မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၂၅

အန္နတ်ဆီ၊ ဒီနောက် ကယာဖဆီခေါ်သွား

အန္နတ်ဆီ၊ ဒီနောက် ကယာဖဆီခေါ်သွား

မဿဲ ၂၆:၅၇-၆၈ မာကု ၁၄:၅၃-၆၅ လုကာ ၂၂:၅၄၊ ၆၃-၆၅ ယောဟန် ၁၈:၁၃၊ ၁၄၊ ၁၉-၂၄

  • ပုရောဟိတ်မင်း​ဖြစ်ခဲ့ဖူး​သူ အန္နတ်​ဆီ ခေါ်သွား

  • ဂျူး​တရားရုံးချုပ် အဖွဲ့ဝင်​တွေ တရား​မဝင် စစ်ဆေး

ယေရှုကို ရာဇဝတ်သား​တစ်ယောက်လို ချည်နှောင်​ပြီး အန္နတ်​ဆီ ခေါ်သွားတယ်။ ဗိမာန်တော်မှာ လူငယ်​ယေရှုရဲ့ စကား​ကြောင့် ဆရာတွေ တအံ့တသြ ဖြစ်ခဲ့​တုန်း​က အန္နတ်​ဟာ ပုရောဟိတ်မင်း​ဖြစ်တယ်။ (လုကာ ၂:၄၂၊ ၄၇) အန္နတ်​ရဲ့သား​တချို့လည်း နောက်ပိုင်းမှာ ပုရောဟိတ်မင်း​အဖြစ် တာဝန်​ထမ်းဆောင်ခဲ့​ကြတယ်။ အခုတော့ သူ့သားမက် ကယာဖက ဒီ​တာဝန် ထမ်းဆောင်​နေတယ်။

အန္နတ်​ရဲ့​အိမ်မှာ ယေရှု​ရှိနေတုန်း ကယာဖက ဂျူး​တရားရုံးချုပ်​အဖွဲ့ဝင်​တွေကို စုဝေး​ဖို့ အချိန်​ရသွားတယ်။ ဂျူး​တရားရုံးချုပ်​ကို အဖွဲ့ဝင် ၇၁ ယောက်​နဲ့ ဖွဲ့စည်းထား​ပြီး ပုရောဟိတ်​မင်းနဲ့ အရင်တုန်းက ပုရောဟိတ်မင်း ဖြစ်ခဲ့ဖူး​သူတွေ ပါဝင်တယ်။

အန္နတ်က ယေရှုကို “တပည့်​တွေ​အကြောင်း၊ သူ့​သွန်သင်ချက်တွေ​အကြောင်း” မေးမြန်းတယ်။ ယေရှု​က “လူအများရှေ့​မှာ​ ကျွန်တော်​ဟောပြောတယ်။ ဂျူးတွေ​စည်းဝေး​တဲ့ တရားဇရပ်​နဲ့ ဗိမာန်တော်မှာ​လည်း အမြဲ​သွန်သင်​ပေးတယ်။ ပုန်းလျှိုးကွယ်လျှိုး မဟောပြော​ခဲ့ဖူးဘူး။ ဒါကြောင့် ကျွန်တော့်ကို မေး​နေမယ့်​အစား ကျွန်တော်​ဟော​တာ​ကို ကြားနာခဲ့သူ​တွေကို​ပဲ မေးကြည့်ပါ​လား။ ကျွန်တော် ဘာတွေ​ဟောခဲ့​လဲ​ဆိုတာ သူတို့​သိပါတယ်” လို့​ ပြန်ဖြေ​တယ်။—ယောဟန် ၁၈:၁၉-၂၁

ဒီ​အခါ အနားမှာ ရပ်နေတဲ့ အစောင့်​ရဲ​မက်​က “ပုရောဟိတ်ကြီး​ကို မင်း ဒီလို​ခံပြော​ရသလား” ဆိုပြီး ယေရှုကို ပါးရိုက်​လိုက်တယ်။ ယေရှု​ကတော့ ဘာ​အမှား​မှ မ​လုပ်တဲ့​အတွက် “ကျွန်တော်​ပြောတာ မှားနေရင်​လည်း ဘာ​မှားသလဲ​ဆိုတာ သက်သေပြပါ။ အခု မှန်လျက်​သားနဲ့ ကျွန်တော့်ကို ဘာလို့ ရိုက်တာ​လဲ” လို့​ပြန်​ပြောတယ်။ (ယောဟန် ၁၈:၂၂၊ ၂၃) ဒီ​နောက် အန္နတ်က ယေရှုကို သူ့သားမက် ကယာဖ​ဆီ ပို့​လိုက်တယ်။

