မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၁၈

ဘယ်သူအကြီးမြတ်ဆုံးလဲဆိုပြီး အငြင်းပွားကြ

ဘယ်သူအကြီးမြတ်ဆုံးလဲဆိုပြီး အငြင်းပွားကြ

မဿဲ ၂၆:၃၁-၃၅ မာကု ၁၄:၂၇-၃၁ လုကာ ၂၂:၂၄-၃၈ ယောဟန် ၁၃:၃၁-၃၈

  • ရာထူး​အဆင့်အတန်း​နဲ့ ပတ်သက်ပြီး သွန်သင်ပေး

  • ပေတရု ငြင်းပယ်​မယ့်​အကြောင်း ကြိုပြော

  • မေတ္တာက ယေရှုရဲ့ နောက်လိုက်​တွေကို ခွဲခြား​သိမြင်​စေ

တမန်တော်တွေ​နဲ့ နောက်ဆုံး​ညစာ​စား​နေတုန်း ယေရှု​က သူတို့​ ခြေကို ဆေး​ပြီး နှိမ့်ချ​တတ်ဖို့ ကောင်းမွန်​တဲ့ သင်ခန်းစာ သင်ပေးခဲ့တယ်။ အဲဒီသင်ခန်းစာ​က ဘာကြောင့် သင့်တော်သလဲ။ သူတို့မှာ အားနည်းချက်​ရှိလို့ပဲ။ သူတို့က ဘုရားသခင်​အပေါ် သစ္စာ​ရှိသူတွေ​ဖြစ်ပေမဲ့ ဘယ်သူ အကြီးမြတ်ဆုံးလဲ​ဆိုပြီး အခုထိ အငြင်းပွား​နေကြ​တယ်။ (မာကု ၉:၃၃၊ ၃၄။ ၁၀:၃၅-၃၇) ဒီ​ညမှာ အဲဒီ​အားနည်းချက် ပြန်​ပေါ်လာတယ်။

တမန်တော်တွေက “သူတို့​ထဲမှာ ဘယ်သူ အကြီးမြတ်ဆုံးလဲ​ဆိုပြီး အကြီးအကျယ် အငြင်းပွား​ကြတယ်။” (လုကာ ၂၂:၂၄) ဒီ​ကိစ္စ​အတွက် သူတို့​ထပ်​ပြီး အငြင်းပွား​နေတာကို ယေရှု​မြင်​တော့ တော်​တော် စိတ်ထိခိုက်​သွားမှာပဲ။ ဒါနဲ့ သူ​ဘာ​လုပ်သလဲ။

တမန်တော်တွေရဲ့ သဘောထား​နဲ့ အ​ပြု​အမူ​ကြောင့် ဆူပူ​ကြိမ်းမောင်း​မယ့်​အစား “လောက​အုပ်စိုးရှင်​တွေဟာ နိုင်ထက်စီးနင်း လုပ်တတ်​တယ်။ အာဏာ​ရှိသူတွေ​လည်း ကျေးဇူးရှင်​လို့ အခေါ်​ခံ​တတ်ကြတယ်။ ခင်ဗျားတို့​ကတော့ အဲဒီလို​မဖြစ်​ရ​ဘူး။ . . . စားပွဲမှာ​ထိုင်ပြီး စားသောက်​သူနဲ့ အလုပ်အကျွေးပြု​သူ ဘယ်သူ​ဟာ ပို​ကြီးမြတ်သလဲ” ဆိုပြီး စိတ်ရှည်ရှည်​နဲ့ ကျိုးကြောင်း​ရှင်းပြတယ်။ အဲဒီနောက် သူ​အမြဲ​တင်ပြခဲ့တဲ့ စံနမူနာကောင်း​ကို ပြန်သတိရ​အောင် “ကျွန်တော်ကတော့ ခင်ဗျားတို့ကို အလုပ်အကျွေးပြု​တဲ့​သူပဲ” လို့​ပြောတယ်။—လုကာ ၂၂:၂၅-၂၇

