မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၃၀

ယေရှုကိုကွပ်မျက်ဖို့အပ်လိုက်

ယေရှုကိုကွပ်မျက်ဖို့အပ်လိုက်

မဿဲ ၂၇:၃၁၊ ၃၂ မာကု ၁၅:၂၀၊ ၂၁ လုကာ ၂၃:၂၄-၃၁ ယောဟန် ၁၉:၆-၁၇

  • ယေရှုကို လွှတ်​ပေးဖို့ ပိလတ်မင်း ကြိုးစား

  • ယေရှုကို ကွပ်မျက်​ဖို့ အပ်​လိုက်

ယေရှုဟာ ရက်ရက်စက်စက် နှိပ်စက်​ခံရပြီး လှောင်ပြောင်​စော်ကား​ခံရတယ်။ သူ့ကို​လွှတ်​ပေးဖို့ ပိလတ်မင်း ကြိုးစားတာ ဘာမှ အရာ​မ​ရောက်​ဘူး။ ပုရောဟိတ်ကြီးတွေ​နဲ့ ကြံရာပါ​တွေ​က ယေရှုကို သတ်ပစ်ချင်​နေတာ။ ဒါကြောင့် “သူ့ကို သစ်တိုင်​ပေါ်​တင်​ပါ။ သစ်တိုင်​ပေါ်​တင်​ပါ” လို့ ဆက်တိုက် အော်​နေကြ​တယ်။ ပိလတ်မင်း​က “သူ့ကို မင်းတို့​ပဲ ခေါ်သွားပြီး ကွပ်မျက်​လိုက်​ကြ။ ငါကတော့ ဘာ​အပြစ်​မှ မ​တွေ့​ဘူး” လို့​ပြန်​ပြောတယ်။—ယောဟန် ၁၉:၆

ဂျူးတွေ​က ယေရှုကို နိုင်ငံရေး​စွဲချက်​နဲ့ သတ်ပစ်​နိုင်ဖို့ ကြိုးစားတာ မအောင်မြင်​တော့ ဘာ​လုပ်သလဲ။ ဘာသာရေး​စွဲချက်​နဲ့ သတ်ပစ်ဖို့ ကြိုးစား​ကြ​ပြန်​ရော။ ဂျူး​တရားရုံးချုပ်​မှာ ယေရှုကို စစ်ဆေး​မေးမြန်း​တုန်း​က ဘုရားကို စော်ကား​ပြောဆိုတယ်​ဆိုတဲ့ စွဲချက်​ကို ဂျူးတွေ အခုလို ပြန်​ပြော​ကြတယ်– “ကျွန်တော်တို့မှာ ဥပဒေ​တစ်ခု​ရှိတယ်။ သူက ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်ရဲ့သားလို့ ပြောတဲ့​အတွက် အဲဒီ​ဥပဒေ​အရ သေ​ထိုက်တယ်။” (ယောဟန် ၁၉:၇) ဒါက ပိလတ်မင်း​အတွက် စွဲချက်​အသစ်​ပဲ။

ဒါနဲ့ ပိလတ်မင်း​က နန်းဆောင်​ထဲ​ပြန်ဝင်​ပြီး ရက်ရက်စက်စက် နှိပ်စက်​ခံ​ထားရတဲ့ ဒီ​လူကို​လွှတ်​ပေးဖို့ နည်းလမ်း​ရှာ​ပြန်တယ်။ သူ့​မိန်းမ​က​လည်း ဒီ​လူ​အကြောင်း အိပ်မက်​မက်​ခဲ့​တာ မဟုတ်လား။ (မဿဲ ၂၇:၁၉) ဂျူးတွေရဲ့ စွဲချက်​အသစ်​က ဘာ​အဓိပ္ပာယ်​ပါလိမ့်။ ဒီ​အကျဉ်းသား​ဟာ “ဘုရားသခင်ရဲ့သား” လား။ သူ ဂါလိလဲ​နယ်သား​ဆိုတာ ပိလတ်မင်း​သိ​တာ​ပဲ။ (လုကာ ၂၃:၅-၇) ဒါကြောင့် “မင်း ဘယ်က​လဲ” လို့​မေးလိုက်တယ်။ (ယောဟန် ၁၉:၉) ယေရှုဟာ တကယ်ပဲ ဘုရားရဲ့သား ဟုတ်မဟုတ်​ဆိုတာ ပိလတ်မင်း စဉ်းစားနေတာ​ဖြစ်မယ်။

