မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၁၂

နိုးနိုးကြားကြားရှိဖို့သင်ပေးတဲ့ အပျိုစင်ပုံဥပမာ

နိုးနိုးကြားကြားရှိဖို့သင်ပေးတဲ့ အပျိုစင်ပုံဥပမာ

မဿဲ ၂၅:၁-၁၃

  • အပျိုစင်​ဆယ်ယောက် ပုံဥပမာ​ကို ပြောပြ

ယေရှု​က သူ​ရောက်ရှိချိန်​နဲ့ ဒီ​လောက​စနစ် နိဂုံးပိုင်း​ရဲ့ နိမိတ်​အကြောင်း တမန်တော်တွေ မေး​တာ​ကို အဖြေပေး​နေတယ်။ အခု ယေရှု​က နောက်​ပုံဥပမာ​တစ်ခု ပြောပြပြီး သူတို့ကို သတိပေး​တယ်။ ဒီ​ပုံဥပမာ​ရဲ့ ပြည့်စုံချက်​ကို ယေရှု ရောက်ရှိချိန်​အတွင်း အသက်ရှင်​တဲ့​သူတွေ မြင်တွေ့ရ​မှာ ဖြစ်တယ်။

ယေရှု​က ပုံဥပမာ​ကို အခုလို အစ​ပြုတယ်– “ကောင်းကင်​နိုင်ငံ​ကို မီးခွက်​ကိုယ်စီ​ကိုင်ပြီး သတို့သား​ကို ထွက်​ကြို​တဲ့ အပျိုစင်​ဆယ်ယောက်​နဲ့ ခိုင်းနှိုင်း​နိုင်တယ်။ အပျိုစင်​ငါးယောက်​က ဉာဏ်​မရှိဘူး။ ကျန်တဲ့​ငါးယောက်​ကတော့ သတိပညာ​ရှိတယ်။”—မဿဲ ၂၅:၁၊ ၂

ကောင်းကင်​နိုင်ငံတော်ကို အမွေ​ရ​ကြ​မယ့် တပည့်​တွေ​ထဲမှာ တစ်ဝက်​က ဉာဏ်​မရှိဘူး၊ တစ်ဝက်​ကတော့ အမြော်အမြင်​ရှိတယ်လို့ ယေရှု​ပြော​နေတာ မဟုတ်ဘူး။ တပည့်​တစ်ယောက်စီဟာ နိုင်ငံတော်​နဲ့ ပတ်သက်လာရင် နိုးနိုးကြားကြား ရှိနေ​မလား ဒါမှမဟုတ် အာရုံ​ပျံ့လွင့်​သွား​မလား​ဆိုတာ ကိုယ်တိုင်​ရွေးချယ်​နိုင်တယ်လို့ ပြော​နေတာ။ ဒါပေမဲ့ ယေရှုဟာ သူ့​ကျေးကျွန်​တစ်ယောက်စီဟာ ဆက်သစ္စာ​ရှိပြီး အဖ​ဘုရားရဲ့ ကောင်းချီးတွေကို ခံစား​ရမယ်ဆိုတာ အပြည့်အဝ ယုံကြည်တယ်။

ဒီ​ပုံဥပမာမှာ အပျိုစင်​ဆယ်ယောက်​ဟာ သတို့သား​ကို ကြိုဆို​ဖို့၊ ဧည့်ခံ​ကျွေးမွေး​ချိန်မှာ ပါဝင်​ဆင်နွှဲ​ဖို့ ထွက်လာ​ကြတယ်။ သတို့သား​ရောက်လာပြီး သတို့သမီး​ကို အသင့်ပြင်​ထားတဲ့​အိမ်​ဆီ ခေါ်သွား​တဲ့အခါ အပျိုစင်​တွေ​က လမ်း​တစ်လျှောက်လုံး လင်း​နေ​အောင် သူတို့ရဲ့ မီးခွက်တွေကို ထွန်း​ပြီး သတို့သား​ကို ဂုဏ်ပြု​ကြမယ်။ အဲဒီအတိုင်း ဖြစ်ခဲ့သလား။

