မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၇၁

မျက်မမြင်ဖြစ်ခဲ့ဖူးသူကို ဖာရိရှဲတွေ ခေါ်တွေ့

မျက်မမြင်ဖြစ်ခဲ့ဖူးသူကို ဖာရိရှဲတွေ ခေါ်တွေ့

ယောဟန် ၉:၁၉-၄၁

  • မျက်မမြင် ဖြစ်ခဲ့ဖူး​သူကို ဖာရိရှဲတွေ ခေါ်တွေ့

  • ဘာသာရေး ခေါင်းဆောင်​တွေဟာ “မျက်မမြင်​တွေ​ဖြစ်”

ဖာရိရှဲတွေ​ဟာ မွေးရာပါ မျက်မမြင်​ကို ယေရှု ကုသ​ပေးခဲ့တယ်​ဆိုတာ လက်မခံနိုင် ဖြစ်နေကြတယ်။ ဒါနဲ့ သူ့​မိဘတွေကို​ခေါ်ပြီး မေးမြန်း​ကြတယ်။ မိဘတွေကလည်း “တရားဇရပ်​ကနေ နှင်ထုတ်” ခံရ​နိုင်​မှန်း သိထားတယ်။ (​ယောဟန် ၉:၂၂) ဂျူး​အသိုင်းအဝိုင်း​ကနေ အပယ်ခံ​ရမယ်​ဆိုရင် မိသားစုရဲ့ လူမှုရေး၊ စီးပွားရေး အများကြီး ထိခိုက်​နစ်နာ​နိုင်တယ်။

ဖာရိရှဲတွေက “ဒီ​တစ်ယောက်က မျက်စိ​မမြင်​ဘဲ မွေး​လာတဲ့ ခင်ဗျားတို့ရဲ့သား ဟုတ်သလား။ ဒါဆို သူ ဘယ်လိုလုပ် မျက်စိ​ပြန်မြင်​လာတာလဲ” ဆိုတဲ့ မေးခွန်း​နှစ်ခု မေးတယ်။ မိဘတွေက “ဒါ ကျုပ်တို့သား ဟုတ်​ပါတယ်။ မွေး​ကတည်းက မျက်စိ​မမြင်​ဘူးဆို​တာ​လည်း မှန်ပါတယ်။ ဒါပေမဲ့ သူ အခု ဘယ်လို မျက်စိ​မြင်​လာတယ်ဆိုတာ​ကို​တော့ မသိ​ပါဘူး။ မျက်စိ​မြင်​အောင် လုပ်ပေးတဲ့​လူကို​လည်း မသိ​ပါဘူး” လို့​ဖြေတယ်။ သား​ဖြစ်သူ​က အကြောင်းစုံ ပြောပြ​ထားခဲ့​မယ်​ဆိုရင်တောင် မိဘတွေက “သူလည်း အရွယ်ရောက်​နေပြီ​ပဲ။ သူ့ကိုသာ မေးကြည့်​လိုက်ပါ” လို့ အလိမ္မာ​နည်းနဲ့ ပြောလိုက်​တယ်။—ယောဟန် ၉:၁၉-၂၁

ဒါနဲ့ ဖာရိရှဲတွေက မျက်မမြင်​ဖြစ်ခဲ့ဖူး​သူကို ဒုတိယ​အကြိမ်​ခေါ်၊ ယေရှု အပြစ်​လုပ်တဲ့သက်သေ သူတို့မှာ​ရှိတယ်လို့​ပြောပြီး ခြိမ်းခြောက်​ကြတယ်။ “ဘုရားသခင်​ရှေ့မှာ အမှန်အတိုင်း​ပြောပါ။ အဲဒီ​လူဟာ အပြစ်သား​ပဲ​ဆိုတာ ငါ​တို့​သိတယ်” လို့​ပြောပြီး ဖိအား​ပေး​ကြတယ်။ မျက်မမြင် ဖြစ်ခဲ့ဖူး​သူက “အဲဒီ​လူ အပြစ်သား ဟုတ်မဟုတ်​တော့ မသိ​ဘူး။ အရင်က ကျွန်တော်​မျက်စိ​မမြင်​ဘူး၊ အခု မြင်ရတယ်။ ဒါ​ပဲ ကျွန်တော်​သိတယ်” ဆိုပြီး သူတို့ရဲ့ စွပ်စွဲချက်​ကို ဆန့်ကျင်​ပြီး ဖြေလိုက်တယ်။—ယောဟန် ၉:၂၄၊ ၂၅

