မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၁၉

လမ်းခရီး၊ အမှန်တရား၊ အသက်

လမ်းခရီး၊ အမှန်တရား၊ အသက်

ယောဟန် ၁၄:၁-၃၁

  • နေစရာ​နေရာ ပြင်ဆင်​ဖို့ ယေရှု သွားရမယ်

  • ကူညီ​သူကို စေလွှတ်​မယ်​လို့ နောက်လိုက်​တွေကို ကတိပြု

  • အဖ​ဘုရားက ယေရှု​ထက် ပို​ကြီးမြတ်

အောက်မေ့ရာပွဲ ညစာ​စား​ပြီးနောက် တမန်တော်တွေ​နဲ့​အတူ အပေါ်ထပ်​အခန်းမှာ ရှိနေတုန်း ယေရှု​က “ခင်ဗျားတို့ သိပ်​မစိုးရိမ်ပါနဲ့။ ဘုရားသခင်ကို ယုံကြည်သက်ဝင်​ကြပါ။ ကျွန်တော့်ကိုလည်း ယုံကြည်သက်ဝင်​ကြပါ” လို့​အားပေးတယ်။—ယောဟန် ၁၃:၃၆။ ၁၄:၁

သူ​ထွက်သွား​တော့​မှာ ဖြစ်ပေမဲ့ သစ္စာရှိ​တမန်တော်တွေ စိုးရိမ်​စ​ရာ မလိုဘူး​ဆိုတာ အခုလို​ပြောတယ်– “အဖရဲ့ အိမ်တော်မှာ နေစရာ​တွေ အများကြီး​ပဲ။ . . . ခင်ဗျားတို့​အတွက် နေစရာ​ပြင်ဆင်​ဖို့ ကျွန်တော်​သွားရမယ်။ ကျွန်တော်​သွားပြီး ခင်ဗျားတို့​အတွက် နေစရာ​ပြင်ဆင်​ပြီးရင် ပြန်လာ​ခဲ့​မယ်။ ကျွန်တော် ရှိတဲ့​နေရာမှာ ခင်ဗျားတို့လည်း ရှိနေဖို့ ပြန်လာ​ခေါ်​မယ်။” ကောင်းကင်​သွားမယ့်​အကြောင်း ယေရှု​ပြော​နေမှန်း တမန်တော်တွေ သဘောမပေါက်​ဘူး။ ဒါကြောင့် သောမက “သခင်၊ ကျွန်တော်တို့​က သခင်​သွားမယ့်​နေရာကို​မှ မသိတာ။ လမ်းခရီး​ကို ဘယ်လိုလုပ်​သိ​မှာ​လဲ” လို့​မေးတယ်။—ယောဟန် ၁၄:၂-၅

ယေရှု​က “ကျွန်တော်ဟာ လမ်းခရီး​ဖြစ်တယ်။ အမှန်တရား​လည်း ဖြစ်တယ်။ အသက်လည်း ဖြစ်တယ်” လို့​ပြောတယ်။ ယေရှုကို​ရော၊ သူ့​သွန်သင်ချက်တွေကို​ရော လက်ခံ​ပြီး သူ့​ဘဝ​လမ်းစဉ်​ကို အတုယူ​မှသာ အဖ​ဘုရားရဲ့ ကောင်းကင်​အိမ်တော်မှာ နေခွင့်​ရမယ်။ ဒါကြောင့် “ကျွန်တော့်ကို မ​ဖြတ်သန်း​ဘဲ ဘယ်သူမှ အဖ​ဘုရားဆီ မ​ရောက်​နိုင်ဘူး” လို့​ယေရှု​ပြောတယ်။—ယောဟန် ၁၄:၆

