုတာ အတိအကျ မသိ​ခဲ့​ကြဘူး။ ဒါပေမဲ့ အဲဒါတွေက တကယ်ပဲ ထိတ်လန့်​တုန်လှုပ်​စ​ရာ ကောင်း​ပါလိမ့်မယ်။

အဲဒီလို​ထိတ်လန့်စရာ ဖြစ်ရပ်တွေက လူတွေကို ဘယ်လို ထိခိုက်​မလဲ။ “လူတွေဟာ ကမ္ဘာပေါ် ဖြစ်​လာမယ့်​အရာတွေကို မျှော်​မြင်ပြီး ကြောက်လွန်းလို့ မေ့မြော​သွား​ကြ​လိမ့်မယ်။ ကောင်းကင်​ တန်ခိုး​တွေ တုန်လှုပ်​လိမ့်မယ်” လို့​ယေရှု​ပြောတယ်။ (လုကာ ၂၁:၂၆) မှန်ပါတယ်၊ လူ့သမိုင်း​ရဲ့ အမှောင်​မိုက်​ဆုံး အချိန်ကာလ​အကြောင်း ယေရှု ဖော်ပြ​နေတာ ဖြစ်တယ်။

‘လူသားဟာ မဟာ​ဘုန်းတန်ခိုးနဲ့ လာ’ တဲ့အခါ လူတိုင်း ငိုကြွေး​မြည်တမ်း​နေမှာ မဟုတ်ဘူးလို့ တမန်တော်တွေကို ယေရှု ရှင်းပြ​တဲ့​အတွက် အားရှိစရာ​ပဲ။ (မဿဲ ၂၄:၃၀) “ရွေးချယ်​ခံရသူတွေ​အတွက်” ဘုရားသခင် ကြားဝင်​လုပ်ဆောင်ပေး​မယ်​လို့ သူ​ပြောခဲ့​ပြီးပြီ။ (မဿဲ ၂၄:၂၂) ဒါဆိုရင် ယေရှု​ပြောတဲ့ ထိတ်လန့်စရာ​ဖြစ်ရပ်တွေ ဖြစ်လာတဲ့​အခါ သစ္စာရှိ​တပည့်​တွေ ဘယ်လို တုံ့ပြန်သင့်သလဲ။ “ဒါတွေ စဖြစ်ပြီ​ဆိုရင် ခင်ဗျားတို့ကို ကယ်တင်မယ့်​အချိန် ရောက်​ခါ​နီးပြီ​ဖြစ်လို့ မတ်မတ်​ရပ်​ပြီး ခေါင်းမော့​ထားကြပါ” လို့ နောက်လိုက်​တွေကို ယေရှု အားပေးတယ်။—လုကာ ၂၁:၂၈

ကြို​ဟောထားတဲ့ အဲဒီ​အချိန်ကာလ​အတွင်း အသက်ရှင်​နေတဲ့ တပည့်တွေဟာ အဆုံး​နီးပြီ​ဆိုတာ ဘယ်လို သိနိုင်​မလဲ။ ယေရှု​က သဖန်းပင်​ပုံဥပမာ​ကို ပြောပြတယ်– “သဖန်းပင် အတက်​ထွက်ပြီး ရွက်​နု​ပေါက်​လာ​ရင် နွေရာသီ​ရောက်တော့​မယ်​ဆိုတာ ခင်ဗျားတို့ အသိ​ပဲ။ အလားတူ၊ ဒီ​အရာတွေ​အားလုံးကို ခင်ဗျားတို့ မြင်ရ​ရင် လူသားဟာ တံခါးဝ​နား ရောက်နေပြီ​ဆိုတာ သိမှတ်​ကြပါ။ ကျွန်တော် မှန်တာကို ပြောမယ်။ ဒါတွေ​အားလုံး​မဖြစ်ခင် ဒီ​လူမျိုးဆက်​ဟာ လုံးဝ​ကွယ်ပျောက်​မှာ မဟုတ်ဘူး။”—မဿဲ ၂၄:၃၂-၃၄

