အခန်း ၁၃၆
ဂါလိလဲအိုင်ကမ်းစပ်မှာ ကိုယ်ယောင်ထင်ရှားပြ
-
ဂါလိလဲအိုင်မှာ ကိုယ်ယောင်ထင်ရှားပြ
-
ပေတရုနဲ့ ကျန်တဲ့တမန်တော်တွေ သိုးတွေကို ကျွေးမွေးရမယ်
တမန်တော်တွေနဲ့ နောက်ဆုံးရှိခဲ့တဲ့ ညမှာ ယေရှုက “ကျွန်တော် သေရာကနေ အသက် ပြန်ရှင်လာတဲ့အခါ ဂါလိလဲနယ်ကို ခင်ဗျားတို့ထက်အရင် သွားနှင့်မယ်” လို့ပြောခဲ့တယ်။ (မဿဲ ၂၆:၃၂။ ၂၈:၇၊ ၁၀) ဒါကြောင့် အခု တပည့်အများကြီး ဂါလိလဲနယ်ကို သွားနေတယ်။ အဲဒီမှာ သူတို့ ဘာလုပ်ကြမလဲ။
အဲဒီကိုရောက်ပြီး သိပ်မကြာခင်မှာ ပေတရုက တမန်တော် ခြောက်ယောက်ကို “ငါးဖမ်းထွက်မယ်” လို့ပြောတော့ “ငါတို့လည်း လိုက်မယ်” ဆိုပြီး ပြောကြတယ်။ (ယောဟန် ၂၁:၃) တစ်ညလုံး ငါးဖမ်းပေမဲ့ တစ်ကောင်မှ မရဘူး။ မိုးလင်းခါနီးတော့ ကမ်းစပ်မှာ ယေရှု ရပ်နေတာကို တွေ့ကြတယ်။ ဒါပေမဲ့ ယေရှုမှန်း မသိကြဘူး။ ယေရှုက “ချစ်သားတို့၊ စားစရာတစ်ခုခု ရှိသလား” ဆိုပြီး မေးတဲ့အခါ “မရှိဘူး” လို့ဖြေကြတယ်။ ဒါနဲ့ “လှေရဲ့ညာဘက်မှာ ပိုက်ကွန်ချလိုက်ပါ။ ငါးတွေရလိမ့်မယ်” လို့ပြောတယ်။ (ယောဟန် ၂၁:၅၊ ၆) ဒီအခါ ပိုက်ကိုတောင် မဆွဲတင်နိုင်လောက်အောင် ငါးတွေအများကြီး ဖမ်းမိတယ်။
ယောဟန်က “ဒါ သခင်ပဲ” လို့ ပေတရုကို ပြောတယ်။ (ယောဟန် ၂၁:၇) ပေတရုလည်း အင်္ကျီ အမြန်ကောက်ဝတ်၊ ရေထဲ ခုန်ဆင်းလိုက်ပြီး ကိုက်တစ်ရာလောက်ဝေးတဲ့ ကမ်းစပ်ကို ရေကူးသွားတယ်။ လှေထဲမှာရှိတဲ့ သူတွေကတော့ ငါးတွေအပြည့်ပါတဲ့ ပိုက်ကွန်ကိုဆွဲရင်း ကမ်းကပ်လာကြတယ်။
ကမ်းပေါ်ရောက်တော့ “မီးသွေးမီးပုံပေါ် ကင်ထားတဲ့ ငါးတွေနဲ့ မုန့်ကို” တွေ့တယ်။ ယေရှုက “ဖမ်းလာတဲ့ ငါးတချို့ ယူလာခဲ့” လို့ပြောတာနဲ့ ပေတရုလည်း ငါးကြီး ၁၅၃ ကောင်ပါတဲ့ ပိုက်ကွန်ကို ကုန်းပေါ်ဆွဲတင်လိုက်တယ်။ ယေရှုက “မနက်စာ လာစားကြ” လို့ခေါ်တယ်။ ယေရှုပဲဆိုတာ သိနေတဲ့အတွက် “ခင်ဗျား ဘယ်သူလဲ” ဆိုပြီး တပည့်တစ်ယောက်မှ မမေးရဲဘူး။ (ယောဟန် ၂၁:၁၀-၁၂) တပည့်အုပ်စုလိုက်ရှေ့မှာ ကိုယ်ယောင်ထင်ရှားပြတာ အခုနဲ့ဆို သုံးကြိမ်ရှိပြီ။
ယေရှုက တပည့်တွေကို မုန့်နဲ့ငါး ဝေပေးတယ်။ ပြီးနောက် ဖမ်းလာတဲ့ ငါးတွေကို ကြည့်ရင်း “ယောဟန်ရဲ့သား ရှိမုန်၊ ဒီဟာတွေထက် ကျွန်တော့်ကို ပိုချစ်သလား” လို့မေးတယ်။ ယေရှုလုပ်စေချင်တဲ့ အလုပ်ထက် ငါးဖမ်းလုပ်ငန်းကို ပေတရု ပိုတွယ်တာနေလို့လား။ ပေတရုက “ချစ်တာပေါ့။ ကျွန်တော်ချစ်မှန်း သခင်သိပါတယ်” လို့ဖြေတဲ့အခါ “ကျွန်တော့်သိုးသငယ်တွေကို ကျွေးမွေးပါ” လို့မှာတယ်။—ယောဟန် ၂၁:၁၅။