ဖိလိပ္ပု​က ယေရှုရဲ့​စကားကို သေချာ​နားထောင်​နေရင်း “သခင်၊ အဖ​ဘုရားကို မြင်​ချင်​လို့ ကျွန်တော်တို့ကို ပြပါ​ဦး။ ဒါဆို ကျေနပ်​ပါပြီ” လို့​ပြောတယ်။ မောရှေ၊ ဧလိယ၊ ဟေရှာယ​တို့ စိတ်အာရုံ မြင်ခဲ့​ရသလို ဘုရားသခင်နဲ့ ပတ်သက်တဲ့ ဖော်ပြချက်​တစ်ခုခုကို ဖိလိပ္ပု မြင်​ချင်​ပုံ​ရတယ်။ ဒါပေမဲ့ တမန်တော်တွေ​မှာ အဲဒီ​စိတ်အာရုံ​တွေ​ထက် ပို​ကောင်းတဲ့အရာ ရှိ​ထားတယ်။ အဲဒါကို ယေရှု ဒီလို​ပေါ်လွင်​စေတယ်– “ဖိလိပ္ပု၊ ကျွန်တော် ခင်ဗျားတို့နဲ့ ဒီလောက်​အကြာကြီး နေခဲ့တာ​တောင် ကျွန်တော့်ကို မသိသေးဘူးလား။ ကျွန်တော့်ကို​မြင်​တာ​ဟာ အဖ​ဘုရားကို မြင်​တာ​ပဲ။” ယေရှုဟာ အဖ​ဘုရားရဲ့ အရည်အသွေးတွေကို အပြည့်ဝ​ဆုံး​နည်းနဲ့ အတု​ယူပြီး တင်ပြ​တယ်။ ဒါကြောင့် ယေရှုနဲ့အတူ နေပြီး သူ့ကို​မြင်​နေရတာ​ဟာ အဖ​ဘုရားကို မြင်ရသလိုပဲ။ ဒါပေမဲ့ အဖဘုရား​ဟာ သားတော်​ထက် ကြီးမြတ်တယ်။ အကြောင်းကတော့ “ကျွန်တော် ပြောတဲ့​အရာတွေ​ဟာ ကိုယ့်သဘောနဲ့ကိုယ် ပြောတာ​မဟုတ်ဘူး” ဆိုပြီး ယေရှု​ပြောလို့​ပဲ။ (ယောဟန် ၁၄:၈-၁၀) သူ့​သွန်သင်ချက်တွေ​အတွက် အဖဘုရား​ကိုပဲ ဂုဏ်တင်​မှန်း တမန်တော်တွေ သိနိုင်တယ်။

တမန်တော်တွေ​ဟာ ယေရှု​လုပ်တဲ့ အံ့ဖွယ်​အမှုတွေ​ကို မြင်ခဲ့ကြတယ်။ ယေရှု နိုင်ငံတော်သတင်းကောင်း ဟော​တာ​ကိုလည်း ကြားခဲ့​ကြတယ်။ အခု ယေရှု​က “ကျွန်တော့်ကို ယုံကြည်သက်ဝင်​တဲ့​သူဟာ ကျွန်တော်​လုပ်တဲ့ အလုပ်တွေကို လုပ်​လိမ့်မယ်။ အဲဒါ​ထက် ကြီးမား​တာတွေကို လုပ်​လိမ့်မယ်” လို့​ပြောတယ်။ (ယောဟန် ၁၄:၁၂) သူ​လုပ်ခဲ့တာ​ထက် ပို​ကြီးမားတဲ့ အံ့ဖွယ်​အမှုတွေ​ကို တမန်တော်တွေ လုပ်​လိမ့်မယ်လို့ ပြော​နေတာ​မဟုတ်ဘူး။ ဒါပေမဲ့ သူတို့က အမှုဆောင်​လုပ်ငန်းကို အချိန်​အကြာကြီး လုပ်ဆောင်ကြ​မယ်။ ပို​ကြီးမားကျယ်ပြန့်​တဲ့ နယ်မြေ​တွေ​မှာ ပို​များတဲ့​လူတွေကို ဟောပြောကြ​လိမ့်မယ်။