တမန်တော်တွေ​ဟာ အားနည်းချက်​တွေ​ရှိပေမဲ့ အခက်အခဲ အများကြီး ကြုံ​တာ​တောင် ယေရှုကို မစွန့်ခွာ​ခဲ့​ကြဘူး။ ဒါကြောင့် “အဖ​ဘုရားက ကျွန်တော်​နဲ့ ပဋိညာဉ်ဖွဲ့​ခဲ့သလို ကျွန်တော်ကလည်း နိုင်ငံတော်မှာ အုပ်ချုပ်​ဖို့ ခင်ဗျားတို့နဲ့ ပဋိညာဉ်ဖွဲ့​တယ်” ဆိုပြီး ယေရှု​ပြောတယ်။ (လုကာ ၂၂:၂၉) တမန်တော်တွေ​ဟာ ယေရှုရဲ့ သစ္စာရှိ​နောက်လိုက်​တွေ ဖြစ်တယ်။ ယေရှု​က သူတို့နဲ့ ပဋိညာဉ်ဖွဲ့ခြင်းအားဖြင့် ကောင်းကင်​နိုင်ငံတော်မှာ သူနဲ့အတူ တွဲဖက်​အုပ်စိုးခွင့် ရကြမယ်​ဆိုတာ ယုံကြည်​စိတ်ချ​စေတယ်။

တမန်တော်တွေ​မှာ သိပ်​ကောင်းတဲ့ မျှော်လင့်ချက်​ရှိပေမဲ့ လူသားတွေ​ဖြစ်လို့ အားနည်းချက်​တွေ ရှိနေတုန်းပဲ။ ဒါကြောင့် ယေရှု​က “ဂျုံစပါး​ကို ဆန်ခါ​ချသလို စာတန်​က ခင်ဗျားတို့​အားလုံးကို ဆန်ခါ​ချဖို့ အခွင့်​တောင်း​နေတယ်” ဆိုပြီး သူတို့ကို ပြောတယ်။ (လုကာ ၂၂:၃၁) ပြီးနောက် အခုလို သတိပေး​တယ်– “ဒီ​ည ကျွန်တော် ကြုံတွေ့​မယ့်​အရာ​ကြောင့် ကျွန်တော့်ကို ခင်ဗျားတို့​စွန့်ပြီး ပြေးကြ​လိမ့်မယ်။ ‘သိုးထိန်း​ကို ငါ​ရိုက်သတ်​မှာ​ဖြစ်လို့ သိုး​တွေ ကွဲလွင့်​သွား​လိမ့်မယ်’ ဆိုပြီး ကျမ်းစာမှာ ရေးထားတဲ့​အတိုင်း ဖြစ်လာမယ်။”—မဿဲ ၂၆:၃၁။ ဇာခရိ ၁၃:၇

ဒီ​အခါ ပေတရု​က “တခြားသူတွေ သခင့်​ကို စွန့်ခွာ​သွား​ရင်တောင် ကျွန်တော်ကတော့ ဘယ်တော့မှ မစွန့်​ဘူး” လို့ အခိုင်အမာ ပြောလိုက်​တယ်။ (မဿဲ ၂၆:၃၃) ယေရှု​ကတော့ ဒီ​ည​ ကြက်​နှစ်ကြိမ်​မတွန်ခင် ပေတရု သူ့ကို ငြင်း​မယ်​ဆိုပြီး ပြောတယ်။ ဒါပေမဲ့ “ခင်ဗျားရဲ့​ယုံကြည်ခြင်း အားမနည်း​သွား​အောင် ကျွန်တော် တိုးလျှိုး​အသနားခံ​ထားတယ်။ ခင်ဗျား နောင်တ​ရပြီး ပြန်လှည့်​လာတာ​နဲ့ ညီအစ်ကိုတွေကို အားပေး​ထောက်မ​ပါ” လို့​ဆက်ပြောတယ်။ (လုကာ ၂၂:၃၂) ပေတရု​က “အတူ​သေချင် သေရ​ပါစေ။ သခင့်​ကို မသိ​ဘူးလို့ ဘယ်တော့မှ မငြင်း​ဘူး” ဆိုပြီး ပြတ်ပြတ်သားသား ပြန်​ပြောတယ်။ (မဿဲ ၂၆:၃၅) ကျန်တဲ့​တပည့်တွေလည်း အဲဒီအတိုင်း လိုက်​ပြော​ကြတယ်။

ယေရှု​က တပည့်​တွေကို “ကျွန်တော် ခဏ​ပဲ နေရ​တော့​မယ်။ ခင်ဗျားတို့ ကျွန်တော့်ကို ရှာ​လိမ့်မယ်။ ‘ကျွန်တော်​သွားမယ့်​နေရာကို ခင်ဗျားတို့ မလာနိုင်ဘူး’ ဆိုပြီး ဂျူးတွေကို ပြောခဲ့တဲ့​အတိုင်း အခု ခင်ဗျားတို့ကို​လည်း ကျွန်တော်​ပြောတယ်။ အချင်းချင်း ချစ်ကြပါ​ဆိုတဲ့ ပညတ်​အသစ်​တစ်ခု ကျွန်တော်​ပေးမယ်။ ခင်ဗျားတို့ကို ကျွန်တော်​ချစ်သလို အချင်းချင်းချစ်​ကြပါ။ အချင်းချင်း ချစ်မယ်​ဆိုရင် ခင်ဗျားတို့ဟာ ကျွန်တော့်​တပည့်​တွေ​ပဲ​ဆိုတာ လူတွေ​သိ​လိမ့်မယ်” ဆိုပြီး​ပြောတယ်။—ယောဟန် ၁၃:၃၃-၃၅

