မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၂၁

“သတ္တိရှိကြပါ။ ဒီလောကကို ကျွန်တော် အောင်နိုင်ပြီ”

“သတ္တိရှိကြပါ။ ဒီလောကကို ကျွန်တော် အောင်နိုင်ပြီ”

ယောဟန် ၁၆:၁-၃၃

  • တမန်တော်တွေ ယေရှုကို မြင်ရတော့​မှာ မဟုတ်

  • တမန်တော်တွေရဲ့ ဝမ်းနည်းမှု​ဟာ ရွှင်လန်းမှု​အဖြစ် ပြောင်းလဲသွား

ယေရှုနဲ့ တမန်တော်တွေ​ဟာ ပသခါ​ညစာ​စားတဲ့ အခန်း​ကနေ ထွက်သွား​တော့​မယ်။ သူတို့ကို အားပေး​စကားတွေ ပြော​ပြီးနောက် “ဒါတွေ​ပြော​နေတာဟာ ခင်ဗျားတို့ ကျွန်တော့်ကို မစွန့်ခွာ​သွား​အောင်​လို့​ပါ” ဆိုပြီး သတိပေး​တယ်။ ဘာကြောင့် သတိ​ပေးဖို့ လို​တာလဲ။ “လူတွေက ခင်ဗျားတို့ကို တရားဇရပ်​ကနေ မောင်းထုတ်​လိမ့်မယ်။ ခင်ဗျားတို့ကို သတ်ဖြတ်​တာ​ဟာ ဘုရားအတွက် အမှုဆောင်​နေတာ​လို့ ထင်မှတ်​တဲ့အချိန် ရောက်လာ​လိမ့်မယ်” ဆိုပြီး ယေရှု​ပြောလို့​ပဲ။—ယောဟန် ၁၆:၁၊ ၂

ဒါကို​ကြား​တော့ တမန်တော်တွေ ထိတ်လန့်​သွားမှာပဲ။ ဒီ​လောက​က သူတို့ကို မုန်း​လိမ့်မယ်လို့ ခု​န​က​ပြောခဲ့​ပေမဲ့ အသတ်ခံရမယ့် အကြောင်းကို​တော့ ပွင့်ပွင့်လင်းလင်း မပြောပြ​သေး​ဘူး။ ဘာဖြစ်လို့လဲ။ “အစ​ကတည်းက ဒါတွေ​မပြောပြ​ခဲ့​တာ ခင်ဗျားတို့နဲ့​အတူ ကျွန်တော် ရှိနေသေး​လို့​ပဲ” ဆိုပြီး ယေရှု​ပြောတယ်။ (ယောဟန် ၁၆:၄) အခုတော့ သူ​မ​ထွက်သွား​ခင်မှာ သူတို့ကို သတိ​ပေး​နေတာ။ အဲဒါက နောက်ပိုင်းမှာ သူ့ကို စွန့်ခွာ​မသွားအောင် ကူညီ​ပေးပါလိမ့်မယ်။

ယေရှု​က “အခုတော့ စေလွှတ်တဲ့​အရှင်​ဆီ ကျွန်တော် သွားတော့​မယ်။ ဒါပေမဲ့ ‘ဘယ်​ကို သွားမှာ​လဲ’ လို့ ခင်ဗျားတို့ တစ်ယောက်မှ မမေး​ကြဘူး” ဆိုပြီး ဆက်ပြောတယ်။ အဲဒီ​ည အစောပိုင်းမှာ သူတို့က ယေရှုကို ဘယ်​သွားမှာ​လဲ​ဆိုပြီး မေးခဲ့​ကြတယ်။ (ယောဟန် ၁၃:၃၆။ ၁၄:၅။ ၁၆:၅) အခုတော့ နှိပ်စက်​ညှဉ်းပန်းမှု​အကြောင်း ကြားတဲ့​အခါ ကြောက်လန့်​ပြီး ဝမ်းနည်းလွန်းလို့ ယေရှု​ရမယ့် ဘုန်းအသရေ​အကြောင်း၊ အဲဒါက နောက်လိုက်​တွေ​အတွက် ဘာ​အဓိပ္ပာယ်​ရှိတယ်ဆိုတဲ့​အကြောင်း ထပ်​မ​မေး​နိုင်ကြ​တော့​ဘူး။ ဒါနဲ့ ယေရှု​က “ဒါတွေကို ကျွန်တော်​ပြောပြ​တော့ ခင်ဗျားတို့ သိပ်​ဝမ်းနည်း​သွားတယ်” မဟုတ်လား​လို့ ပြောတယ်။—ယောဟန် ၁၆:၆