“ဉာဏ်​မရှိတဲ့ ငါးယောက်​က မီးခွက်​ယူသွား​ပေမဲ့ ဆီ​အပို မယူ​သွား​ဘူး။ သတိ​ပညာ​ရှိတဲ့ ငါးယောက်​ကတော့ မီးခွက်​ကိုယ်စီ​ ပါတဲ့​အပြင် ဆီ​အပို​ကိုလည်း ဘူး​နဲ့​ထည့်​ပြီး ယူသွား​တယ်။ သတို့သား​က တော်​တော်​နဲ့ ရောက်​မလာ​တော့ သူတို့​အားလုံး ငိုက်​ပြီး အိပ်ပျော်​သွားကြတယ်” လို့ ယေရှု​ရှင်းပြတယ်။ (မဿဲ ၂၅:၃-၅) သတို့သား​က မျှော်လင့်​ထားတဲ့​အချိန်မှာ ရောက်​မလာ​ဘူး။ တော်တော်လေး ကြန့်ကြာနေ​ပုံ​ရတဲ့​အတွက် သူတို့​အားလုံး ငိုက်​ပြီး အိပ်ပျော်​သွားကြတယ်။ ဒါကို တမန်တော်တွေ ကြားတဲ့​အခါ ခရီးဝေး​ထွက်သွား​ပြီး “ထီးနန်း​ဆက်ခံ​ပြီးနောက် ပြန်လာတဲ့” မင်းညီမင်းသား​တစ်ယောက်​အကြောင်း ယေရှု ပြောခဲ့ဖူး​တာ​ကို သတိရ​မိ​မှာ​ပဲ။—လုကာ ၁၉:၁၁-၁၅

နောက်ဆုံး သတို့သား​ရောက်လာတဲ့​အခါ ဘာ​ဖြစ်ခဲ့သလဲ။ ယေရှု​က “သန်းခေါင်ယံ​မှာ ‘သတို့သား လာ​နေပြီ၊ သွားကြို​ကြ’ ဆိုတဲ့ အော်သံ ကြားရတယ်” လို့​ပြောတယ်။ (မဿဲ ၂၅:၆) အဲဒီအချိန်မှာ အပျိုစင်​တွေ အသင့်​ဖြစ်နေကြသလား၊ နိုးကြား​နေကြသလား။

ယေရှု အခုလို ဆက်ပြောတယ်– “အဲဒီအခါ အပျိုစင်​အားလုံး နိုးလာ​ပြီး မီးခွက်တွေကို အသင့်ပြင်​တယ်။ ဉာဏ်​မရှိတဲ့ အပျိုစင်​တွေ​က ‘ငါ​တို့​မီးခွက် ငြိမ်း​တော့​မှာ​မို့​လို့ ဆီ​နည်းနည်းလောက် ပေးပါ​လား’ ဆိုပြီး တောင်းတဲ့​အခါ သတိပညာ​ရှိ​သူတွေက ‘တို့ရဲ့​ဆီက အားလုံး​အတွက် လောက်​မှာ မဟုတ်ဘူး။ ဒီတော့ ဆီ​ရောင်းတဲ့​သူ​ဆီမှာ သွား​ဝယ်​ကြ’ လို့​ပြန်​ပြောတယ်။”—မဿဲ ၂၅:၇-၉

