မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၃၃

ယေရှုရဲ့အလောင်းကို ပြင်ဆင်ပြီးသင်္ဂြိုဟ်

ယေရှုရဲ့အလောင်းကို ပြင်ဆင်ပြီးသင်္ဂြိုဟ်

မဿဲ ၂၇:၅၇–၂၈:၂ မာကု ၁၅:၄၂–၁၆:၄ လုကာ ၂၃:၅၀–၂၄:၃ ယောဟန် ၁၉:၃၁–၂၀:၁

  • ယေရှုရဲ့​အလောင်းကို သစ်တိုင်​ပေါ်​က ချ

  • ယေရှုရဲ့​အလောင်းကို သင်္ဂြိုဟ်​ဖို့ ပြင်ဆင်

  • ဟာလာဟင်းလင်း​ဖြစ်နေတဲ့ သင်္ချိုင်းဂူ​ကို အမျိုးသမီးတွေ​တွေ့

နိသန် ၁၄ ရက်၊ သောကြာ​နေ့ ညနေစောင်း​နေပြီ။ နေဝင်​တာ​နဲ့ နိသန် ၁၅ ရက်၊ ဥပုသ်​နေ့ စ​တော့​မယ်။ ယေရှု သေဆုံး​နေပြီ၊ ဘေးနား​က ဓားပြ​နှစ်ယောက်​ကတော့ မသေ​သေး​ဘူး။ ပညတ်တရား​အရ “အလောင်းကို သစ်တိုင်​ပေါ်မှာ တစ်ညလုံး မထား​ရ​ဘူး။ အဲဒီ​နေ့မှာပဲ သင်္ဂြိုဟ်​ရမယ်။”—တရားဟောရာ ၂၁:၂၂၊ ၂၃

ဒါ့အပြင် သောကြာ​နေ့ကို အ​ဖိ​တ်​နေ့​လို့​လည်း ခေါ်တယ်။ လူတွေက ဥပုသ်​နေ့​မတိုင်ခင်​မှာ အစားအစာ ပြင်ဆင်​တာ​နဲ့ တခြား လုပ်စရာ​ရှိတာတွေကို ပြီး​အောင် လုပ်ထား​ရမယ်။ နေဝင်​တာ​နဲ့ ဥပုသ်နှစ်​ထပ် ဒါမှမဟုတ် “အထူး​ဥပုသ်​နေ့” စ​တော့​မယ်။ (ယောဟန် ၁၉:၃၁) နိသန် ၁၅ ရက်​ဟာ ခုနစ်​ရက်​ကျင်းပတဲ့ တဆေးမဲ့​မုန့်​ပွဲတော်​ရဲ့ ပထမနေ့​ဖြစ်ပြီး အဲဒီ​ပထမနေ့​ဟာ အမြဲ​ပဲ ဥပုသ်​နေ့​ဖြစ်တယ်။ (ဝတ်ပြုရာ ၂၃:၅၊ ၆) ဒီ​နှစ်မှာ​တော့ အဲဒီ​ပထမနေ့​ဟာ ပတ်စဉ် ဥပုသ်​နေ့​နဲ့​လည်း တစ်ရက်​တည်း ကျနေ​လို့ အထူး​ဥပုသ်​နေ့​ဖြစ်တယ်။

ယေရှုနဲ့ သူ့​ဘေး​က ဓားပြ​နှစ်ယောက်ကို မြန်မြန်​အသက်​ထွက်​အောင် လုပ်ပေးဖို့ ပိလတ်မင်း​ဆီ ဂျူးတွေ ခွင့်တောင်း​ကြတယ်။ ဘယ်လိုလုပ်​မှာ​လဲ။ ခြေထောက်တွေကို ချိုး​လိုက်​မှာ။ သစ်တိုင်တင်​ခံရတဲ့ ရာဇဝတ်သား​တွေဟာ ခြေထောက်ကို တွန်းကန်အား​ယူပြီး အသက်ရှူ​ရတယ်။ ခြေထောက်တွေကို ချိုး​လိုက်မယ်​ဆိုရင် အသက်ရှူ​ဖို့ အဲဒီလို​တွန်းကန်အား ယူ​နိုင်​တော့​မှာ မဟုတ်ဘူး။ ဒါကြောင့် စစ်သည်တွေ ရောက်လာပြီး ဓားပြ​နှစ်ယောက်ရဲ့ ခြေထောက်ကို ချိုး​လိုက်တယ်။ ယေရှု​ကျတော့ သေဆုံး​နေပြီ​ဖြစ်လို့ သူ့​ခြေထောက်ကို မ​ချိုး​တော့​ဘူး။ ဒါက “ဘုရား ကာကွယ်​ပေးတဲ့​အတွက် သူ့​အရိုး​တစ်ချောင်း​မှ မကျိုး​ဘူး” ဆိုတဲ့ ဆာလံ ၃၄:၂၀ ပြည့်စုံတာ​ပဲ။

