မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၁၅

ယေရှုရဲ့ နောက်ဆုံးပသခါပွဲ နီးလာပြီ

ယေရှုရဲ့ နောက်ဆုံးပသခါပွဲ နီးလာပြီ

မဿဲ ၂၆:၁-၅၊ ၁၄-၁၉ မာကု ၁၄:၁၊ ၂၊ ၁၀-၁၆ လုကာ ၂၂:၁-၁၃

  • ယုဒရှကာရုတ် ငွေ​ယူပြီး သစ္စာဖောက်​အပ်နှံ

  • တမန်တော်​နှစ်ယောက် ပသခါပွဲ​အတွက် ပြင်ဆင်

သံလွင်​တောင်ပေါ်မှာ ယေရှု​က သူ့ရဲ့ အနာဂတ် ရောက်ရှိခြင်း​နဲ့ လောက​စနစ် နိဂုံးပိုင်း​အကြောင်း တမန်တော်​လေးယောက် မေးတာ​ကို အဖြေပေး​ရင်း သူတို့ကို သွန်သင်​လို့ ပြီးသွားပြီ။

နိသန်​လ ၁၁ ရက်​က တော်​တော်​အလုပ်များ​တဲ့ နေ့​ပဲ။ ယေရှု​က တမန်တော်တွေကို “ခင်ဗျားတို့ သိတဲ့​အတိုင်း နောက်​နှစ်​ရက်​ဆိုရင် ပသခါ​ပွဲတော် ရောက်တော့​မယ်။ အဲဒီအခါ လူသားကို သစ်တိုင်​ပေါ်​တင်ပြီး သတ်ဖို့ အပ်​လိမ့်မယ်” လို့​ပြောတယ်။ ညအိပ်​ဖို့ ဗေသနိ​ရွာ​ကို ပြန်တဲ့​လမ်းမှာ ဒီ​စကားတွေကို ပြောတာ​ဖြစ်မယ်။—မဿဲ ၂၆:၂

နောက်​တစ်နေ့၊ ဗုဒ္ဓဟူး​နေ့မှာ​တော့ ယေရှု​က ဘယ်​မှ​မသွား​ဘဲ တပည့်​တွေ​နဲ့​ပဲ သီးသန့်​နေ​ပုံ​ရတယ်။ အင်္ဂါ​နေ့​တုန်း​က ဘာသာရေး ခေါင်းဆောင်​တွေကို ပြစ်တင်​ရှုတ်ချ​ပြီး လူသိရှင်ကြား ဖော်ထုတ်ခဲ့​လို့ သူတို့က ယေရှုကိုသတ်ဖို့ ရှာကြံ​နေကြ​တယ်။ ဒါကြောင့် နိသန်​လ ၁၂ ရက်​နေ့မှာ ယေရှု​က ပေါ်ပေါ်ထင်ထင် မသွား​လာ​ဘူး။ နောက်​တစ်နေ့​ညနေ နေဝင်​ပြီး​ချိန်၊ နိသန်​လ ၁၄ ရက် စတင်ချိန်​မှာ တမန်တော်တွေ​နဲ့​အတူ ပသခါပွဲ​ကျင်းပတဲ့​အခါ ဘာ​အနှောင့်အယှက်​မှ မဖြစ်စေ​ချင်​လို့​ပဲ။

ဒါပေမဲ့ ပုရောဟိတ်ကြီးတွေ​နဲ့ အကြီးအကဲ​တွေ​ကတော့ အလုပ်များ​နေကြ​တယ်။ ပုရောဟိတ်မင်း ကယာဖရဲ့​အိမ်ဝင်း​မှာ စုဝေး​ကြတယ်။ ဘာကြောင့်လဲ​ဆိုတော့ သူတို့ရဲ့ လုပ်ရပ်တွေကို ယေရှု​ဖော်ထုတ်​လို့ ဒေါသ​ထွက်​နေကြ​တယ်။ အခု “ယေရှုကို အကွက်​ဆင်​ဖမ်း​ပြီး သတ်ပစ်ဖို့ တိုင်ပင်​ကြတယ်။” ဘယ်လိုနည်းနဲ့ ဘယ်​အချိန်မှာ ဖမ်း​မှာ​လဲ။ “ပွဲတော်​အတွင်းမှာ​တော့ ဖမ်း​လို့​မဖြစ်​ဘူး။ လူတွေ ရုတ်ရုတ်သဲသဲ​ဖြစ်မှာ စိုးရိမ်တယ်” လို့ သူတို့​ပြောတယ်။ (မဿဲ ၂၆:၄၊ ၅) ယေရှုကို လက်ခံ​တဲ့​လူတွေက အများကြီး​ဆိုတော့ ကြောက်နေ​ကြတာပေါ့။