ဖာရိရှဲတွေက မကျေနပ်​သေး​တဲ့​အတွက် “သူ မင်းကို ဘာလုပ်​ပေးသလဲ။ မင်း​မျက်စိ​မြင်​အောင် ဘယ်လို လုပ်ပေး​လိုက်တာလဲ” လို့​ထပ်​မေးတယ်။ အဲဒီ​လူက “ကျွန်တော်​ပြောပြီးပြီ​ပဲ။ ခင်ဗျားတို့​မှ နားမထောင်​တာ။ ဘာလို့ ထပ်​ကြား​ချင်​ရတာလဲ။ ခင်ဗျားတို့လည်း သူ့​တပည့်ဖြစ်​ချင်​တာ​လား” လို့ သတ္တိရှိရှိ ပြော​ချ​လိုက်တယ်။ ဒီ​အခါ သူတို့က ဒေါသတကြီး​နဲ့ “မင်း​ကသာ အဲဒီ​လူရဲ့ တပည့်​ကွ။ ငါ​တို့​က မောရှေရဲ့​တပည့်။ မောရှေ​ကို ဘုရားသခင် ဗျာဒိတ်ပေး​ခဲ့​မှန်း ငါ​တို့​သိတယ်။ ဒီ​လူက​တော့ ဘယ်က​လာ​မှန်း ငါ​တို့​မသိ​ဘူး” ဆိုပြီး ကဲ့ရဲ့ကြ​တယ်။—ယောဟန် ၉:၂၆-၂၉

သူတောင်းစား​လည်း အံ့သြ​သွားပြီး “ကျွန်တော့်ကို မျက်စိ​မြင်​အောင် လုပ်ပေးတာ​တောင် သူ​ဘယ်က​လာ​မှန်း ခင်ဗျားတို့​မသိတာ အံ့ဩ​တယ်” လို့​ပြောလိုက်​တယ်။ ပြီးတော့ ဘုရားက ဘယ်လို​လူမျိုးရဲ့ စကားကို လက်ခံ​နားထောင်ပေး​တယ်​ ဆိုတာနဲ့ပတ်သက်ပြီး အခုလို ယုတ္တိ​ရှိ​ရှိ ကျိုးကြောင်း​ဆင်ခြင်ပြတယ်– “ဘုရားသခင်က အပြစ်သားတွေ ပြောတာကို နားမထောင်ဘူး။ ဘုရားသခင်ကို ကြောက်ရွံ့​ပြီး အလိုတော်​ဆောင်တဲ့​သူ ပြောတာကို​ပဲ နားထောင်တယ်​ဆိုတာ ကျွန်တော်တို့ သိ​ကြ​တာ​ပဲ။ တစ်ယောက်ယောက်​က မွေးရာပါ​ မျက်မမြင်​ကို မျက်စိ​မြင်​အောင် လုပ်ပေးခဲ့တယ်​ဆိုတဲ့​အကြောင်း ရှေး​အချိန်​ကတည်းက မကြား​ဖူး​ဘူး။” ဒီ​နောက် “အဲဒီ​လူဟာ ဘုရား​သခင်​ဆီကလာ​တာ မဟုတ်​ရင် ဘာမှ​လုပ်နိုင်မှာ မဟုတ်ဘူး” လို့ ကောက်ချက်​ချ​လိုက်တယ်။—ယောဟန် ၉:၃၀-၃၃

