မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၃၈

ဘုရားသခင့်လက်ယာတော်ဘက်မှာရှိနေတဲ့ ခရစ်တော်

ဘုရားသခင့်လက်ယာတော်ဘက်မှာရှိနေတဲ့ ခရစ်တော်

တမန်တော် ၇:၅၆

  • ဘုရားသခင်ရဲ့ ညာဘက်မှာ ထိုင်​နေ

  • ရှောလု တပည့်ဖြစ်​လာ

  • ရွှင်လန်း​ဝမ်းမြောက်​ဖို့ အကြောင်းကောင်း​ရှိ

ယေရှု ကောင်းကင်​တက်​သွားပြီး ဆယ်ရက်​အကြာ ပင်တေကုတ္တေပွဲ​နေ့မှာ သန့်ရှင်းသော​စွမ်းအားတော် သွန်းလောင်းခြင်း​က သူ​ကောင်းကင်မှာ​ရှိ​မှန်း သက်သေထူ​တယ်။ နောက်​တစ်ချက်​က​လည်း သက်သေထူ​တယ်။ တပည့်ဖြစ်​သူ သတေဖန်ဟာ ယေရှု​အကြောင်း သစ္စာရှိ​ရှိ သက်သေခံ​တာ​ကြောင့် ကျောက်ခဲ​နဲ့ ပေါက်သတ် မခံရ​ခင်​လေးမှာ “ကောင်းကင်​ပွင့်​လာတာ၊ ဘုရားသခင်ရဲ့ ညာဘက်မှာ လူသား​ရပ်နေ​တာ​ကို ကျွန်တော်​မြင်တယ်” လို့​ပြောတယ်။—တမန်တော် ၇:၅၆

ယေရှုဟာ ကောင်းကင်မှာ အဖဘုရား​နဲ့​အတူ ရှိနေပြီ​ဖြစ်ပေမဲ့ ကျမ်းစာမှာ ကြိုပြော​ထားတဲ့ အမိန့်​တစ်ခုကို စောင့်​ရဦးမယ်။ စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ဘုရင်​ဒါဝိဒ် အခုလို ရေးခဲ့တယ်– “ယေဟောဝါ​က ‘ရန်သူတွေကို မင်းရဲ့​ခြေအောက်​မှာ မချခင်​အထိ ငါ့​ညာဘက်မှာ ထိုင်​နေပါ’ လို့ ငါ့သခင် [ယေရှု] ကို​ပြောတယ်။” စောင့်​ရတဲ့ အချိန်​စေ့​သွားတဲ့​အခါမှာ​တော့ ယေရှု​က “[သူ့] ရန်သူတွေ​အလယ်မှာ သွား​အုပ်စိုး” မှာ​ဖြစ်တယ်။ (ဆာလံ ၁၁၀:၁၊ ၂) ဒါပေမဲ့ ရန်သူတွေကို အရေးယူ​ဖို့ စောင့်နေ​တုန်း​မှာ ကောင်းကင်​ကနေ ယေရှု ဘာလုပ်မလဲ။

အေဒီ ၃၃၊ ပင်တေကုတ္တေပွဲ​နေ့မှာ ခရစ်ယာန်​အသင်းတော်ကို စတင်​တည်ထောင်​တယ်။ အဲဒီ​အချိန်​က​စပြီး ယေရှုဟာ စွမ်းအားတော်​နဲ့ ဘိသိက်ပေး​ခံရတဲ့ တပည့်​တွေကို ကောင်းကင်​ကနေ အုပ်ချုပ်​တယ်။ (ကောလောသဲ ၁:၁၃) သူတို့ရဲ့ ဟောပြောခြင်း​လုပ်ငန်းကို လမ်းညွှန်​ပေးတဲ့​အပြင် အနာဂတ်မှာ သူတို့ လုပ်​ရမယ့် အလုပ်​အတွက်လည်း ပြင်ဆင်​ပေးတယ်။ အဲဒါ ဘာ​အလုပ်​လဲ။ သူတို့ဟာ သေတဲ့အထိ သစ္စာ​ရှိမယ်ဆိုရင် ရှင်ပြန်​ထမြောက်လာ​မှာ​ဖြစ်ပြီး နိုင်ငံတော်မှာ ယေရှုနဲ့အတူ တွဲဖက်​ဘုရင်တွေ​အဖြစ် အုပ်စိုးခွင့်​ရ​ကြ​မှာ ဖြစ်တယ်။