သူတို့နဲ့ ခဏ​ပဲ​နေရ​တော့​မယ်​လို့ ယေရှု​ပြောတာကို ကြားတဲ့​အခါ ပေတရု​က “သခင်၊ ဘယ်​သွား​မ​လို့​လဲ” လို့​မေးတော့ ယေရှု​က “ကျွန်တော်​သွားမယ့်​နေရာကို ခင်ဗျားတို့ အခု မလိုက်​နိုင်ဘူး။ နောက်​မှ လိုက်ရ​လိမ့်မယ်” လို့​ဖြေတယ်။ ပေတရုလည်း ခေါင်းရှုပ်​သွားပြီး “သခင်၊ ဘာလို့ အခု မလိုက်​နိုင်​ရမှာ​လဲ။ သခင့်​အတွက်​ဆို ကျွန်တော့်​အသက်ကို​တောင် စွန့်​မှာပါ” လို့​ပြောတယ်။—ယောဟန် ၁၃:၃၆၊ ၃၇

ငွေ​အိတ်၊ ရိက္ခာ​အိတ် မပါဘဲ ဂါလိလဲ​နယ်​မှာ ဟောပြောဖို့ တမန်တော်တွေကို စေလွှတ်ခဲ့​တဲ့ အချိန်​အကြောင်း အခု ယေရှု ပြန်​ပြောတယ်။ (မဿဲ ၁၀:၅၊ ၉၊ ၁၀) “ခင်ဗျားတို့ကို လွှတ်လိုက်​တုန်း​က လိုအပ်တာ ဘာမှ​မရှိဘူး မဟုတ်လား” ဆိုပြီး​မေးတော့ သူတို့က “မရှိပါဘူး” လို့​ဖြေတယ်။ ဒါပေမဲ့ ရှေ့လျှောက် သူတို့ ဘယ်လို​လုပ်ရမလဲ။ ယေရှု​က “အခုတော့ ငွေ​အိတ်​ရှိသူက ငွေ​အိတ်ဆောင်​ထားပါ။ ရိက္ခာ​အိတ်​ရှိတဲ့​သူက ရိက္ခာ​အိတ်​ကို ဆောင်ထား​ပါ။ ဓား​မရှိတဲ့​သူကလည်း ကိုယ့်​အင်္ကျီ​ကို​ရောင်းပြီး ဓား​ဝယ်ပါ။ ကျွန်တော်​ပြောမယ်။ ‘သူဟာ တရားမဲ့​သူတွေရဲ့ စာရင်း​မှာ ပါတယ်’ ဆိုတဲ့ ကျမ်း​စကားက ကျွန်တော့်​ဆီမှာ ပြည့်စုံ​တော့​မယ်။ ကျွန်တော်​နဲ့​ပတ်သက်ပြီး ရေးထားသမျှ ပြည့်စုံ​နေပြီ” လို့​ပြောတယ်။—လုကာ ၂၂:၃၅-၃၇

လူဆိုးတွေ၊ တရားမဲ့​သူတွေနဲ့​အတူ သစ်တိုင်​ပေါ်မှာ သံနဲ့​ရိုက်ခံရ​မယ့်​အချိန်​အကြောင်း ယေရှု​ပြော​နေတာ။ အဲဒီ​နောက်မှာ သူ့​နောက်လိုက်​တွေဟာ ပြင်းထန်တဲ့ နှိပ်စက်​ညှဉ်းပန်းမှု​တွေ ကြုံ​ရလိမ့်မယ်။ တမန်တော်တွေက သူတို့ အသင့်​ဖြစ်နေပြီ​ဆိုတဲ့ သဘော​နဲ့ “သခင်၊ ဒီမှာ ဓား​နှစ်​လက် ရှိပါတယ်” ဆိုတော့ ယေရှု​က “ဒီလောက်​ဆိုရင် ရပြီ” လို့​ပြောတယ်။ (လုကာ ၂၂:၃၈) သူတို့ဆီ​မှာ ဓား​နှစ်​လက်ရှိ​တဲ့​အတွက် မကြာခင်မှာ အရေးကြီးတဲ့ နောက်သင်ခန်းစာ​တစ်ခုကို သင်ပေး​ခွင့်​ရလိမ့်မယ်။