ကျိုးကြောင်း​ဆီလျော်​တဲ့ အဲဒီ​စကားတွေကို ဖာရိရှဲတွေ ပြန်​မချေပ​နိုင်ဘူး။ ဒါနဲ့ “မွေး​ကတည်းက အပြစ်​ပါ​လာတဲ့ မင်း​လို​လူက ငါတို့ကို သွန်သင်​နေရသလား” ဆိုပြီး ဒေါသတကြီး​နဲ့ သူ့ကို မောင်း​ထုတ်ပစ်​ကြတယ်။—ယောဟန် ၉:၃၄

ဒီသတင်းကို ယေရှု​ကြား​တာ​နဲ့ အဲဒီ​လူကို လိုက်ရှာ​ပြီး “လူသားကို ယုံကြည်သလား” လို့​မေးတယ်။ သူက “သခင်၊ လူသားက ဘယ်သူ​လဲ၊ ပြောပြပါ။ ဒါမှ ကျွန်တော် ယုံကြည်လို့​ရမှာ​ပါ” လို့​ပြန်ဖြေ​တယ်။ ယေရှု​က “သူ့ကို ခင်ဗျား​မြင်ဖူး​ပါတယ်။ တကယ်တော့ အခု ခင်ဗျား​နဲ့ စကားပြော​နေတာ လူသား​ပဲ” လို့​ဖြေတယ်။—ယောဟန် ၉:၃၅-၃၇

ဒီ​အခါ သူက “သခင်၊ ကျွန်တော် ယုံကြည်ပါ​တယ်” လို့​ ပြော​ပြီး​ ယေရှုကို ယုံကြည်​လေးစားကြောင်း ပြတဲ့အနေနဲ့ ဦးညွှတ်​တယ်။ ယေရှု​က “ဘုရားသခင် စီရင်​ဆုံးဖြတ်​နိုင်ဖို့ ဒီ​လောက​ကို ကျွန်တော်​လာတာ။ မျက်မမြင်​တွေ မြင်​လာဖို့၊ မျက်စိ​မြင်​တဲ့​သူတွေ မျက်စိကွယ်​သွားဖို့​ပဲ” ဆိုပြီး လေးနက်တဲ့​စကားတွေ ပြောလိုက်​တယ်။—ယောဟန် ၉:၃၈၊ ၃၉

ဖြစ်ချင်​တော့၊ အဲဒီမှာ ဖာရိရှဲတွေ ရှိနေတယ်။ သူတို့ကိုယ်​သူတို့ မျက်မမြင်​တွေ မဟုတ်မှန်း သိ​ကြပေမဲ့ ဘုရားရေးရာ​ဘက် လမ်းပြ​ပေးသူ​တွေ​ဖြစ်တဲ့ သူတို့ရဲ့​အခြေအနေ​က ဘယ်လို​ရှိသလဲ။ “ငါ​တို့​က မျက်မမြင်​မှ မဟုတ်တာ” လို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်​ပြီး သူတို့​ပြောတယ်။ ဒါနဲ့ ယေရှု​က “ခင်ဗျားတို့ဟာ မျက်မမြင်​ဖြစ်နေရင် အပြစ်​မရှိဘူး။ အခုတော့ ‘ငါ​တို့ မျက်စိ​မြင်တယ်’ လို့​ပြောတဲ့​အတွက် ခင်ဗျားတို့​အပြစ် ခွင့်လွှတ်​ခံရမှာ မဟုတ်ဘူး” လို့​ပြောတယ်။ (ယောဟန် ၉:၄၀၊ ၄၁) သူတို့သာ အစ္စရေး​ပြည်မှာ ဆရာတွေ မဟုတ်ဘူး​ဆိုရင် ယေရှုကို မေရှိယ​အဖြစ် လက်မခံနိုင်​တာ​ကို နားလည်​ပေးလို့ ရ​ပါတယ်။ အခုတော့ သူတို့က ပညတ်တရားကို နော​ကျေ​နေ​သူတွေ​ဖြစ်တယ်။ ဒါကြောင့် ယေရှုကို လက်မခံတာ​က ကြီးလေး​တဲ့​အပြစ်​ပဲ။