ဉာဏ်​မရှိတဲ့​အပျိုစင် ငါးယောက်​ဟာ နိုးနိုးကြားကြား မရှိတဲ့အပြင် သတို့သား ရောက်လာ​ချိန်​အတွက် အသင့်​မ​ပြင်​ထား​ကြဘူး။ ဆီ​မလောက်​လို့ သွား​ဝယ်​နေရ​တယ်။ ယေရှု အခုလို ဆက်ပြောတယ်– “သူတို့ ဆီ​သွား​ဝယ်​နေတုန်းမှာ သတို့သား ရောက်လာတယ်။ အသင့်ရှိနေ​တဲ့ အပျိုစင်​တွေ​က သတို့သား​နဲ့​အတူ ဧည့်ခံ​ကျွေးမွေး​တဲ့ နေရာကို ဝင်​သွားတယ်။ အဲဒီနောက် တံခါးပိတ်​သွားတယ်။ ကျန်တဲ့​အပျိုစင်​တွေ ရောက်လာပြီး ‘သခင်၊ သခင်၊ ကျွန်မတို့ကို တံခါးဖွင့်​ပေးပါဦး” လို့ တောင်းပန်​တော့ သတို့သား​က ‘ခင်ဗျားတို့ကို ကျွန်တော် လုံးဝ​မသိ​ဘူး’ လို့​ပြောလိုက်​တယ်။” (မဿဲ ၂၅:၁၀-၁၂) အသင့်​မ​ပြင်​ထားတဲ့​အတွက်၊ နိုးနိုးကြားကြား မရှိတဲ့အတွက် တကယ့်ကို ဝမ်းနည်း​စရာ​ပဲ။

ယေရှု​က သူ့ကိုယ်သူ သတို့သား​နဲ့ ခိုင်းနှိုင်း​ဖူး​လို့ သတို့သား​ဟာ ယေရှုကို​ပုံဆောင်​မှန်း တမန်တော်တွေ သိကြတယ်။ (လုကာ ၅:၃၄၊ ၃၅) ဒါဆို သတိ​ပညာ​ရှိတဲ့ အပျိုစင်​တွေ​က​ကော ဘယ်သူ့ကို ရည်ညွှန်းသလဲ။ ယေရှု​က နိုင်ငံတော်​အမွေခံ​ရမယ့် “သိုးစုငယ်” အကြောင်း​ပြောတဲ့အခါ “ခါးကို​စည်း​ပြီး အသင့်ရှိနေ​ပါ။ မီးခွက်တွေကို ထွန်းထား​ကြပါ” လို့​ပြောခဲ့တယ်။ (လုကာ ၁၂:၃၂၊ ၃၅) ဒါကြောင့် တမန်တော်တွေက သူတို့​လို သစ္စာရှိ​တပည့်​တွေကို ယေရှု ရည်ညွှန်း​နေမှန်း သဘောပေါက်​ကြတယ်။ ယေရှု​က ဒီ​ပုံဥပမာ​ကို​သုံးပြီး ဘာသင်ခန်းစာ သင်ပေးသလဲ။

ပုံဥပမာ​ကို အခုလို နိဂုံးချုပ်​တယ်– “ဒါကြောင့် အဲဒီ​နေ့၊ အဲဒီ​အချိန်ကို ခင်ဗျားတို့ မသိတဲ့​အတွက် သတိနဲ့ စောင့်နေကြပါ။”—မဿဲ ၂၅:၁၃

ရှင်း​ပါတယ်၊ ယေရှု​က သူ​ရောက်ရှိချိန်​နဲ့ ပတ်သက်ပြီး သစ္စာရှိ​နောက်လိုက်​တွေကို သတိ​ပေး​နေတာ။ သူတို့​အားလုံး “သတိနဲ့ စောင့်နေ” ဖို့​လိုတယ်။ ယေရှု​ရောက်လာ​မှာ​ဖြစ်လို့ သူတို့​အနေနဲ့ သတိ​ပညာ​ရှိတဲ့ အပျိုစင်​ငါးယောက်​လို အသင့်ပြင်​ထားပြီး နိုးကြား​နေဖို့ လိုတယ်။ ဒါမှ သူတို့ရဲ့ အဖိုးတန်​မျှော်လင့်ချက်ကို မျက်ခြည်မပြတ်​မှာ။ သူတို့​ရမယ့် ဆုကျေးဇူး​ကို လက်လွတ်​ဆုံးရှုံး​မှာ မဟုတ်တော့ဘူး။