မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၃၄

ယေရှု ရှင်ပြန်ထမြောက်ပြီ

ယေရှု ရှင်ပြန်ထမြောက်ပြီ

မဿဲ ၂၈:၃-၁၅ မာကု ၁၆:၅-၈ လုကာ ၂၄:၄-၁၂ ယောဟန် ၂၀:၂-၁၈

  • ယေရှု ရှင်ပြန်ထမြောက်​ပြီ

  • ယေရှုရဲ့ သင်္ချိုင်းဂူ​မှာ တွေ့ရတဲ့ အရာများ

  • အမျိုးသမီးတွေကို ကိုယ်ယောင်​ထင်ရှားပြ

ဟာလာဟင်းလင်း​ဖြစ်နေတဲ့ သင်္ချိုင်းဂူ​ကို အမျိုးသမီးတွေ တွေ့​လိုက်​တဲ့အခါ ဘယ်လောက်တောင် လန့်​သွားကြမလဲ​ဆိုတာ စဉ်းစား​ကြည့်​ပါ။ ဒါနဲ့ မာဂဒလမာရိ​က “ရှိမုန်​ပေတရုနဲ့ ယေရှု​ချစ်တဲ့ တပည့်” တမန်တော်​ယောဟန်ဆီ ပြေး​သွားတယ်။ (ယောဟန်​ ၂၀:၂) တခြား​ အမျိုးသမီးတွေ​ကတော့ သင်္ချိုင်းဂူ​မှာ ကောင်းကင်​တမန်​တစ်ပါး​ကို  တွေ့​လိုက်ရတယ်။  သင်္ချိုင်းဂူ​ထဲမှာ​လည်း “ဝတ်​လုံ​ဖြူ ဝတ်ဆင်​ထားတဲ့” ကောင်းကင်တမန်​နောက်​တစ်ပါး ရှိနေတယ်။—မာကု ၁၆:၅

ကောင်းကင်တမန်​က အမျိုးသမီးတွေကို “မကြောက်ပါနဲ့။ သစ်တိုင်​ပေါ်မှာ ကွပ်မျက်​ခံရတဲ့ ယေရှုကို ခင်ဗျားတို့ ရှာနေ​မှန်း ကျွန်တော်​သိတယ်။ သူ ဒီ​နေရာမှာ မရှိဘူး။ သူ​ပြောခဲ့တဲ့​အတိုင်းပဲ အသက်ပြန်ရှင်​လာပြီ။ အလောင်း​ထားတဲ့ နေရာကို လာ​ကြည့်ပါ။ ‘သူ သေ​ရာ​ကနေ အသက်ပြန်ရှင်​လာပြီ။ ဂါလိလဲ​နယ်​ကို အရင်​သွား​နှင့်​ပြီ။ အဲဒီမှာ သူ့ကို တွေ့​ရလိမ့်မယ်’ ဆိုပြီး တပည့်​တွေကို အမြန်​သွား​ပြောလိုက်” လို့​ပြောတယ်။ (မဿဲ ၂၈:၅-၇) အမျိုးသမီးတွေ​လည်း “စိတ်လှုပ်ရှား​လွန်း​တော့ ကတုန်ကယင်​ဖြစ်ပြီး” တပည့်​တွေကို သွား​ပြောဖို့ သင်္ချိုင်းဂူ​ထဲ​ကနေ ထွက်ပြေး​သွားကြတယ်။—မာကု ၁၆:၈၊။

ဒီ​အချိန်မှာ မာရိ​ကတော့ ပေတရုနဲ့ ယောဟန်​ကို တွေ့တယ်။ သူက အသက်​တောင် မ​ရှူ​နိုင်​ဘဲ “သခင့်​ကို သင်္ချိုင်းဂူ​ထဲ​ကနေ ယူသွား​ကြပြီ။ ဘယ်မှာ​ထား​လိုက်​မှန်း မသိ​ဘူး” လို့​ပြောတယ်။ (ယောဟန် ၂၀:၂) ပေတရုနဲ့ ယောဟန်လည်း သင်္ချိုင်းဂူ​ရှိရာ​ကို ပြေး​သွားတယ်။ ယောဟန်​က ပို​အ​ပြေး​မြန်​လို့ အရင်​ရောက်​သွားတယ်။ ဂူ​ထဲ​ကို ကိုင်း​ပြီး ကြည့်လိုက်တဲ့​အခါ ပိတ်ထည်​တွေကို​ပဲ တွေ့တယ်။ အထဲ​ကို​တော့ မဝင်​ဘူး။