ဒီ​နောက် “ကျွန်တော်​သွားတာ ခင်ဗျားတို့ အကျိုးအတွက်​ပါ။ ကျွန်တော် မသွား​ရင် ကူညီ​သူက ခင်ဗျားတို့​ဆီ ရောက်လာ​မှာ မဟုတ်ဘူး။ ကျွန်တော်​သွား​မှ သူ့ကို ခင်ဗျားတို့​ဆီ လွှတ်​လို့​ရမှာ” လို့ ရှင်းပြတယ်။ (ယောဟန် ၁၆:၇) ယေရှု​သေဆုံး​ပြီးနောက် ကောင်းကင်​တက်​သွားတဲ့အခါ​ကျ​မှ တပည့်တွေဟာ သန့်ရှင်းသော​စွမ်းအားတော်ကို ရရှိနိုင်​ကြမယ်။ ကမ္ဘာပေါ်မှာ​ရှိတဲ့ နောက်လိုက်​တွေ​အတွက် ကူညီ​သူ​အဖြစ် စွမ်းအားတော်ကို ယေရှု​စေလွှတ်​ပေး​နိုင်မယ်။

သန့်ရှင်းသော​စွမ်းအားတော်​က “ပြစ်မှားခြင်း​အကြောင်း၊ ဖြောင့်မတ်ခြင်း​အကြောင်း၊ တရား​စီရင်ခြင်း​အကြောင်း ဒီ​လောက​ကို ရှင်းရှင်းလင်းလင်း ဖော်ပြ​လိမ့်မယ်။” (ယောဟန် ၁၆:၈) မှန်ပါတယ်၊ ဘုရားသခင့်သားတော်ကို ဒီ​လောက မယုံကြည်​ဘူးဆို​တာ ဖော်ထုတ်​ခံရမယ်။ ယေရှု ကောင်းကင်​တက်​သွားခြင်းက သူ့ရဲ့ ဖြောင့်မတ်ခြင်း​အကြောင်း၊ “ဒီ​လောကရဲ့​မင်း” စာတန်ဟာ ဘာကြောင့် ပြစ်ဒဏ်​စီရင်ခံထိုက်​ကြောင်း အခိုင်အမာ သက်သေထူ​ပါလိမ့်မယ်။—ယောဟန် ၁၆:၁၁

ယေရှု​က “ကျွန်တော့်မှာ ပြောစရာ အများကြီး ရှိတယ်။ ဒါပေမဲ့ ခင်ဗျားတို့ အခု မခံယူ​နိုင်​သေး​ဘူး” လို့​ဆက်ပြောတယ်။ ဒါပေမဲ့ သန့်ရှင်းသော​စွမ်းအားတော် သွန်းလောင်း​တဲ့အခါ​မှာ​တော့ စွမ်းအားတော်​က “အမှန်တရားကို အပြည့်အဝ နားလည်အောင်” သူတို့ကို သွန်သင်​လမ်းပြ​ပါလိမ့်မယ်။ အဲဒီ​အမှန်တရား​အတိုင်း သူတို့ နေထိုင်​နိုင်ကြ​လိမ့်မယ်။—ယောဟန် ၁၆:၁၂၊ ၁၃