လက်ရှိ ပုရောဟိတ်မင်း၊ အကြီးအကဲ​တွေ​နဲ့ ကျမ်းတတ်​တွေ​ပါဝင်တဲ့ ဂျူး​တရားရုံးချုပ် အဖွဲ့ဝင်​အားလုံး အခု ကယာဖ​အိမ်မှာ စုဝေး​နေကြ​တယ်။ ပသခါ​ညမှာ အခုလို စစ်ဆေး​မေးမြန်း​တာ တရား​မ၀င်​ဘူး။ ဒါပေမဲ့ သူတို့ရဲ့ ဆိုးညစ်​တဲ့ ရည်ရွယ်ချက်ကို မဖြစ်​မနေ အကောင်အထည် ဖော်​ကြမှာပဲ။

ဂျူး​တရားရုံးချုပ် အဖွဲ့ဝင်​တွေဟာ မျှမျှတတ ဆုံးဖြတ်​သူတွေ မဟုတ်ဘူး။ လာဇရု​ကို အသက်ပြန်ရှင်​အောင် လုပ်ပေး​ပြီး​ကတည်းက ယေရှုကို သတ်ပစ်သင့်တယ်လို့ ဆုံးဖြတ်ထား​ကြ​တာ။ (ယောဟန် ၁၁:၄၇-၅၃) လွန်ခဲ့တဲ့​ရက်​တွေ​တုန်း​က​လည်း ဘာသာရေး​ခေါင်းဆောင်​တွေဟာ ယေရှုကို ဖမ်း​ပြီး သတ်ပစ်ဖို့ တိုင်ပင်​ခဲ့​ကြတယ်။ (မဿဲ ၂၆:၃၊ ၄) တကယ်တော့ ယေရှုကို မ​စစ်ဆေး​ခင်​ကတည်းက သေဒဏ်​ချမှတ်​ပြီးသား​ပဲ။

ပုရောဟိတ်ကြီးတွေ​နဲ့ ကျန်တဲ့​အဖွဲ့ဝင်​တွေ​က တရား​မဝင် စည်းဝေး​တဲ့​အပြင် ယေရှုကို စွဲချက်​တင်​နိုင်အောင် မဟုတ်မမှန် သက်သေ​ထွက်ဆို​မယ့် သူတွေကို ရှာကြတယ်။ သက်သေ အတော်များများ ရှာတွေ့​ပေမဲ့ တစ်ယောက်​တစ်မျိုး ထွက်ဆိုကြတယ်။ နောက်ဆုံးမှာ လူ​နှစ်ယောက်​လာပြီး “‘လူတွေ​တည်ဆောက်တဲ့ ဒီ​ဗိမာန်တော်ကို ဖြိုဖျက်​ပြီး လူတွေ မတည်ဆောက်တဲ့ ဗိမာန်တော်ကို သုံးရက်​တည်း​နဲ့ တည်ဆောက်​ပြမယ်’ လို့ သူ​ပြောခဲ့တာကို ကျုပ်တို့​ကြားတယ်” ဆိုပြီး မမှန်မကန် ထွက်ဆိုကြတယ်။ (မာကု ၁၄:၅၈) ဒါပေမဲ့ ဒီ​စွဲချက်​မှာလည်း သူတို့ရဲ့ စကားတွေက တစ်ယောက်​တစ်မျိုး ဖြစ်နေတယ်။

ကယာဖက “မင်း ဘာမှ ပြန်​မပြောတော့ဘူး​လား။ သူတို့ရဲ့ ထွက်ဆိုချက်​ကို မင်း ဘာ​ပြောမလဲ” လို့​မေးတယ်။ (မာကု ၁၄:၆၀) ယေရှု​က အမျိုးမျိုး​ဖြစ်နေတဲ့ မဟုတ်မမှန် စွပ်စွဲချက်​ကို ကြားပေမဲ့ တစ်ခွန်း​မှ ပြန်​မဖြေ​ဘူး။ ဒီ​အခါ ပုရောဟိတ်မင်း ကယာဖက နည်းဗျူဟာ ပြောင်း​လိုက်တယ်။

ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ဘုရားရဲ့သားလို့ ပြောရင် ဂျူးတွေ သိပ်​စိတ်ဆိုး​မှန်း ကယာဖ သိထားတယ်။ ယေရှု​က ဘုရားကို အဖဘုရားလို့ ခေါ်တုန်းက “မိမိကိုယ်ကို ဘုရား​သခင်နဲ့ တန်းတူ​ဖြစ်အောင် လုပ်​နေ” တယ်လို့ ဂျူးတွေ​စွပ်စွဲ​ပြီး သူ့ကို သတ်ပစ်ချင်ခဲ့တာ။ (ယောဟန် ၅:၁၇၊ ၁၈။ ၁၀:၃၁-၃၉) ကောက်ကျစ်တဲ့​ကယာဖက အဲဒါကို သိထားတော့ “အသက်ရှင်​တဲ့ ဘုရားသခင်ကို တိုင်တည်ပြီး သစ္စာဆိုပါ။ မင်းဟာ ဘုရားသခင်ရဲ့သား ခရစ်တော်ဆိုတာ အမှန်​ပဲ​လား” လို့​ မေးတယ်။ (မဿဲ ၂၆:၆၃) တကယ်တော့ ယေရှု​က သူဟာ ဘုရားရဲ့သား​ဖြစ်မှန်း ဝန်ခံခဲ့​ပြီးပြီ။ (ယောဟန် ၃:၁၈။ ၅:၂၅။ ၁၁:၄) အခုကျမှ ၀န်​မခံ​ဘူးဆိုရင် သူဟာ ဘုရားရဲ့သား၊ ခရစ်တော် မဟုတ်ဘူးလို့ ငြင်းလိုက်တာနဲ့ တူသွားမယ်။ ဒါကြောင့် “ဟုတ်တယ်။ လူသားဟာ တန်ခိုး​ကြီးတဲ့​အရှင်ရဲ့ ညာဘက်မှာ ထိုင်နေတာ၊ မိုးတိမ်​ခြံရံ​ပြီး လာနေတာကို ခင်ဗျားတို့ မြင်ရ​လိမ့်မယ်” လို့​ပြန်ဖြေ​တယ်။—မာကု ၁၄:၆၂

ဒီ​အခါ ကယာဖက ဟန်ပန်​အပြည့်​နဲ့ ကိုယ့်​အဝတ်ကို ဆွဲဆုတ်​ရင်း “ဒီ​လူဟာ ဘုရားကို စော်ကား​ပြောဆို​နေတာ​ပဲ။ ဘာသက်သေ လို​သေးသလဲ။ ဘုရားကို သူ စော်ကား​ပြောဆို​နေတာ ခင်ဗျားတို့ ကြားတယ်​နော်။ ဘယ်လို ထင်ကြသလဲ” လို့​မေးတဲ့အခါ ဂျူး​တရားရုံးချုပ်​အဖွဲ့ဝင်​တွေ​က “ဒီ​လူ သေဒဏ်​ခံထိုက်​တာပေါ့” ဆိုပြီး မတရား စီရင်​ဆုံးဖြတ်​လိုက်ကြတယ်။—မဿဲ ၂၆:၆၅၊ ၆၆

အဲဒီနောက် ယေရှုကို လှောင်ပြောင်​ပြီး လက်သီး​နဲ့ ထိုး​ကြတယ်။ တချို့က ပါး​ရိုက်တယ်၊ မျက်နှာကို တံတွေး​နဲ့ ထွေး​တယ်။ မျက်နှာကို ဖုံး၊ ပါးရိုက်​ပြီး “မင်းကို ဘယ်သူ​ရိုက်သလဲ ဟော​စမ်း​ပါ​ဦး” လို့​ပြော​ကြတယ်။ (လုကာ ၂၂:၆၄) ဘုရားသခင့်သားတော်ဟာ ညဘက် တရား​မ​၀င် စစ်ဆေးချိန်​အတွင်း ဘယ်လောက်တောင် စော်ကား​ခံခဲ့ရသလဲ​ဆိုတာ စဉ်းစားကြည့်ပါ။