မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၂၈

ပိလတ်မင်းနဲ့ဟေရုဒ်မင်း ယေရှုကို အပြစ်ရှာမတွေ့

ပိလတ်မင်းနဲ့ဟေရုဒ်မင်း ယေရှုကို အပြစ်ရှာမတွေ့

မဿဲ ၂၇:၁၂-၁၄၊ ၁၈၊ ၁၉ မာကု ၁၅:၂-၅ လုကာ ၂၃:၄-၁၆ ယောဟန် ၁၈:၃၆-၃၈

  • ပိလတ်မင်း​နဲ့ ဟေရုဒ်​မင်းရဲ့ စစ်ဆေး​မေးမြန်းခြင်း​ခံရ

ယေရှု​က သူ​ဘုရင်​ဖြစ်တယ်ဆိုတာ ပိလတ်မင်းကို မ​ဖုံးကွယ်​ထားဘူး။ ဒါပေမဲ့ သူ့​နိုင်ငံဟာ ရောမတွေကို အန္တရာယ်​ပေးမှာ မဟုတ်ဘူး။ “ကျွန်တော့်​နိုင်ငံဟာ ဒီ​လောက​နဲ့ မပတ်သက်​ဘူး။ ဒီ​လောက​နဲ့ ပတ်သက်​တယ်​ဆိုရင် ကျွန်တော့်ရဲ့ နောက်လိုက်​တွေ​က ဂျူးတွေ​လက်ထဲ ကျွန်တော် မ​ရောက်​သွား​အောင် တိုက်ခိုက်​မှာ​ပဲ။ ကျွန်တော့်​နိုင်ငံဟာ ဒီ​လောက​နဲ့ မသက်ဆိုင်​ဘူး” လို့​ပြောတယ်။ (ယောဟန် ၁၈:၃၆) မှန်ပါတယ်၊ ယေရှုမှာ နိုင်ငံရှိ​ပေမဲ့ အဲဒီ​နိုင်ငံဟာ ဒီ​လောက​နဲ့ မသက်ဆိုင်​ဘူး။

ပိလတ်မင်း​က​လည်း “ဒါဆိုရင် မင်း​က ဘုရင်​လား” လို့​ ဆက်​မေးတော့ ပိလတ်မင်း​ပြောတာ မှန်ကန်ကြောင်း အခုလို​ပြန်ဖြေ​တယ်– “မင်းကြီး​ပြောတာ အမှန်​ပဲ။ ကျွန်တော်ဟာ ဘုရင်​တစ်ပါး​ပါ။ ကျွန်တော်​မွေးဖွားပြီး ဒီ​လောက​ကို ရောက်လာတာ အမှန်တရားကို သက်သေခံဖို့​ပဲ။ အမှန်တရား​ဘက် ရပ်တည်​သူ​တိုင်း ကျွန်တော်​ပြောတာကို နားထောင်ကြ​တယ်။”—ယောဟန် ၁၈:၃၇

အစောပိုင်း​တုန်း​က သောမ​ကို ယေရှု​က “ကျွန်တော်ဟာ လမ်းခရီး​ဖြစ်တယ်။ အမှန်တရား​လည်း ဖြစ်တယ်။ အသက်လည်း ဖြစ်တယ်” လို့ ပြောခဲ့​ပြီးပြီ။ အခု ပိလတ်မင်း​လည်း ယေရှု မြေကြီးပေါ် ရောက်လာ​ရတဲ့ အကြောင်းရင်းကို သိ​သွားပြီ။ အဲဒါကတော့ “အမှန်တရား၊” အထူးသဖြင့် နိုင်ငံတော်​နဲ့ ပတ်သက်တဲ့ အမှန်တရားကို သက်သေခံဖို့​ပဲ။ ယေရှု​က သူ့​အသက်ကို စွန့်​ရမယ်ဆို​ရင်တောင် အဲဒီ​အမှန်တရားကို သစ္စာရှိ​ရှိ ထောက်ခံဖို့ ဆုံးဖြတ်ပြီးသား​ဖြစ်တယ်။ ပိလတ်မင်း​က “အမှန်တရား​ဆိုတာ ဘာလဲ” လို့​မေးပေမဲ့ ဆက်​ရှင်းပြ​မယ့် စကားတွေကို နားမထောင်​တော့​ဘူး။ ဒီလောက်​ဆိုရင် ဒီ​လူကို တရား​စီရင်​ဖို့ လုံလောက်​ပြီလို့ သူ​ယူဆတယ်။—ယောဟန် ၁၄:၆။ ၁၈:၃၈