အဲဒီနောက် ပေတရု​ရောက်လာပြီး သင်္ချိုင်းဂူ​ထဲ ဝင်ကြည့်​တဲ့အခါ ပိတ်ချောထည်​တွေ​နဲ့ ယေရှုရဲ့​ခေါင်းကို​ပတ်​တဲ့ ပိတ်စ​ကို တွေ့တယ်။ ယောဟန်လည်း ဂူ​ထဲ​ကို ဝင်ကြည့်​လိုက်​တော့​မှ မာရိ​ပြောတာကို ယုံ​သွားတယ်။ ယေရှု​က သူ​သေ​ရာ​ကနေ ပြန်ထ​မြောက်​မယ်​ဆိုပြီး အစောပိုင်း​တုန်း​က ပြောခဲ့​ပေမဲ့ အဲဒီ​စကားကို သူတို့ နားမလည်​သေး​ဘူး။ (မဿဲ ၁၆:၂၁) ဒါကြောင့် စိတ်ရှုပ်​ရှုပ်​နဲ့ အိမ်ကို ပြန်သွား​ကြတယ်။ သင်္ချိုင်းဂူ​ကို လိုက်​လာတဲ့ မာရိ​ကတော့ ဂူ​အပြင်မှာ ကျန်ရစ်​ခဲ့​တယ်။

ဒီ​အချိန်မှာ တခြား​အမျိုးသမီးတွေ​က ယေရှု​ထမြောက်​ပြီဆို​တာ တပည့်​တွေကို ပြောပြဖို့ ပြေး​သွားကြတယ်။ သွား​နေတုန်း ယေရှု​က သူတို့နဲ့​တွေ့ပြီး “မင်္ဂလာပါ” လို့​နှုတ်ဆက်​တယ်။ သူတို့လည်း ယေရှုရဲ့​ခြေရင်းနားမှာ “ဦးညွှတ်​ကြတယ်။” ယေရှု​က “မကြောက်ပါနဲ့။ ဂါလိလဲ​နယ်​ကို​သွားဖို့ ကျွန်တော့်​ညီအစ်ကိုတွေကို ပြောလိုက်ပါ။ အဲဒီမှာ ကျွန်တော့်ကို တွေ့​ရလိမ့်မယ်” လို့​ပြောတယ်။—မဿဲ ၂၈:၉၊ ၁၀

ခု​န​တုန်း​က ငလျင်​လှုပ်​ပြီး ကောင်းကင်တမန်တွေ ပေါ်လာတဲ့​အခါ သင်္ချိုင်းဂူ​မှာ စောင့်ကြပ်​နေတဲ့ စစ်သည်တွေ “ကြောက်ဒူးတုန်​ပြီး ကြက်သေသေ​နေကြ​တယ်။” သူတို့ သတိ​ပြန်​ရတဲ့အခါ မြို့ထဲ​ဝင်​ပြီး “ပုရောဟိတ်ကြီးတွေ​ကို ဖြစ်ကြောင်းကုန်စင် ပြောပြတယ်။” ပုရောဟိတ်ကြီးတွေက အကြီးအကဲ​တွေ​နဲ့ တိုင်ပင်​ပြီးနောက် စစ်သည်တွေ​ကို ငွေ​ပေးပြီး အဖြစ်မှန်​ကို ဖုံးကွယ်​ဖို့ ဆုံးဖြတ်​လိုက်ကြတယ်။ “ညမှာ ကျွန်တော်တို့ အိပ်ပျော်​နေတုန်း သူ့​တပည့်​တွေ အလောင်းကို လာ​ခိုး​သွားတယ်” လို့ စစ်သည်တွေ​ကို ပြော​ခိုင်း​လိုက်တယ်။—မဿဲ ၂၈:၄၊ ၁၁၊ ၁၃

ရောမ​စစ်သားတွေဟာ တာဝန်​ချိန်​အတွင်း အိပ်ပျော်​နေမယ်​ဆိုရင် သေဒဏ်​စီရင်ခံ​ရနိုင်တယ်။ ဒါကြောင့် ပုရောဟိတ်တွေ​က “ဒီသတင်း [သူတို့​အိပ်ပျော်နေတယ်​လို့ လိမ်ပြော​တာ] ဘုရင်ခံ​နား​ထဲ ပေါက်​ကြား​သွား​ရင် မင်းတို့ အမှု​မ​ပတ်​အောင် ကျုပ်တို့ ကြည့်​ပြောပေး​မယ်” လို့ ကတိ​ပေးတယ်။ (မဿဲ ၂၈:၁၄) စစ်သည်တွေ​လည်း ငွေကို​ယူပြီး ပုရောဟိတ်တွေ မှာ​ထားတဲ့​အတိုင်း ပြော​ကြတယ်။ ဒါကြောင့် ယေရှုရဲ့​အလောင်း အ​ခိုး​ခံရတယ်​ဆိုတဲ့ မဟုတ်မမှန်သတင်း ဂျူးတွေ​အလယ်မှာ ပျံ့သွား​တယ်။