စစ်သည်​တစ်ယောက်က ယေရှု​သေ​ပြီဆို​တာ သေချာ​အောင် ယေရှုရဲ့​နံဘေး၊ နှလုံး​ရှိတဲ့ နေရာ​နား​ကို လှံ​နဲ့ ထိုး​လိုက်တဲ့အခါ “သွေး​နဲ့​ရေ​တွေ ချက်ချင်း ထွက်လာ​တယ်။” (ယောဟန် ၁၉:၃၄) ဒါကြောင့် “သူတို့က ကိုယ်​ထိုးဖောက်​တဲ့​သူကို ကြည့်ကြ​လိမ့်မယ်” ဆိုတဲ့ နောက်​ကျမ်းချက်​တစ်ချက် ပြည့်စုံ​လာတယ်။—ဇာခရိ ၁၂:၁၀

အရိမသဲ​မြို့သား ယောသပ်​လို့​ခေါ်တဲ့ ဂျူး​တရားရုံးချုပ်​အဖွဲ့ဝင် “သူဌေး​တစ်ယောက်” လည်း ယေရှုကို ကွပ်မျက်​တဲ့​နေရာမှာ ရှိနေတယ်။ (မဿဲ ၂၇:၅၇) သူက “လူကောင်း၊ ဖြောင့်မတ်တဲ့​သူ” ဖြစ်ပြီး “ဘုရားသခင့် နိုင်ငံတော်ကို စောင့်မျှော်နေ​သူပဲ။” “ဂျူးတွေကို​ကြောက်လို့ ယေရှုရဲ့​တပည့်​ဖြစ်မှန်း လူသိမခံရဲတဲ့​သူ” ဖြစ်တယ်။ ယေရှုနဲ့​ပတ်သက်တဲ့ ဂျူး​တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို မထောက်ခံ​ခဲ့​ဘူး။ (လုကာ ၂၃:၅၀။ မာကု ၁၅:၄၃။ ယောဟန် ၁၉:၃၈) အခု ပိလတ်မင်းကို အရဲစွန့်​ဝင်​တွေ့ပြီး ယေရှု​အလောင်းကို တောင်းတယ်။ ပိလတ်မင်း​က တပ်မှူး​ကို ဆင့်ခေါ်ပြီး ယေရှု​သေ​မသေ မေးကြည့်​တယ်။ သေ​ပြီဆို​တာ သိရ​တော့ အလောင်း​ယူ​ခွင့် ပေး​လိုက်တယ်။

ယောသပ်​က သန့်ရှင်းတဲ့ ပိတ်ချော​ကို ဝယ်တယ်။ ယေရှုရဲ့​အလောင်းကို သစ်တိုင်​ပေါ်​က ချပြီး သင်္ဂြိုဟ်​ဖို့ အလောင်းကို ပိတ်ချော​နဲ့ ပတ်ရစ်​လိုက်တယ်။ “အရင်တုန်းက ယေရှုကို ည​အချိန် လာ​တွေ့ဖူး​တဲ့ နိ​ကော​ဒင်​က​လည်း” အလောင်း​ပြင်ဆင်​တဲ့အခါ ကူညီ​ပေးတယ်။ (ယောဟန် ၁၉:၃၉) သူက မုရန်​နဲ့ သစ်​မွှေး​ဆီ ရော​ထားတဲ့ နံ့သာ​ထုပ်​ကို ယူလာ​တယ်။ နံ့သာ​ထုပ်​က ရောမ​ပေါင် တစ်​ရာ (အခုခေတ် ၇၂ ပေါင်) လောက်​ရှိတယ်။ ယေရှုရဲ့ အလောင်းကို ဂျူးတွေရဲ့ ဈာပန​ထုံးစံ​အတိုင်း အမွှေးနံ့သာ​တွေ​ထည့်​ပြီး ပိတ်ထည်​နဲ့ ပတ်ရစ်​လိုက်ကြတယ်။