ဒါကြောင့် နန်းဆောင်​အပြင်ဘက်​မှာ စောင့်နေတဲ့ လူအုပ်​ဆီ ပြန်ထွက်​သွားတယ်။ သူ့​ဘေးမှာ ယေရှု​ရှိနေ​ပုံပဲ။ သူက “ဒီ​လူ့​ဆီမှာ ဘာ​ပြစ်မှု​မှ ငါ​မ​တွေ့​ဘူး” လို့ ပုရောဟိတ်ကြီးတွေ​နဲ့ လူတွေကို ပြောတယ်။ အဲဒီ​ဆုံးဖြတ်ချက်ကို ကြား​တော့ လူအုပ်​က ဒေါသ​ထွက်ပြီး “သူဟာ ဂါလိလဲ​ပြည်​က​အစ ဒီ​နေရာ​အထိ ယုဒပြည်​တစ်လျှောက်လုံးမှာ လူတွေကို သွန်သင်​ပြီး ပြဿနာ​တွေ ဖန်တီး​နေပါ​တယ်” လို့ ထပ်တလဲလဲ ပြော​ကြတယ်။—လုကာ ၂၃:၄၊ ၅

ဂျူးတွေရဲ့ တစ်ယူသန်​ဆန်​လွန်း​တဲ့ သဘောထား​ကြောင့်​ ပိလတ်မင်း အံ့ဩ​သွားတယ်။ ပုရောဟိတ်ကြီးတွေ​နဲ့ အကြီးအကဲ​တွေ ဆက်​အော်ဟစ်​နေတဲ့​အခါ ပိလတ်မင်း​က “မင်းကို ဒီလောက်​စွပ်စွဲ​နေတာ မကြား​ဘူး​လား” ဆိုပြီး ယေရှုကို မေးတယ်။ (မဿဲ ၂၇:၁၃) ယေရှု​ကတော့ ဘာမှ​ပြန်​မပြောဘူး။ ဒီလောက်​ပြင်းထန်တဲ့ စွပ်စွဲချက်တွေ​ကို ကြားရ​ပေမဲ့ ယေရှု တည်တည်ငြိမ်ငြိမ် ရှိတာကို ပိလတ်မင်း အံ့သြ​နေတယ်။

“ဂါလိလဲ​ပြည်​က​အစ” ဆိုပြီး ဂျူးတွေ​ပြောတာကို ပိလတ်မင်း​ကြားလိုက်​တော့ ယေရှုဟာ ဂါလိလဲ​နယ်သား​မှန်း သိသွား​တယ်။ ဒါနဲ့ ယေရှုကို စီရင်ချက်ချ​ရမယ့်​တာဝန်ကို ခေါင်းရှောင်​ဖို့ အကြံ​ရသွားတယ်။ ဂါလိလဲ​နယ်​ကို အုပ်ချုပ်​နေ​သူဟာ ဟေရုဒ်အန္တိပ (မဟာဟေရုဒ်​ရဲ့သား) ဖြစ်ပြီး ပသခါ​ပွဲတော်​အတွက် ဂျေရုဆလင်​ကို ရောက်နေတယ်။ ဒါကြောင့် ပိလတ်မင်း​က ယေရှုကို ဟေရုဒ်​မင်း​ဆီ ပို့​လိုက်တယ်။ နှစ်ခြင်း​ပေးသူ ယောဟန်​ကို ခေါင်းဖြတ်​လိုက်တာ​လည်း ဟေရုဒ်​မင်း​ပဲ။ နောက်ပိုင်းမှာ ယေရှု အံ့ဖွယ်​အမှုတွေ လုပ်တာကို ဟေရုဒ်​မင်း​ကြား​တော့ ယေရှုဟာ သေ​ရာ​ကနေ အသက်ပြန်ရှင်​လာတဲ့ ယောဟန်​ဖြစ်ရမယ်​ဆိုပြီး ထင်နေတာ။—လုကာ ၉:၇-၉

