မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၇၀

မွေးရာပါ မျက်မမြင်တစ်ယောက်ကို ကုသပေး

မွေးရာပါ မျက်မမြင်တစ်ယောက်ကို ကုသပေး

ယောဟန် ၉:၁-၁၈

  • မွေးရာပါ မျက်မမြင် သူတောင်းစား​တစ်ယောက်ကို ကုသ​ပေး

ဥပုသ်​နေ့မှာ ယေရှု​က ဂျေရုဆလင်​မြို့မှာ ရှိနေတုန်းပဲ။ သူနဲ့​ တပည့်​တွေ မြို့ထဲ​လျှောက်​သွားတဲ့အခါ မွေးရာပါ မျက်မမြင် သူတောင်းစား​တစ်ယောက်ကို တွေ့တယ်။ ဒီ​အခါ တပည့်​တွေ​က “ရဗ္ဗိ၊ သူ မျက်စိ​မမြင်​ဘဲ မွေးလာ​တာ သူ့​အပြစ်​ကြောင့်လား။ မိဘရဲ့​အပြစ်​ကြောင့်လား” လို့​မေးကြတယ်။—ယောဟန် ၉:၂

လူတစ်ယောက် မမွေးဖွား​လာခင်​မှာ သူ့​ဝိညာဉ်​က တစ်​နေရာ​ရာ​မှာ ရှိခဲ့တယ်​လို့ တပည့်​တွေ မယုံကြည်​ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်​ဟာ အမေ့​ဝမ်း​ထဲမှာ ရှိ​ကတည်းက အပြစ်ရှိ​မရှိ သိချင်​နေကြတာ။ ယေရှု​က “သူ့​အပြစ်​ကြောင့် မဟုတ်ဘူး။ မိဘရဲ့​အပြစ်​ကြောင့်လည်း မဟုတ်ဘူး။ သူ အဲဒီလို​ဖြစ်နေတာ​ဟာ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုကို လူတွေ မြင်ခွင့်​ရစေဖို့​ပဲ” လို့​ပြောတယ်။ (ယောဟန် ၉:၃) ဒါကြောင့် သူ​မျက်စိ​မမြင်​တာ သူ့​အပြစ်​ကြောင့်လည်း မဟုတ်သလို သူ့​မိဘရဲ့ အပြစ်​ကြောင့်လည်း မဟုတ်ဘူး။ အဲဒီအစား အာဒံရဲ့​အပြစ်​ကြောင့် လူသား​အားလုံးဟာ အပြစ်​အနာအဆာ​တွေ၊ မျက်စိကန်း​တာ​လို​မျိုး ချွတ်ယွင်းချက်​တွေ​နဲ့ မွေးဖွား​လာကြတာ ဖြစ်တယ်။ ဒါပေမဲ့ အဲဒီ​လူ မျက်စိ​မမြင်​တာ​က ဘုရားသခင်ရဲ့ လုပ်ဆောင်မှုကို လူတွေ​မြင်​အောင် ယေရှု​လုပ်ပေးဖို့ အခွင့်အရေး​ရစေတယ်။ တခြား​လူတွေရဲ့ အနာ​ရောဂါ​ကို ကုသ​ပေး​ချိန်မှာလည်း အဲဒီလိုပဲ ယေရှု​လုပ်ခဲ့တယ်။

ဘုရား​ခိုင်းတဲ့ အလုပ်ကို​လုပ်ဖို့ အရေးကြီးကြောင်း ယေရှု အခုလို​အလေး​ပေးတယ်– “ကျွန်တော့်ကို စေလွှတ်တဲ့​အရှင်ရဲ့ အလုပ်ကို နေ့​အချိန်မှာ ကျွန်တော်တို့ လုပ်ရမယ်။ ဘယ်သူမှ အလုပ်လုပ်​လို့​မရတဲ့ ည​အချိန် ရောက်လာ​လိမ့်မယ်။ ကျွန်တော်ဟာ ဒီ​လောကမှာ ရှိနေ​သရွေ့ လောကရဲ့​အလင်း​ပဲ။” (ယောဟန် ၉:၄၊ ၅) ယေရှု​သေဆုံး​ချိန်မှာ သင်္ချိုင်း​မှောင်မိုက်​ထဲ ရောက်​သွားမှာ​ဖြစ်ပြီး အဲဒီမှာ သူ​ဘာမှ မလုပ်နိုင်ဘူး။ အဲဒီ​အချိန် မ​ရောက်သရွေ့ ယေရှုဟာ လောကရဲ့​အလင်း ဖြစ်တယ်။

ဒါပေမဲ့ မျက်စိ​မမြင်​တဲ့​လူကို ယေရှု ကုသ​ပေးမှာ​လား။ ဘယ်လို ကုသ​ပေးမှာ​လဲ။ ယေရှု​က မြေပေါ် တံတွေး​ထွေး​ပြီး တံတွေး​နဲ့ ရွှံ့​ဖြစ်အောင်​လုပ်တယ်။ ရွှံ့​ကို သူ့​မျက်စိ​မှာ လိမ်းပေး​ပြီး “ရှိ​လောင်​ရေကန်​မှာ သွား​ဆေး​လိုက်ပါ” လို့​ပြောတယ်။ (ယောဟန် ၉:၇) ပြောတဲ့​အတိုင်း သွား​ဆေး​လိုက်တဲ့အခါ မျက်စိ​မြင်​လာတယ်။ သူ့​ဘဝမှာ ဦးဆုံး​အကြိမ် မြင်ရလို့ ဘယ်လောက် ဝမ်းသာ​နေ​မလဲ​ဆိုတာ စဉ်းစားကြည့်ပါ။