ယေရှု​က “မကြာခင် ခင်ဗျားတို့ ကျွန်တော့်ကို မြင်ရတော့​မှာ မဟုတ်ဘူး။ ဒါပေမဲ့ သိပ်​မကြာခင်မှာပဲ ကျွန်တော့်ကို ပြန်မြင်​ရမယ်” လို့ ပြောလိုက်တဲ့​အခါ သူတို့ နားလည်​ရ ခက်​သွားမှာပဲ။ ဒါကြောင့် အဲဒါ ဘာ​အဓိပ္ပာယ်​လဲ​ဆိုပြီး အချင်းချင်း မေးကြတယ်။ သူတို့​မေး​ချင်​နေမှန်း ယေရှု​သိတော့ “ကျွန်တော် မှန်တာကို​ပြောမယ်၊ အမှန်အတိုင်း ပြောမယ်။ ခင်ဗျားတို့ ငိုကြွေး​မြည်တမ်း​ရလိမ့်မယ်။ ဒီ​လောက​ကတော့ ဝမ်းမြောက်​လိမ့်မယ်။ ခင်ဗျားတို့ နာကျင်​ခံစား​ရပေမဲ့ အဲဒီ​နာကျင်မှု​ဟာ ရွှင်လန်းမှု​အဖြစ် ပြောင်းလဲသွား​လိမ့်မယ်” လို့​ပြောတယ်။ (ယောဟန် ၁၆:၁၆၊ ၂၀) နောက်​တစ်နေ့ မွန်းလွဲပိုင်း​မှာ ယေရှု​အသတ်ခံရ​တဲ့အခါ ဘာသာရေး​ခေါင်းဆောင်​တွေ ၀မ်း​မြောက်​ကြတယ်။ တပည့်​တွေ​ကတော့ ၀မ်း​နည်း​ကြတယ်။ ဒါပေမဲ့ ယေရှု ထမြောက်​လာတဲ့အခါ သူတို့ရဲ့ ၀မ်း​နည်း​မှု​က ရွှင်လန်းမှု​အဖြစ် ပြောင်းလဲ​သွားတယ်။ သူတို့​အပေါ် သန့်ရှင်းသော​စွမ်းအားတော် သွန်းလောင်း​တဲ့အခါ​လည်း ရွှင်လန်း​ကြတယ်။

တမန်တော်တွေရဲ့ အခြေအနေကို အမျိုးသမီး​တစ်ယောက် မီးဖွားချိန်​နဲ့ ခိုင်းနှိုင်း​ပြီး အခုလို​ပြောတယ်– “အမျိုးသမီး​တစ်ယောက်က မီးဖွား​ချိန်​ရောက်တဲ့အခါ ဝေဒနာ​ခံစား​ရတယ်။ မီးဖွား​ပြီး​ချိန်မှာတော့ ဒီ​လောက​ထဲ လူသား​တစ်ယောက် ဖွားမြင်​လာတဲ့​အတွက် သူ ရွှင်လန်း​အားရ​ပြီး ခံစားခဲ့​ရတဲ့ ဝေဒနာ​ကို မေ့သွား​တတ်တယ်။” ယေရှု​က တမန်တော်တွေကို အားပေးတဲ့​အနေနဲ့ “ခင်ဗျားတို့လည်း အခု​ချိန်မှာ နာကျင်​ခံစား​ရပေမဲ့ ကျွန်တော်​နဲ့ ပြန်တွေ့​ရမှာ​ဖြစ်လို့ ရွှင်လန်း​ရလိမ့်မယ်။ အဲဒီ​ရွှင်လန်းမှု ပျောက်ဆုံး​သွား​အောင် ဘယ်သူမှ လုပ်နိုင်မှာ မဟုတ်ဘူး” လို့​ပြောတယ်။—ယောဟန် ၁၆:၂၁၊ ၂၂