ဒါကြောင့် နိမိတ်ရဲ့ အသွင်အပြင်​အမျိုးမျိုး ပြည့်စုံ​လာတာကို တပည့်​တွေ မြင်တဲ့အခါ အဆုံး​နီးပြီ​ဆိုတာ နားလည်သင့်တယ်။ အဲဒီ​ထူးခြားတဲ့ အချိန်ကာလ​မှာ အသက်ရှင်နေ​မယ့် တပည့်​တွေကို ယေရှု အခုလို တိုက်တွန်း​တယ်–

“အဲဒီ​နေ့၊ အဲဒီ​အချိန်ကို ဘယ်သူမှ မသိ​ဘူး။ ကောင်းကင်တမန်တွေလည်း မသိ​ဘူး။ သား​ဖြစ်သူ ကျွန်တော်လည်း မသိ​ဘူး။ အဖဘုရား​ပဲ သိတယ်။ နောဧ​လက်ထက်မှာ ဖြစ်သလို လူသား ရောက်ရှိနေ​ချိန်မှာ ဖြစ်လိမ့်မယ်။ ရေလွှမ်းမိုး​ဘေး မတိုင်ခင်​တုန်း​က လူတွေဟာ နောဧ သင်္ဘော​ထဲ ဝင်​တဲ့​နေ့​အထိ စား​လိုက်၊ သောက်​လိုက်၊ ထိမ်းမြား​ပေး​စား​လိုက် လုပ်​နေကြ​တယ်။ ရေလွှမ်းမိုး​ဘေး ရောက်​ပြီး အားလုံးကို သုတ်သင်​ပယ်ရှင်း​လိုက်​ချိန်​အထိ သတိမဲ့​နေကြ​တယ်။ လူသား ရောက်ရှိနေ​ချိန်မှာလည်း အဲဒီလိုပဲ ဖြစ်လိမ့်မယ်။” (​မဿဲ ၂၄:၃၆-၃၉) ယေရှု​က တစ်​ကမ္ဘာလုံး အတိုင်းအတာ​နဲ့ ဖြစ်ခဲ့တဲ့ နောဧ​ခေတ် ရေလွှမ်းမိုး​ဘေး​အကြောင်း နားထောင်​နေ​သူတွေကို ပြန်သတိ​ရစေတယ်။

သံလွင်​တောင်ပေါ်မှာ ယေရှုရဲ့​စကားကို နားထောင်​နေတဲ့ တမန်တော်တွေ​ဟာ နိုးနိုးကြားကြား ရှိဖို့လို​ကြောင်း နားလည်​ထားရမယ်။ ယေရှု​က “စားကြူး​သောက်ကြူးတာ​တွေ၊ ဘဝရဲ့​ စိုးရိမ်​ပူပန်စရာ​တွေ​ကြောင့် စိတ်နှလုံး ဝန်ပိ​မနေ​ဖို့ ခင်ဗျားတို့ သတိထား​ကြပါ။ အဲဒီ​နေ့ ရုတ်တရက် ရောက်လာတဲ့​အခါ၊ ခင်ဗျားတို့ ထောင်ချောက်​မိ​သွား​လိမ့်မယ်။ အဲဒီနေ့ကို မြေတစ်ပြင်လုံးမှာ​ရှိတဲ့ လူအားလုံး ကြုံရမှာ။ ဒါကြောင့် နိုးကြား​နေပါ။ အမြဲ တိုးလျှိုး​အသနားခံ​ပါ။ ဒါမှ ဒါတွေ ဖြစ်ပျက်လာ​တဲ့အခါ ခင်ဗျားတို့ လွတ်မြောက်ပြီး လူသား​ရှေ့မှာ ရပ်နေ​နိုင်​လိမ့်မယ်” လို့​ပြောတယ်။—လုကာ ၂၁:၃၄-၃၆

ယေရှု​က သူ​ကြို​ပြောတဲ့​အရာတွေ​ဟာ အကန့်အသတ်​နဲ့​ပဲ ပြည့်စုံ​မှာ​မဟုတ်မှန်း ထပ်ပြော​နေတာ။ နောက်​ဆယ်စုနှစ် အနည်းငယ်​အတွင်း ဖြစ်ပျက်​မယ့်​အရာတွေ၊ ဂျေရုဆလင်​မြို့ ဒါမှမဟုတ် ဂျူးလူမျိုး​နဲ့​ဆိုင်တဲ့ အရာတွေကိုပဲ သူ​ကြိုပြော​နေတာ မဟုတ်ဘူး။ “မြေတစ်ပြင်လုံးမှာ​ရှိတဲ့ လူအားလုံး​ကြုံရ” မယ့် အဖြစ်အပျက်တွေကို သူ​ပြော​နေတာ။