သင်္ချိုင်းဂူ​မှာ ကျန်ရစ်​ခဲ့​တဲ့ မာဂဒလမာရိ​ကတော့ ဝမ်းနည်း​တကြီး ငို​နေရင်း ဂူ​ထဲ​ကို ကိုင်း​ပြီး ကြည့်လိုက်တဲ့​အခါ ဝတ်လုံ​ဖြူ​ဝတ်​ထားတဲ့ ကောင်းကင်တမန်​နှစ်ပါး​ကို တွေ့​လိုက်တယ်။ အလောင်း​ထားတဲ့ နေရာမှာ ခေါင်းရင်း တစ်ယောက်၊ ခြေရင်း တစ်ယောက် ထိုင်​နေကြတာ။ သူတို့က “ဘာလို့ ငို​နေတာလဲ” ဆိုပြီး​မေးတော့ မာရိ​က “ကျွန်မရဲ့သခင်​ကို တစ်ယောက်ယောက် ယူသွား​လိုက်ပြီ။ ဘယ်မှာ​ထားမှန်း မသိ​ဘူး” လို့​ဖြေတယ်။ အဲဒီလို​ဖြေပြီး နောက်ကို လှည့်ကြည့်​တဲ့အခါ လူတစ်ယောက်ကို မြင်တယ်။ အဲဒီ​လူက​လည်း ကောင်းကင်တမန်တွေ မေးတဲ့​အတိုင်း “ဘာလို့ ငို​နေတာလဲ။ ဘယ်သူ့ကို ရှာနေတာလဲ” လို့​မေးတယ်။ မာရိ​က သူ့ကို ဥယျာဉ်စောင့်​အထင်နဲ့ “ဆရာ၊ အလောင်းကို ယူသွား​တယ်​ဆိုရင် ဘယ်မှာ​ထားသလဲ ပြောပြပါ။ ကျွန်မ ယူသွား​မယ်” လို့​ပြောတယ်။—ယောဟန် ၂၀:၁၃-၁၅

တကယ်တော့ မာရိ​က ရှင်ပြန်ထမြောက်​လာတဲ့ ယေရှုနဲ့ စကားပြော​နေတာ။ ဒါပေမဲ့ ယေရှု​မှန်း မသိ​ဘူး။ ယေရှု​က “မာရိ” လို့​လည်း ခေါ်​လိုက်​ရော ရင်းနှီး​နေတဲ့ လေသံ​ကို မာရိ ချက်ချင်း မှတ်မိ​သွားပြီး “ရ​ဗ္ဗုနိ” (​အဓိပ္ပာယ် “ဆရာ”) လို့ ဝမ်းသာ​အားရ ထူး​လိုက်တယ်။ ပြီးတော့ ယေရှု ကောင်းကင်​တက်​သွားမှာ​စိုးလို့ အတင်း​ဆွဲ​ထားတယ်။ ဒါကြောင့် ယေရှု​က “ကျွန်တော့်ကို မ​ဆွဲ​ထား​နဲ့။ အဖ​ဘုရားဆီ ကျွန်တော် မသွား​သေး​ဘူး။ အခု၊ ညီအစ်ကို​တွေ​ဆီ​သွားပြီး ‘ကျွန်တော့်​အဖ​ဖြစ်တဲ့ ခင်ဗျားတို့ရဲ့​အဖ၊ ကျွန်တော့်​ဘုရားသခင်​ဖြစ်တဲ့ ခင်ဗျားတို့ရဲ့ ဘုရားသခင်​ဆီ ကျွန်တော် သွား​ရတော့မယ်’ လို့​ပြောပေးပါ” ဆိုပြီး​မှာတယ်။​—ယောဟန် ၂၀:၁၆၊ ၁၇

မာရိလည်း တမန်တော်တွေ​နဲ့ တပည့်​တွေ စုဝေး​တဲ့​နေရာကို ပြေး​သွားပြီး “သခင့်​ကို ကျွန်မ တွေ့​လိုက်တယ်” လို့​ပြောတယ်။ (ယောဟန် ၂၀:၁၈) တခြား​အမျိုးသမီးတွေ ပြောတဲ့​စကား​အပြင် အခု မာရိ​ပြောတဲ့​စကားကိုလည်း ထပ်​ကြားရ​ပေမဲ့ “ယုတ္တိမရှိ​ပုံ​ပေါက်​နေ​တော့ သူတို့ မယုံကြဘူး။”—လုကာ ၂၄:၁၁