အခု​ချိန်​ထိ တမန်တော်တွေ​ဟာ ယေရှုရဲ့ နာမည်ကို အမှီပြု​ပြီး ဆုမတောင်း​ဖူး​သေး​ဘူး။ ယေရှု​က “အဲဒီ​အချိန်​ရောက်ရင် ခင်ဗျားတို့​က ကျွန်တော့်​နာမည်ကို အမှီပြု​ပြီး အဖ​ဘုရားဆီ အသနားခံ​ကြ​လိမ့်မယ်” လို့​ပြောတယ်။ အဖ​ဘုရားက သူတို့ရဲ့ ဆုတောင်းချက်တွေကို အဖြေ​မပေးချင်လို့ ယေရှုရဲ့ နာမည်ကို အမှီပြု​ပြီး တောင်း​ရတဲ့သဘောလား။ မဟုတ်ပါဘူး။ “ခင်ဗျားတို့​က ကျွန်တော့်ကို ချစ်ခင်​တွယ်တာ​တယ်။ ဘုရားသခင့်​ကိုယ်စားလှယ်​အဖြစ် ကျွန်တော် ရောက်လာတယ်​ဆိုတာကို ယုံကြည်တယ်။ ဒါကြောင့် အဖ​ဘုရားကလည်း ခင်ဗျားတို့ကို ချစ်ခင်​တွယ်တာ​တယ်” လို့​ဆက်ပြောတယ်။—ယောဟန် ၁၆:၂၆၊ ၂၇

ယေရှုရဲ့ အားပေး​စကားတွေကြောင့် တမန်တော်တွေ အားရှိ​လာပြီး “သခင်ဟာ ဘုရားသခင်​ဆီက လာတဲ့​သူပဲ​ဆိုတာ ကျွန်တော်တို့ ယုံတယ်” လို့ အခိုင်အမာ ပြော​ကြတယ်။ မကြာခင်မှာပဲ အဲဒီ​ ယုံကြည်ခြင်း စမ်းသပ်ခံရ​တော့​မယ်။ ရှေ့မှာ ဖြစ်ပျက်​လာမယ့်​အရာနဲ့ ပတ်သက်ပြီး ယေရှု​က “ခင်ဗျားတို့ ကျွန်တော့်ကို တစ်ယောက်တည်း ပစ်ထား​ပြီး ကိုယ့်​အိမ်​ကိုယ် တ​ကွဲ​တ​ပြား ထွက်ပြေး​မယ့်​အချိန် ရောက်တော့​မယ်။ တကယ်တော့ အဲဒီ​အချိန်ဟာ အခုပဲ ရောက်နေပြီ” လို့​ပြောတယ်။ ဒါပေမဲ့ “ကျွန်တော့်​ကြောင့် ခင်ဗျားတို့ ငြိမ်သက်ခြင်း ခံစားရ​အောင် ဒါတွေကို ပြောပြ​နေတာ။ ဒီ​လောကမှာ ခင်ဗျားတို့ ဆင်းရဲဒုက္ခ​ခံရလိမ့်မယ်။ ဒါပေမဲ့ သတ္တိ​ရှိကြ​ပါ။ ဒီ​လောက​ကို ကျွန်တော် အောင်နိုင်ပြီ” လို့ အားပေးတယ်။ (ယောဟန် ၁၆:၃၀-၃၃) သူတို့ကို ယေရှု ပစ်မထား​ပါဘူး။ သူ​တို​ရဲ့ သစ္စာသမာဓိ​ကို ချိုးဖျက်​ဖို့ စာတန်နဲ့ ဒီ​လောက ကြိုးစား​မှာ​ဖြစ်ပေမဲ့ ဘုရား​အလိုတော်ကို သစ္စာရှိ​ရှိ လုပ်ဆောင်ခြင်း​အားဖြင့် သူတို့လည်း လောက​ကို​အောင်နိုင်​မယ်​ဆိုတာ ယေရှု ယုံကြည်​စိတ်ချ​တယ်။