ယေရှု​က သူဟာ ဘုရင်​ဖြစ်တယ်၊ ဒါပေမဲ့ သူ့​နိုင်ငံဟာ ဒီ​လောက​နဲ့ မသက်ဆိုင်​ဘူးလို့ ပိလတ်မင်းကို ပြောခဲ့​ပြီးပြီ။ ပြောပြီးသား​အကြောင်းကို ထပ်ပြော​နေစရာ မလို​တော့​တာ​ကြောင့်​ တစ်ခွန်း​မှ ပြန်​မဖြေ​ဘူး။ ဒါက ပိလတ်မင်း​ရဲ့ မာန​ကို ထိပါးသလို​ဖြစ်တဲ့အတွက် သူ​ဒေါသ​ထွက်သွား​ပြီး “ငါ့ကို ပြန်​မဖြေ​ဘူး​လား။ မင်းကို လွှတ်​ပေးပိုင်ခွင့်၊ သစ်တိုင်​ပေါ်​တင်​ပိုင်ခွင့် ငါ့​မှာ​ရှိ​မှန်း မင်း​မသိ​ဘူး​လား” လို့​မေးလိုက်တယ်။—ယောဟန် ၁၉:၁၀

ဒါနဲ့ “ဘုရားသခင်ကသာ အခွင့်မပေး​ရင် ကျွန်တော့်ကို မင်းကြီး ဘာမှ လုပ်ပိုင်ခွင့်​မရှိဘူး။ ဒါကြောင့် ကျွန်တော့်ကို မင်းကြီး​လက်ထဲ အပ်​တဲ့​သူဟာ ပို​အပြစ်ကြီး​ပါတယ်” လို့​ဖြေတယ်။ (ယောဟန် ၁၉:၁၁) ယေရှု​က တစ်ဦးတစ်ယောက်​ကို သတ်သတ်မှတ်မှတ် ရည်ညွှန်း​နေတာ မဖြစ်နိုင်ဘူး။ အဲဒီအစား ကယာဖ၊ သူ့ကြံရာပါ​တွေ​နဲ့ ယုဒရှကာရုတ်​ဟာ ပိလတ်မင်း​ထက် ပို​အပြစ်ကြီး​တယ်လို့ ပြော​နေတာ။

ယေရှုရဲ့ အမူအရာနဲ့ စကားတွေကြောင့် ပိလတ်မင်း လေးစား​သွားတဲ့​အပြင် ယေရှုဟာ ဘုရားသခင်ရဲ့သား ဖြစ်နိုင်တယ်လို့​တွေး​ပြီး ပို​ကြောက်​လာတယ်။ ဒါကြောင့် လွှတ်​ပေးဖို့ ထပ်​ကြိုးစားတယ်။ ဒါပေမဲ့ ဂျူးတွေ​က ပိလတ်မင်း​ကြောက်တဲ့​အရာ နောက်​တစ်ခုကို ဖော်ထုတ်​လိုက်တယ်။ သူတို့က “ဒီ​လူကို​လွှတ်​ပေးရင်​ မင်းကြီး​ဟာ ဆီဇာ​ရဲ့ အဆွေ​တော် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ဘုရင်ပါ​လို့ ပြောသူ​ဟာ ဆီဇာ​ကို ဆန့်ကျင်တဲ့​သူပဲ” ဆိုပြီး အော်ပြော​ကြတယ်။—ယောဟန် ၁၉:၁၂

ဒီ​အခါ ပိလတ်မင်း​က ယေရှုကို နောက်​တစ်ကြိမ် အပြင်​ခေါ်ထုတ်​ပြီး တရား​ခွင်​မှာ ထိုင်​လိုက်တယ်။ ပြီးတော့ “မင်းတို့ရဲ့ ဘုရင်ကို ကြည့်ကြ” လို့​ပြောတယ်။ ဂျူးတွေကတော့ သနား​ညှာတာ​စိတ် လုံးဝ​မရှိဘူး။ “သူ့ကို ရှင်းပစ်​ပါ။ ရှင်းပစ်​ပါ။ သစ်တိုင်​ပေါ် တင်ပါ” လို့​အော်ကြတယ်။ ပိလတ်မင်း​က “မင်းတို့ရဲ့​ဘုရင်ကို ကွပ်မျက်​ရမလား” လို့​မေးတယ်။ ဂျူးတွေဟာ ရောမ​အုပ်ချုပ်မှုကို လုံးဝ​မနှစ်​သက်​ပေမဲ့ ပုရောဟိတ်မင်း​တွေ​က မျက်နှာပြောင်​တိုက်​ပြီး “ကျွန်တော်တို့မှာ ဆီဇာ​က​လွဲလို့ တခြား​ဘုရင် မရှိဘူး” လို့​ဖြေကြတယ်။—ယောဟန် ၁၉:၁၄၊ ၁၅