တပည့်တွေဟာ နိုးကြား​နေဖို့၊ သတိနဲ့​စောင့်နေဖို့၊ အသင့်ရှိနေ​ဖို့​လိုတယ်​ဆိုပြီး ယေရှု​ပြောတယ်။ အဲဒီသတိပေး​ချက်​ကို အလေးပေးဖို့ နောက်​ပုံဥပမာ​တစ်ခုကို ပြောပြတယ်– “တစ်ခု​တော့ သိထား​ပါ– အိမ်ရှင်​က သူခိုး​လာမယ့်​အချိန်ကို သိ​ရင် အိမ်ဖောက်ထွင်း မခံရအောင် မ​အိပ်​ဘဲ စောင့်နေမှာပဲ။ ဒါကြောင့် ခင်ဗျားတို့လည်း အသင့်​ရှိနေကြပါ။ လူသားဟာ ခင်ဗျားတို့ မထင်မှတ်​တဲ့အချိန်​မှာ လာလိမ့်မယ်။”—မဿဲ ၂၄:၄၃၊ ၄၄

တပည့်​တွေ​မှာ အကောင်း​ဘက်​ကို မျှော်လင့်​နိုင်တဲ့ အကြောင်း​ရင်း​ရှိတယ်လို့ ယေရှု ဆက်ပြောတယ်။ သူ့​ပရောဖက်ပြုချက် ပြည့်စုံ​ချိန်​မှာ နိုးကြား​တက်ကြွ​တဲ့ “ကျွန်” ရှိနေမယ်​ဆိုပြီး သူတို့ကို ကတိ​ပေးတယ်။ တမန်တော်တွေ အလွယ်တကူ​မြင်ယောင်​နိုင်ဖို့ ယေရှု အခုလို ပြောပြတယ်– “သစ္စာနဲ့ သတိ​ပညာ​ရှိတဲ့ ကျွန်ဟာ တကယ်တော့ ဘယ်သူ​လဲ။ အိမ်သူ​အိမ်သားတွေကို အချိန်တန်​ရင် အစားအစာ ဝေပေး​ဖို့ သူ့ကို သခင် ခန့်အပ်ထား​တယ်။ သခင် ပြန်လာတဲ့​အခါ အဲဒီအတိုင်း လုပ်နေတဲ့ ကျွန်ကို တွေ့​ရင် အဲဒီ​ကျွန်ဟာ ပျော်ရွှင်​ချမ်းမြေ့​လိမ့်မယ်။ ကျွန်တော် မှန်တာကို ပြောမယ်။ သခင်​က မိမိ​ပိုင်ဆိုင်သမျှကို အဲဒီ​ကျွန်​ဆီ အပ်​လိမ့်မယ်။” တကယ်လို့ အဲဒီ “ကျွန်” မှာ မကောင်းတဲ့သဘောထား ဝင်​လာပြီး လုပ်ဖော်ဆောင်ဖက် ကျွန်တွေကို မညှာမတာ ဆက်ဆံ​မယ်​ဆိုရင်တော့ သခင်​က “သူ့ကို အပြင်းအထန် ဒဏ်​စီရင်” ပါလိမ့်မယ်။—မဿဲ ၂၄:၄၅-၅၁။ လုကာ ၁၂:၄၅၊ ၄၆ နဲ့​နှိုင်းယှဉ်ပါ။

ဒါပေမဲ့ သူ့​နောက်လိုက် အုပ်စု​မှာ မကောင်းတဲ့ သဘောထား ရှိလာမယ်​လို့ ယေရှု​ပြော​နေတာ မဟုတ်ဘူး။ ဒါဆိုရင် တပည့်​တွေကို ဘာသင်ခန်းစာ သင်ပေး​ချင်​တာ​ဖြစ်မလဲ။ သူတို့ကို နိုးနိုးကြားကြား၊ တက်တက်ကြွကြွ ရှိနေ​စေ​ချင်​တာ။ အဲဒီ​အချက်ကို နောက်​ပုံဥပမာ​တစ်ခုမှာ ဆက်​ရှင်းပြတယ်။