ယေရှုက “ယောဟန်ရဲ့သား ရှိမုန်၊ ကျွန်တော့်ကို ချစ်သလား” လို့ထပ်မေးတယ်။ ပေတရုလည်း စိတ်ရှုပ်သွားပုံပဲ။ ဒါနဲ့ “ချစ်တာပေါ့။ ကျွန်တော်ချစ်မှန်း သခင်သိပါတယ်” လို့ ချက်ချင်းဖြေတော့ “ကျွန်တော့်သိုးကလေးတွေကို ထိန်းပါ” လို့ထပ်မှာတယ်။—ယောဟန် ၂၁:၁၆။
ဒီနောက် “ယောဟန်ရဲ့သား ရှိမုန်၊ ကျွန်တော့်ကို ချစ်သလား” လို့ တတိယအကြိမ် မေးတယ်။ ပေတရုလည်း သူ့ရဲ့ သစ္စာရှိမှုကို ယေရှု သံသယဝင်နေတယ်လို့ ထင်သွားပြီး “သခင်၊ သခင်ဟာ အရာခပ်သိမ်းကို သိပါတယ်။ သခင့်ကို ကျွန်တော်ချစ်မှန်းလည်း သိပါတယ်” လို့ ပြတ်ပြတ်သားသား ဖြေတယ်။ ဒီအခါ ပေတရု လုပ်ရမယ့်အရာနဲ့ ပတ်သက်ပြီး “ကျွန်တော့်ရဲ့ သိုးကလေးတွေကို ကျွေးမွေးပါ” လို့ ထပ်အလေးပေး ပြောတယ်။ (ယောဟန် ၂၁:၁၇) မှန်ပါတယ်၊ သိုးတော်စုကို ဦးဆောင်နေသူတွေဟာ ဘုရားသခင့်သိုးခြံထဲ ရောက်လာသူတွေကို ကျွေးမွေးစောင့်ရှောက်ဖို့ တာ၀န်ရှိတယ်။
ယေရှုဟာ ဘုရားစေခိုင်းတဲ့ အလုပ်ကို လုပ်တဲ့အတွက် အဖမ်းခံရပြီး အသတ်ခံခဲ့ရတယ်။ ပေတရုလည်း အဲဒီလိုအဖြစ်မျိုး ကြုံရမယ်ဆိုတာ အခုလို ပြောတယ်– “ခင်ဗျားဟာ ငယ်တုန်းမှာ ကိုယ့်ဘာသာကိုယ် အဝတ်ဝတ်ပြီး သွားချင်တဲ့နေရာကို သွားတတ်တယ်။ အသက်ကြီးလာရင်တော့ ကိုယ့်လက်နှစ်ဖက်ကို ဆန့်ပြီး တခြားသူက ဝတ်ပေးလိမ့်မယ်၊ ကိုယ်မသွားချင်တဲ့ နေရာကို ခေါ်သွားလိမ့်မယ်။” ဒါပေမဲ့ “ကျွန်တော့်နောက် ဆက်ပြီးလိုက်ပါ” လို့ ပေတရုကို အားပေးတယ်။—ယောဟန် ၂၁:၁၈၊ ၁၉။
တမန်တော်ယောဟန်ကို ပေတရု မြင်တော့ “သခင်၊ သူကျတော့ကော” ဆိုပြီး မေးတယ်။ ယေရှုရဲ့အချစ်ဆုံး တမန်တော်အတွက်ကော ဘယ်အနာဂတ် စောင့်ကြိုနေသလဲ။ ယေရှုက “ကျွန်တော်လာတဲ့အချိန်ထိ သူ့ကို အသက်ရှင်စေချင်တယ်ဆိုရင်လည်း ခင်ဗျားနဲ့ ဘာမှမဆိုင်ပါဘူး” လို့ပြောတယ်။ (ယောဟန် ၂၁:၂၁-၂၃) ပေတရုအနေနဲ့ တခြားသူတွေရဲ့ကိစ္စကို စိုးရိမ်ဖို့ မလိုဘူး။ ယေရှုနောက်ကိုပဲ ဆက်လိုက်နေရမှာ ဖြစ်တယ်။ ယောဟန်ကတော့ တခြားတမန်တော်တွေထက် အသက်ရှည်ရှည် နေရမယ်၊ နိုင်ငံတော်အာဏာနဲ့ ယေရှုရောက်လာတဲ့ စိတ်အာရုံကို မြင်ရမယ်လို့ ယေရှုပြောနေတာ။
ယေရှု လုပ်ခဲ့တာတွေ အများကြီး ရှိပါသေးတယ်။ အဲဒါတွေ အားလုံးကိုသာ ရေးမယ်ဆိုရင် ကျမ်းလိပ်အများကြီးတောင် လောက်မယ်မထင်ဘူး။