သူ မျက်စိ​မမြင်​မှန်း​သိနေတဲ့ အိမ်နီးချင်းတွေ​နဲ့ တခြား​သူတွေလည်း သိပ်​အံ့သြ​ကြတာပေါ့။ ဒါကြောင့် “ဒီ​လူက ထိုင်ပြီး​တောင်း​စား​နေတဲ့​သူ မဟုတ်လား” ဆိုပြီး ပြော​ကြတယ်။ တချို့က “ဟုတ်တယ်။ အဲဒီ​လူ​ပဲ၊” တချို့က “မဟုတ်ဘူး။ သူနဲ့​တူ​တာ” လို့ တစ်ယောက်​တစ်မျိုး ပြော​ကြတယ်။ သူကိုယ်တိုင်​ကတော့ “ဟုတ်တယ်။ ကျွန်တော်ဟာ အဲဒီ​တစ်ယောက်ပါ” လို့​ဝန်ခံတယ်။—ယောဟန် ၉:၈၊ ၉

ဒါနဲ့ “မင်း ဘယ်လိုလုပ် မျက်စိ​မြင်​လာတာလဲ” လို့​မေး​ကြ​တော့ သူက “ယေရှုလို့​ခေါ်တဲ့​လူက ရွှံ့​လုပ်ပြီး ကျွန်တော့်​မျက်စိ​ကို လိမ်းပေး​တယ်။ ပြီးတော့ ‘ရှိ​လောင်​ရေကန်​မှာ သွား​ဆေး​ပါ’ ပြောလို့ သွား​ဆေး​လိုက်တာ ကျွန်တော် မျက်စိ​မြင်​လာတယ်” ဆိုပြီး ပြန်ဖြေ​တယ်။ “အဲဒီ​လူ ဘယ်မှာ​လဲ” လို့ သူတို့​မေးတော့ သူတောင်းစား​က “ကျွန်တော်​မသိ​ဘူး” လို့​ဖြေတယ်။—ယောဟန် ၉:၁၀-၁၂

ဒီ​အခါ အဲဒီ​လူကို ဖာရိရှဲတွေ​ဆီ ခေါ်သွား​ကြတယ်။ ဖာရိရှဲတွေ​လည်း သူ့​မျက်စိ ဘယ်လို ပြန်မြင်​လာသလဲ​ဆိုတာ သိချင်​နေကြ​တယ်။ ဒါနဲ့ သူက “ကျွန်တော့်​မျက်စိ​ကို ရွှံ့​နဲ့​လိမ်းပေး​တယ်။ ရေ​ဆေး​လိုက်တဲ့အခါ မျက်စိ​မြင်​လာတယ်” လို့​ဖြေတယ်။ တကယ်​ဆို အဲဒီ​သူတောင်းစား​နဲ့​အတူ ဖာရိရှဲတွေ​လည်း ဝမ်းသာ​ပေး​ရမှာ။ ဒါပေမဲ့ ဖာရိရှဲ​တချို့က ယေရှုကို အပြစ်တင်​ကြတယ်။ “​ဒီ​လူ ဥပုသ်​ပညတ် ချိုးဖောက်​တယ်​ဆိုတော့ ဘုရားသခင်​ဆီက လာတဲ့​သူ မဖြစ်နိုင်ဘူး” လို့​ပြော​ကြတယ်။ တချို့ကျတော့​လည်း “အပြစ်သား​ဆိုရင် ဒီလို​အံ့ဖွယ်​အမှုကို ဘယ်​လုပ်နိုင်​ပါ့​မလဲ” လို့​ပြောတယ်။ (ယောဟန် ၉:၁၅၊ ၁၆) ဒီလိုနဲ့ သူတို့​အချင်းချင်း စိတ်ဝမ်းကွဲ​သွားတယ်။

ဒါနဲ့ မျက်မမြင်​ဖြစ်ခဲ့ဖူး​သူကို “မင်းကို မျက်စိ​မြင်​အောင် သူ​လုပ်ပေးခဲ့တာ​ဆိုတော့ မင်း​ပဲ ပြော​ကြည့်​စမ်း။ သူ ဘယ်သူဖြစ်မလဲ” လို့ ထပ်​မေး​ကြ​ပြန်တယ်။ အဲဒီ​လူက ယေရှုနဲ့​ပတ်သက်ပြီး သံသယ​မရှိတော့ “သူဟာ ပရောဖက်​ပဲ” လို့​ဖြေလိုက်တယ်။—ယောဟန် ၉:၁၇

ဖာရိရှဲတွေကတော့ အဲဒါကို မယုံကြည်​ဘူး။ ယေရှုနဲ့ ဒီ​လူ ပေါင်း​ပြီး လူတွေကို​လှည့်စားဖို့ ကြံစည်နေ​တာ​လို့ ထင်နေ​ကြ​ပုံပဲ။ ဒါကြောင့် သူ့​မိဘတွေကို​ခေါ်ပြီး သူ​တကယ် မျက်စိကန်း​မ​ကန်း မေးကြည့်​တာ အကောင်းဆုံး​ပဲ​လို့ ယူဆကြတယ်။