သူ​ထွက်သွား​တော့​မှာ ဖြစ်ပေမဲ့ တပည့်​တွေကို ပစ်ထား​မှာ​မဟုတ်ဘူးဆိုတာ အခုလို​ကတိ​ပေးတယ်– “ကျွန်တော့်​နာမည်ကို အမှီပြု​ပြီး ခင်ဗျားတို့ တောင်းဆိုသ​မျှ ကျွန်တော်​လုပ်ပေးမယ်။” ပြီးတော့ “အဖ​ဘုရားဆီ တောင်းပေး​မယ်။ ခင်ဗျားတို့နဲ့​အတူ အမြဲ​ရှိနေ​မယ့် ကူညီ​သူ နောက်​တစ်ယောက်ကို အဖဘုရား ပေးသနား​လိမ့်မယ်။ အဲဒီ​ကူညီ​သူဟာ အမှန်တရားကို ဖော်ပြတဲ့ စွမ်းအားတော်​ပဲ” လို့​ပြောတယ်။ (ယောဟန် ၁၄:၁၄၊ ၁၆၊ ၁၇) နောက်ထပ် ကူညီ​သူ​ဖြစ်တဲ့ သန့်ရှင်းသော စွမ်းအားတော်ကို တပည့်​တွေ ရလိမ့်မယ်လို့ ယေရှု ကတိ​ပေးတယ်။ ပင်တေကုတ္တေပွဲ​နေ့မှာ အဲဒီအတိုင်း ဖြစ်လာတယ်။

“မကြာခင် လောကဟာ ကျွန်တော့်ကို မြင်ရတော့​မှာ မဟုတ်ဘူး။ ခင်ဗျားတို့​ကတော့ မြင်​လိမ့်မယ်။ ကျွန်တော် အသက်ရှင်သလို ခင်ဗျားတို့လည်း အသက်ရှင်​မှာ​ကိုး” လို့​ဆက်ပြောတယ်။ (ယောဟန် ၁၄:၁၉) ယေရှု​က ရှင်ပြန်ထမြောက်​ပြီးနောက် တပည့်​တွေကို ကိုယ်ယောင်​ထင်ရှားပြ​မှာ ဖြစ်တဲ့​အပြင် အချိန်တန်​တဲ့အခါ သူတို့ကို ဝိညာဉ်သတ္တဝါ​တွေ​အဖြစ် ထမြောက်​ပေးပြီး ကောင်းကင်မှာ သူနဲ့အတူ နေထိုင်​စေပါလိမ့်မယ်။

အခု ရိုးရှင်းတဲ့ အမှန်တရား​တစ်ခုကို ပြောပြတယ်– “ကျွန်တော့်​ပညတ်​တွေကို ခံယူပြီး လိုက်နာ​တဲ့​သူဟာ ကျွန်တော့်ကို ချစ်တဲ့​သူပဲ။ ကျွန်တော့်ကို ချစ်တဲ့​သူကို အဖ​ဘုရားကလည်း ချစ်မှာပဲ။ ကျွန်တော်လည်း သူ့ကို​ချစ်​ပြီး ကျွန်တော့်ကို သူသိ​အောင် ရှင်းရှင်းလင်းလင်း ဖော်ပြ​မယ်။” ဒီ​အခါ သဒ္ဒဲ​လို့​လည်း​ခေါ်တဲ့ တမန်တော်​ယုဒ​က “သခင်၊ လောက​ကိုကျတော့ မဖော်​ပြ​ဘဲ ကျွန်တော်တို့ကို​ပဲ ရှင်းရှင်း လင်းလင်း ဖော်ပြ​ချင်​တာ ဘာဖြစ်လို့လဲ” ဆိုပြီး​မေးတယ်။ ယေရှု ပြန်ဖြေ​တာ​က “ကျွန်တော့်ကို ချစ်တဲ့​သူဟာ ကျွန်တော့်​စကားကို လိုက်နာမှာပဲ။ အဖ​ဘုရားကလည်း သူ့ကို ချစ်​လိမ့်မယ်။ . . . ကျွန်တော့်ကို မချစ်တဲ့​သူက ကျွန်တော့်​စကားကို မလိုက်နာ​ဘူး။” (ယောဟန် ၁၄:၂၁-၂၄) နောက်လိုက်​တွေ​နဲ့ မတူဘဲ ဒီ​လောက​,​က ယေရှုကို လမ်းခရီး၊ အမှန်တရား၊ အသက်​အဖြစ် အသိအမှတ် မပြုဘူး။