ယေရှုကို​ကွပ်မျက်​တဲ့ နေရာ​နား​မှာ ယောသပ်​ပိုင်တဲ့ သင်္ချိုင်းဂူ​အသစ်​တစ်ခု ရှိတယ်။ အဲဒီမှာ အလောင်းကို ထည့်​ထား​လိုက်ပြီး​နောက် ကျောက်တုံး​ကြီး​ကို​လှိမ့်​ပြီး ဂူ​ဝ​ကို ပိတ်​လိုက်တယ်။ ဥပုသ်​နေ့​မစ​ခင် အဲဒါတွေကို အမြန်​လုပ်​ရတယ်။ မာဂဒလမာရိ​နဲ့ ယာကုပ်​ငယ်​ရဲ့​အမေ မာရိ​တို့​လည်း အလောင်း​ပြင်ဆင်​ရာ​မှာ ကူညီ​ပေးတာ​ဖြစ်မယ်။ အခု သူတို့က “အမွှေးနံ့သာ​နဲ့ ဆီမွှေး​ကို ပြင်ဆင်​ဖို့” မြန်မြန် အိမ်​ပြန်​သွားတယ်။ ဥပုသ်​နေ့​ပြီးတဲ့အခါ အလောင်းကို ထပ်​လိမ်းကျံ​ပြင်ဆင်​ဖို့ ဖြစ်တယ်။—လုကာ ၂၃:၅၆

နောက်​တစ်နေ့ ဥပုသ်​နေ့မှာ ပုရောဟိတ်ကြီးတွေ​နဲ့ ဖာရိရှဲတွေက ပိလတ်မင်း​ဆီ​သွားပြီး “အဲဒီ​လူလိမ် မသေ​ခင်​တုန်း​က ‘သုံးရက်​ကြာရင် ငါ အသက်ပြန်ရှင်​လာမယ်’ လို့​ပြောခဲ့တာကို ကျွန်တော်တို့​ မှတ်မိပါတယ်။ ဒါကြောင့် သင်္ချိုင်းဂူ​ကို သုံးရက်​အထိ အစောင့်​ချထား​ဖို့ အမိန့်ပေး​လိုက်ပါ။ အဲလို​မှ​မဟုတ်​ရင် သူ့​တပည့်​တွေ အလောင်းကို လာ​ခိုး​ပြီး ‘သူ သေ​ရာ​ကနေ အသက်ပြန်ရှင်​လာပြီ’ လို့ လျှောက်​ပြော​ကြ​လိမ့်မယ်။ အဲလိုသာ​ဆိုရင် အဲဒီ​လှည့်စားမှု​ဟာ အရင်​လှည့်စားမှု​ထက် ပို​ဆိုး​မှာပါ” လို့ ပြော​ကြတယ်။ အဲဒီအခါ ပိလတ်မင်း​က “အစောင့်​စစ်သည်တွေ ရှိသား​ပဲ။ အတတ်နိုင်ဆုံး စောင့်ကြပ်​ခိုင်း​လိုက်” လို့​အမိန့်​ပေး​လိုက်တယ်။—မဿဲ ၂၇:၆၃-၆၅

တနင်္ဂနွေ​နေ့ မနက်စောစော​မှာ မာဂဒလမာရိ၊ ယာကုပ်ရဲ့​မိခင် မာရိ​နဲ့ တခြား​အမျိုးသမီးတွေ​က အလောင်းကို လိမ်းကျံ​ဖို့ အမွှေးနံ့သာ​တွေ​ယူပြီး သင်္ချိုင်းဂူ​ကို လာကြတယ်။ သူတို့က “သင်္ချိုင်းဂူ​ဝ​မှာ​ရှိတဲ့ ကျောက်တုံး​ကို ဘယ်သူ လှိမ့်​ပေးမှာ​လဲ” လို့ အချင်းချင်း ပြော​နေကြ​တယ်။ (မာကု ၁၆:၃) ဒါပေမဲ့ အကြီးအကျယ် ငလျင်​လှုပ်​လာတယ်။ ဒါ့အပြင် ယေဟောဝါရဲ့ ကောင်းကင်တမန်​က ကျောက်တုံး​ကြီး​ကို လှိမ့်ဖယ်​လိုက်တယ်။ အစောင့်​တွေ​လည်း မရှိတော့ဘူး။ သင်္ချိုင်းဂူ​လည်း ဟာလာဟင်းလင်း ဖြစ်နေတယ်။