အခု ယေရှုကို​တွေ့ရမယ်​ဆိုတော့ သူ သိပ်​ပျော်​သွားတယ်။ ယေရှုကို ကူညီ​ပေးချင်လို့၊ ယေရှုကို စွပ်စွဲ​ထားတာ​တွေ မှန်​မမှန် သိချင်​လို့​တော့ မဟုတ်ဘူး။ ယေရှုကို တွေ့ချင်​ရုံသက်သက်​ပဲ။ “အံ့ဖွယ်​အမှု​တစ်ခုခု လုပ်ပြ​မယ်လို့လည်း မျှော်လင့်​နေတာ။” (လုကာ ၂၃:၈) ယေရှု​ကတော့ ဟေရုဒ်​မင်း စိတ်​ကျေနပ်​အောင် ဘာမှ​မ​လုပ်ပြ​တဲ့​အပြင် သူ​မေးတဲ့ မေးခွန်းတွေကို​လည်း တစ်ခု​မှ​ပြန်​မဖြေ​ဘူး။ ဟေရုဒ်​မင်းနဲ့ သူ့​စစ်သည်တွေ​လည်း စိတ်ပျက်​သွားပြီး ယေရှုကို “အရှက်ခွဲ​တယ်။” (လုကာ ၂၃:၁၁) တင့်တယ်​တဲ့​အဝတ်ကို ဝတ်​ခိုင်း​ပြီး လှောင်ပြောင်တယ်။ ပြီးနောက် ပိလတ်မင်း​ဆီ ပြန်ပို့​လိုက်တယ်။ အရင်တုန်းက ရန်ဘက်တွေ​ဖြစ်တဲ့ ဟေရုဒ်​မင်းနဲ့ ပိလတ်မင်း​ဟာ အခု ပြန်သင့်မြတ်​သွားကြတယ်။

ယေရှု ပြန်​ရောက်လာတဲ့​အခါ ပိလတ်မင်း​က ပုရောဟိတ်ကြီးတွေ၊ ဂျူး​ခေါင်းဆောင်​တွေ​နဲ့ လူတွေကို ခေါ်ပြီး “မင်းတို့​ရှေ့မှာ သူ့ကို ငါ​စစ်ဆေး​မေးမြန်းပေမဲ့ မင်းတို့ စွဲချက်​တင်​လောက်​တဲ့ အပြစ်​တစ်ခုကို​မှ ငါ​မ​တွေ့​ဘူး။ ဟေရုဒ်မင်းလည်း အပြစ်ရှာ​မ​တွေ့လို့ ငါ​တို့​ဆီ ပြန်ပို့​လိုက်တာပဲ။ ဒီ​လူက သေ​ထိုက်တဲ့​ပြစ်မှု တစ်ခု​မှ မကျူးလွန်​ဘူး။ ဒါကြောင့် သူ့ကို ငါ​ဒဏ်ပေး​ပြီးတော့ ပြန်​လွှတ်လိုက်​မယ်” လို့​ပြောတယ်။—လုကာ ၂၃:၁၄-၁၆

ပုရောဟိတ်တွေ​က မနာလိုစိတ်နဲ့ ယေရှုကို အပ်​လိုက်​မှန်း ပိလတ်မင်း သိ​ထားတာမို့ လွှတ်​ပေးချင်​နေတာ။ လွှတ်​ပေးချင်​ရတဲ့ နောက်​အကြောင်း​တစ်ခု​လည်း ရှိသေးတယ်။ တရား​ခွင်​မှာ ထိုင်​နေတုန်း သူ့​ဇနီးက “ဖြောင့်မတ်တဲ့ ဒီ​လူရဲ့​အမှုမှာ ဝင်​မပါ​နဲ့။ ည​က သူ့ကို အိပ်မက် မက်​တယ် [ဘုရားသခင် အိပ်မက်​ပေးတာ​ဖြစ်]။ အဲဒီ​အိပ်မက်​ကြောင့် ကျွန်မ သိပ်​ကြောက်နေ​တယ်” ဆိုပြီး မှာ​လိုက်လို့​ပဲ။—မဿဲ ၂၇:၁၉

အပြစ်​မရှိတဲ့​ဒီ​လူ လွတ်မြောက်​အောင် ပိလတ် ဘယ်လိုလုပ်​ မလဲ။