ယေရှု ထွက်သွား​တော့​မှာ​ဆိုတော့ သူ​သွန်သင်သမျှကို တပည့်​တွေ ဘယ်လို မှတ်မိ​နိုင်မလဲ။ “အဖ​ဘုရားက ကူညီ​သူ​ဖြစ်တဲ့ သန့်ရှင်းသော စွမ်းအားတော်ကို ကျွန်တော့်​နာမည်​နဲ့ လွှတ်လိုက်တဲ့​အခါ အဲဒီ​စွမ်းအားတော်​က ခင်ဗျားတို့ကို အရာအားလုံး သွန်သင်ပေး​လိမ့်မယ်။ ကျွန်တော် ပြောခဲ့သမျှကိုလည်း ပြန်​မှတ်မိ​စေ​လိမ့်မယ်” လို့ ယေရှု​ရှင်းပြတယ်။ သန့်ရှင်းသော​စွမ်းအားတော်​က ဘယ်လောက် တန်ခိုးကြီး​မှန်း တမန်တော်တွေ သိမြင်ပြီးသား​ဆိုတော့ ဒီ​ကတိ​ကို ကြားတဲ့​အခါ အားရှိ​ကြမှာပဲ။ ယေရှု​က “ငြိမ်သက်ခြင်းကို ခင်ဗျားတို့​ဆီ ထားခဲ့​မယ်။ ငြိမ်သက်ခြင်းကို ပေးခဲ့မယ်။ . . . ဒါကြောင့် ခင်ဗျားတို့ သိပ်​မစိုးရိမ်ပါနဲ့။ မကြောက်ပါနဲ့” လို့ ဆက်ပြောတယ်။ (ယောဟန် ၁၄:၂၆၊ ၂၇) တမန်တော်တွေ မစိုးရိမ်သင့်တဲ့​အကြောင်းရင်း ရှိတယ်။ အဲဒါကတော့ ယေရှုရဲ့ အဖဘုရား​ဆီကနေ လမ်းညွှန်မှုနဲ့ ကာကွယ်မှု ရမှာဖြစ်​လို့​ပဲ။

ဘုရားသခင် ကာကွယ်​ပေးတဲ့ အထောက်အထားကို မကြာခင် မြင်ရတော့​မယ်။ ယေရှု​က “ဒီ​လောကရဲ့​မင်း​က လာ​နေပြီ။ သူ​လာပေမဲ့ ကျွန်တော့်ကို မချုပ်ကိုင်​နိုင်ပါဘူး” လို့​ပြောတယ်။ (ယောဟန် ၁၄:၃၀) စာတန်​မာရ်နတ်​က ယုဒ​ကို ကြိုးကိုင်​ခြယ်လှယ်​နိုင်ခဲ့တယ်။ ဒါပေမဲ့ ယေရှုမှာ​တော့ အပြစ်​လုပ်ချင်တဲ့ သွေးသား​အားနည်းချက် မ​ရှိတာမို့ ဘုရားကို ပြစ်မှား​အောင် စာတန် ကြိုးကိုင်​လို့ မရဘူး။ ယေရှု သေ​ရာ​ကနေ ပြန်​မထမြောက်​အောင်​လည်း သူ​တားဆီး​နိုင်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲ။ “ကျွန်တော် . . . အဖဘုရား မိန့်မှာ​တဲ့​အတိုင်း လုပ်တယ်” ဆိုပြီး ယေရှု ပြောလို့​ပဲ။ အဖ​ဘုရားက သူ့ကို ရှင်ပြန်ထမြောက်​ပေးမယ်​ဆိုတာ ယုံကြည်​စိတ်ချ​တယ်။—ယောဟန် ၁၄:၃၁