အနာဂတ်​ဘုရင် ဖြစ်မယ့်​သူတွေထဲမှာ ထူးခြားတဲ့ ပုဂ္ဂိုလ်​တစ်ယောက်ကတော့ ရောမ​နာမည် ပေါလု​လို့ လူသိ​များတဲ့ ရှောလု​ပါ။ သူက ဘုရားသခင့်​ပညတ်​တွေ​နဲ့ ပတ်သက်​ရင် အလွန်​စိတ်​ထက်သန်တဲ့ ဂျူး​တစ်ယောက်​ဖြစ်ပေမဲ့ ဂျူး​ဘာသာရေး ခေါင်းဆောင်​တွေ​ကြောင့် လမ်းလွဲ​ပြီး သတေဖန်​ကို ကျောက်ခဲ​နဲ့ ပေါက်သတ်​တဲ့ ကိစ္စမှာ​တောင် အလိုတူအလိုပါ ဖြစ်ခဲ့တယ်။ ဒါ့အပြင် ရှောလုဟာ “သခင့်​တပည့်​တွေကို ခြိမ်းခြောက်၊ သတ်ဖြတ်​ချင်စိတ် ပြင်းထန်​နေတဲ့​အတွက်” ဒမတ်စကတ်​မြို့ကို သွားတယ်။ ယေရှုရဲ့ တပည့်​တွေကို ဖမ်းဆီး​ပြီး ဂျေရုဆလင်​မြို့ကို ခေါ်လာ​ဖို့ ပုရောဟိတ်မင်း ကယာဖ​ဆီကနေ လုပ်ပိုင်ခွင့်​တောင် ရခဲ့တယ်။ (တမန်တော် ၇:၅၈။ ၉:၁) ဒါပေမဲ့ အဲဒီကို သွား​နေတုန်း သူ့​ပတ်လည်မှာ တောက်ပတဲ့​အလင်း ပေါ်လာ​တာ​ကြောင့် မြေပေါ် လဲကျ​သွားတယ်။

မမြင်​ရတဲ့ တစ်​နေရာ​ကနေ “ရှောလု၊ ရှောလု၊ ငါ့ကို ဘာလို့ နှိပ်စက်​ညှဉ်းဆဲ​နေတာလဲ” ဆိုပြီး ပြောတာကို ကြားရတယ်။ ရှောလု​က “သခင်ဟာ ဘယ်သူ​လဲ” လို့​မေးတဲ့အခါ “ငါဟာ မင်း​နှိပ်စက်​ညှဉ်းဆဲ​နေတဲ့ ယေရှု​ပဲ” လို့​ပြန်ဖြေ​တယ်။—တမန်တော် ၉:၄၊ ၅

ယေရှု​က ရှောလု​ကို ဒမတ်စကတ်​မြို့ထဲ သွားပြီး ညွှန်ကြားချက်တွေကို စောင့်​ခိုင်းတယ်။ ဒါပေမဲ့ အံ့ဖွယ်​အလင်း​ကြောင့် သူ့​မျက်စိကွယ်​သွား​လို့ တခြား​သူတွေက မြို့ထဲ​ကို ပို့ပေး​ကြတယ်။ တခြား စိတ်အာရုံ​တစ်ခုမှာ​တော့ ဒမတ်စကတ်​မြို့မှာ​နေတဲ့ တပည့်ဖြစ်​သူ အာနနိ​ရှေ့ ယေရှု ပေါ်လာတယ်။ ယေရှု​က အာနနိ​ကို တစ်နေရာ​သွားပြီး ရှောလု​ကို ရှာ​ခိုင်းတယ်။ အာနနိ ကြောက်နေ​တာ​ကြောင့် ယေရှု​က “ဒီ​လူဟာ လူမျိုးခြားတွေ​နဲ့ ရှင်ဘုရင်တွေကို​ရော အစ္စရေး​လူတွေကို​ပါ ငါ့​အကြောင်း သက်သေခံဖို့ ငါ​ရွေးချယ်​ထားသူ​ပဲ” လို့​ပြောပြီး အားပေးတယ်။ ရှောလု မျက်စိ​ပြန်မြင်​လာတဲ့အခါ “ယေရှုဟာ ဘုရားသခင်ရဲ့သား ဖြစ်တဲ့အကြောင်း” ဒမတ်စကတ်​မြို့မှာ “စပြီး​ဟောပြောတော့တယ်။”—တမန်တော် ၉:၁၅၊ ၂၀

ယေရှုရဲ့ ကူညီ​ထောက်မမှု​ကြောင့် ပေါလုနဲ့ တခြား​သူတွေဟာ ယေရှု​အစပြုခဲ့တဲ့ သတင်းကောင်း ဟောပြောခြင်း​လုပ်ငန်းကို ဆက်​လုပ်ဆောင်ခဲ့​ကြတယ်။ ဘုရားသခင့်​ကောင်းချီး​ကြောင့် ထူးခြားတဲ့ အောင်မြင်မှု​တွေ ရရှိခဲ့တယ်။ ဒမတ်စကတ်​မြို့​သွားတဲ့ လမ်းပေါ်မှာ ယေရှု ပေါ်လာပြီး​နောက် ၂၅ နှစ်လောက်​အကြာမှာ ပေါလုက “ကမ္ဘာမြေ​အရပ်ရပ်​မှာ​ရှိတဲ့ လူတိုင်းကို သတင်းကောင်း ဟောပြောခဲ့​ပြီ” လို့​ရေးခဲ့တယ်။—ကောလောသဲ ၁:၂၃