ပိလတ်မင်း​လည်း ဂျူးတွေ မရပ်မနား တောင်းဆို​နေတာကို ကြောက်​ကြောက်​နဲ့ အလျှော့ပေး​လိုက်ပြီး ယေရှုကို ကွပ်မျက်​ဖို့ အပ်​လိုက်တယ်။ စစ်သားတွေ​က ကြက်သွေးရောင်​ဝတ်ရုံ​ကို ပြန်​ချွတ်ယူ​ပြီး သူ့​အဝတ်ကို ပြန်​ဝတ်​ခိုင်းတယ်။ ယေရှုဟာ သူ့ကို​တင်ပြီးသတ်မယ့် သစ်တိုင်​ကို​ထမ်း​ပြီး ထွက်လာ​တယ်။

အချိန်​ကတော့ နိသန် ၁၄ ရက်၊ သောကြာ​နေ့ မွန်းတည့်​ချိန်​ရောက်တော့​မယ်။ ကြာသပတေး​နေ့ မနက်​ကတည်းက ယေရှု​မအိပ်​ရ​ဘဲ ဒုက္ခ​တစ်ခု​ပြီး​တစ်ခု မချိမဆံ့ ခံစားခဲ့​ရတယ်။ ဒါကြောင့် လေးလံ​တဲ့ သစ်တိုင်​ကို ထမ်း​နေရင်း အားပြတ်​သွားတယ်။ ဒါနဲ့ စစ်သားတွေ​က အာဖရိက​တိုက်၊ ကု​ရေ​နေ​မြို့သား ရှိမုန်​လာ​နေတာ​တွေ့​တော့ သူ့ကို ထမ်း​ခိုင်းတယ်။ လူတွေ​အများကြီး နောက်ကနေ လိုက်​လာကြတယ်။ တချို့က ရင်ဘတ်​ကို​ထု​ပြီး ငိုကြွေး​နေကြ​တယ်။

ငိုကြွေး​နေတဲ့ အမျိုးသမီးတွေကို ယေရှု​က “ဂျေရုဆလင်​မြို့သူ​တို့၊ ကျွန်တော့်​အတွက် မ​ငို​ကြနဲ့​တော့။ ကိုယ်တိုင်နဲ့ သားသမီးတွေ​အတွက်ပဲ ငို​ကြပါ။ ဘာကြောင့်လဲ​ဆိုတော့ ‘မြုံနေ​တဲ့​မိန်းမ​တွေ၊ ကလေး မမွေး​ဖူး​သူ၊ နို့​မ​တိုက်​ဖူး​သူတွေ ပျော်ရွှင်​ချမ်းမြေ့တယ်’ လို့​ပြော​ကြ​မယ့်​အချိန် ရောက်လာတော့မယ်။ အဲဒီအခါ​ကျရင် လူတွေက တောင်တွေကို ‘ငါ​တို့​အပေါ် ပြိုကျ​ပါ၊’ တောင်ကုန်း​တွေကို ‘ငါတို့ကို ဖုံးအုပ်​ပါ’ လို့​ပြော​ကြ​လိမ့်မယ်။ အပင်​စိမ်းစိုနေ​ချိန်မှာ ဒီလို​ဖြစ်နေတယ်​ဆိုရင် ခြောက်သွေ့တဲ့​အခါမှာ ဘယ်လို​ဖြစ်သွား​မလဲ” လို့​ပြောတယ်။—လုကာ ၂၃:၂၈-၃၁

ယေရှု​က ဂျူး​လူမျိုးကို အပင်နဲ့ နှိုင်း​နေတာ။ ဒီ​လူမျိုးဟာ သေတော့မယ့်​အပင်နဲ့ တူတယ်။ ယေရှုနဲ့ ယေရှုကို​ယုံကြည်တဲ့ ဂျူး​အနည်းငယ် ရှိနေတာ​ကြောင့် နည်းနည်း​တော့ စိမ်းစိုနေ​သေးတယ်။ သူတို့သာ မရှိတော့ဘူး​ဆိုရင် ဒီ​လူမျိုးဟာ ခြောက်သွေ့ပြီး သေသွားတဲ့​အပင်​လို ပုံဆောင်သဘော​အရ ခြောက်သွေ့တဲ့ အဖွဲ့အစည်း ဖြစ်သွားလိမ့်မယ်။ ရောမ​စစ်တပ်​က ဘုရားသခင့် တရား​စီရင်ချက်​ကို အကောင်အထည်ဖော်​ပြီး ဒီ​လူမျိုးကို ဖျက်ဆီး​တဲ့အခါ အကြီးအကျယ် ငိုကြွေး​ကြပါလိမ့်မယ်။