ဒီ​အချိန်မှာ​ပဲ ဘာသာရေး​ခေါင်းဆောင်​တွေ​ဆီ ဧည့်သည်​တစ်ယောက် ရောက်လာတယ်။ ယေရှုရဲ့​တမန်တော် ယုဒရှကာရုတ်​ဖြစ်နေလို့ သူတို့ သိပ်​အံ့သြ​သွားတယ်။ သခင်​ကို သစ္စာဖောက်​ဖို့ အကြံ​ကို သူ့​စိတ်ထဲ စာတန်​သွင်း​ပေးလိုက်​တာ။ ယုဒ​က “ယေရှုကို ခင်ဗျားတို့​လက်ထဲ အပ်​မယ်​ဆိုရင် ဘယ်လောက်​ပေး​မလဲ” လို့​မေးတယ်။ (မဿဲ ၂၆:၁၅) သူတို့လည်း ဝမ်းသာ​အားရ​နဲ့ “ငွေပေး​မယ်​လို့ ကတိပေး​ကြတယ်။” (လုကာ ၂၂:၅) ဘယ်လောက်​ပေးမှာ​လဲ။ ငွေ​စ ၃၀ ပေးမယ်လို့ သဘော​တူကြတယ်။ ထူးခြား​တာ​က ကျွန်​တစ်ယောက်ရဲ့ တန်ဖိုး​က​လည်း ရှယ်ကယ် ၃၀ ပဲ။ (ထွက်မြောက်ရာ ၂၁:၃၂) ဒါကြောင့် ဘာသာရေး​ခေါင်းဆောင်​တွေ​က ယေရှုကို တန်ဖိုး​မရှိတဲ့​သူ၊ အထင်သေး​စ​ရာ​ကောင်းတဲ့​သူ​အဖြစ် သဘောထား​မှန်း ပြ​လိုက်တာ။ အဲဒီ​အချိန်​က​စပြီး ယုဒ​လည်း “လူတွေ​မရှိ​ခိုက် ယေရှုကို​အပ်နှံ​ဖို့ အခွင့်ကောင်း ရှာနေ​တော့​တယ်။”—လုကာ ၂၂:၆

ဗုဒ္ဓဟူး​နေ့ နေဝင်​တာ​နဲ့ နိသန်​လ ၁၃ ရက်​စ​ပြီ။ ဒီနေ့​က ဗေသနိ​ရွာမှာ ယေရှု​တည်းခို​တာ ခြောက်ရက်​မြောက်​နေ့​ဖြစ်ပြီး နောက်ဆုံး​ည​လည်း ဖြစ်တယ်။ မနက်ဖြန်​ဆိုရင် ပသခါပွဲ​အတွက် လိုအပ်တာတွေ ပြင်ဆင်​ဖို့ နောက်ဆုံးနေ့​ပဲ။ သိုးကလေး တစ်ကောင်​ကိုလည်း အဆင်သင့် ရှာ​ထားရမယ်။ ဒါမှ နိသန်​လ ၁၄ ရက်​အစမှာ သိုးကိုသတ်​ပြီး တစ်ကောင်​လုံး ကင်​နိုင်မှာ။ ပသခါ​ညစာ​ကို ယေရှုနဲ့ တပည့်​တွေ ဘယ်​နေရာမှာ​စား​မလဲ၊ ဘယ်သူက ပြင်ဆင်​ပေးမှာ​လဲ။ အသေးစိတ် အစီအစဉ်ကို ယေရှု​ပြောပြ​မထား​တော့ ယုဒ​က ပုရောဟိတ်ကြီးတွေ​ဆီ သတင်း​မ​ပို့​နိုင်ဘူး။

ကြာသပတေး​နေ့ နေ့လယ်​လောက်​မှာ ယေရှု​က ပေတရုနဲ့ ယောဟန်​ကို “ကျွန်တော်တို့​စားဖို့ ပသခါ​ညစာ​ကို သွား​ပြင်ဆင်​ကြပါ” ဆိုပြီး ဗေသနိ​ရွာ​ကနေ လွှတ်လိုက်တယ်။ “ဘယ်မှာ သွား​ပြင်ဆင်​ရမလဲ” လို့​မေးတော့ “ခင်ဗျားတို့ မြို့ထဲ​ဝင်​တဲ့အခါ ရေ​အိုး​ထမ်း​လာတဲ့ ယောက်ျား​တစ်ယောက်ကို တွေ့​လိမ့်မယ်။ သူ့​နောက်ကို​လိုက်ပြီး သူ​ဝင်​တဲ့​အိမ်ထဲ လိုက်​ဝင်​သွားပါ။ ပြီးတော့ ‘“တပည့်​တွေ​နဲ့​အတူ ပသခါ​ညစာ စား​မယ့်​အခန်း​က ဘယ်မှာ​လဲ” လို့ ဆရာ​မေးတယ်’ ဆိုပြီး အိမ်ရှင်ကို ပြောပါ။ အိမ်ရှင်​က အပေါ်ထပ်​မှာ​ရှိတဲ့ ပြင်ဆင်​ပြီးသား အခန်းကြီး​ကို ပြ​လိမ့်မယ်။ အဲဒီ​အခန်းမှာ ညစာ​ပြင်ဆင်ပါလို့​ မှာ​လိုက်တယ်။”—လုကာ ၂၂:၈-၁၂

အိမ်ရှင်​က ယေရှုရဲ့​တပည့် ဆိုတာ သေချာတယ်။ ဒီ​ပွဲ​အတွက် သူ့အိမ်ကို ယေရှု​အသုံးပြုမယ်​လို့ ကြိုတင်​ခန့်မှန်း​ပြီးသား ဖြစ်နိုင်တယ်။ တမန်တော်​နှစ်ယောက်​လည်း ဂျေရုဆလင်​မြို့ကို ရောက်တဲ့အခါ ယေရှုမှာ​တဲ့​အတိုင်း လုပ်ကြတယ်။ ယေရှုနဲ့ တမန်တော် ၁၂ ယောက်၊ စုစုပေါင်း ၁၃ ယောက် ပသခါ​ညစာ​စားဖို့​အတွက် သိုးကလေး​နဲ့ တခြား​လိုအပ်တာ​အားလုံးကို အဆင်သင့် ပြင်​ထား​ကြတယ်။