နောက်ပိုင်း​နှစ်တွေမှာ ယေရှု​က သူ​ချစ်​ရတဲ့ တမန်တော် ယောဟန်​ကို စိတ်အာရုံ​တွေ ပေးခဲ့တယ်။ အဲဒါကို ဗျာဒိတ်​ကျမ်းမှာ မှတ်တမ်း​တင်ထားတယ်။ အဲဒီ စိတ်အာရုံ​တွေ​က​တစ်ဆင့် ယောဟန်​က နိုင်ငံတော်​အာဏာနဲ့ ယေရှု ပြန်လာတာ​ကို မြင်ခဲ့​ရတယ်။ (ယောဟန် ၂၁:၂၂) ယောဟန်ဟာ “စွမ်းအားတော်​နဲ့​ပြည့်​ပြီး သခင့်​နေ့​တော်​ကို ရောက်​သွားတယ်။” (ဗျာဒိတ် ၁:၁၀) သခင့်​နေ့​တော်​ဆိုတာ ဘယ်​အချိန်​လဲ။

ကျမ်းစာ​ပရောဖက်ပြုချက်ကို သေချာ လေ့လာ​ကြည့်တဲ့အခါ “သခင့်​နေ့​တော်​ဟာ” မျက်မှောက်ခေတ်မှာ စတင်​တယ်​ဆိုတာ သိရ​တယ်။ ၁၉၁၄ ခုနှစ်မှာ ပထမ​ကမ္ဘာစစ် ဖြစ်ပွား​ခဲ့​တယ်။ အဲဒီ​အချိန်​က​စပြီး နောက်ပိုင်း​နှစ်တွေမှာ စစ်ပွဲ၊ ရောဂါ၊ အစာ​ခေါင်းပါးတာ၊ ငလျင်​လှုပ်​တာ​တွေ ပို​ဖြစ်လာတယ်။ အဲဒါတွေ​အပြင် တခြားသက်သေ အထောက်အထား​တွေ​က မိမိ “ရောက်ရှိ” နေကြောင်း၊ “အဆုံး” နဲ့​ပတ်သက်ပြီး တမန်တော်တွေကို ယေရှု​ပေးခဲ့တဲ့ “​နိမိတ်” အကြီးစား ပြည့်စုံ​နေကြောင်း ဖော်ပြတယ်။ (မဿဲ ၂၄:၃၊ ၇၊ ၈၊ ၁၄) အခု​ချိန်မှာ နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်း​လုပ်ငန်းကို ရောမ​အင်ပါယာ​တစ်ခုတည်းမှာ မဟုတ်ဘဲ တစ်​ကမ္ဘာလုံး​မှာ လုပ်ဆောင်နေ​တယ်။

အဲဒါတွေက ဘာ​အဓိပ္ပာယ်​လဲ ဆိုတာကို စွမ်းအားတော် လမ်းညွှန်မှုနဲ့ ယောဟန် အခုလို​ပြောတယ်– “ဘုရားသခင်က လူတွေကို ကယ်တင်​ပြီ။ တန်ခိုးတော်​ပြ​ပြီ။ နိုင်ငံတော် တည်ထောင်ပြီ။ ခရစ်တော်ရဲ့ အခွင့်အာဏာ စတင်သက်​ရောက်ပြီ။” (ဗျာဒိတ် ၁၂:၁၀) မှန်ပါတယ်၊ ယေရှု ကျယ်ကျယ်ပြန့်ပြန့် ဟောပြောခဲ့တဲ့ ဘုရားသခင့် ကောင်းကင်​နိုင်ငံတော်ဟာ တကယ်​တည်ရှိတဲ့​အရာ ဖြစ်တယ်။

အဲဒါက ယေရှုရဲ့ သစ္စာရှိ​တပည့်​အားလုံး​အတွက် သတင်းကောင်း​ပါပဲ။ ယောဟန်ရဲ့ ဒီ​စကားတွေကို သူတို့ မှတ်သား​ထား​နိုင်တယ်– “ဒါကြောင့် ကောင်းကင်နဲ့ ကောင်းကင်မှာ နေထိုင်သူ​တို့၊ ဝမ်းမြောက်​ကြပါ။ မြေကြီးနဲ့​ပင်လယ်​ဟာ အဖြစ်ဆိုး ကြုံနေ​ရပြီ။ မာရ်နတ်​က သူ့​အတွက် အချိန်​နည်းနည်း​ပဲ ကျန်​တော့​မှန်း​သိလို့ မင်းတို့​ဆီ ဒေါသတကြီး ဆင်း​လာပြီ။”—ဗျာဒိတ် ၁၂:၁၂

ဒါကြောင့် အခု ယေရှု​က ဘုရားသခင့် ညာဘက်မှာ​ထိုင်ပြီး စောင့်​နေတာ မဟုတ်တော့ဘူး။ ဘုရင်အဖြစ် စိုးစံ​နေပြီ။ မကြာခင်မှာ သူ့​ရန်သူ​အားလုံးကို ဖယ်ရှားပစ်​တော့​မယ်။ (ဟီဘရူး ၁၀:၁၂၊ ၁၃) ဒီတော့ အနာဂတ်မှာ ဘယ်​စိတ်လှုပ်ရှားစရာ အဖြစ်အပျက်​တွေ စောင့်ကြို​နေသလဲ။