အခန်း​လေး

ယေရှုခရစ်ဟာ ဘယ်သူလဲ

ယေရှုခရစ်ဟာ ဘယ်သူလဲ

၁၊ ၂။ (က) ထင်​ပေါ်​ကျော်​ကြား​သူ​တစ်​ယောက်​ရဲ့ နာ​မည်​ကို သိ​ရုံ​နဲ့ သူ့​ကို တ​ကယ်​သိ​တယ်​လို့ ပြော​နိုင်​သလား။ ရှင်း​ပြပါ။ (ခ) ယေရှု​နဲ့​ပတ်​သက်​ပြီး လူ​တွေ ဘယ်​လို​ပြော​ကြ​သလဲ။

က​မ္ဘာ​မှာ ထင်​ပေါ်​ကျော်​ကြား​သူ​တွေ အများ​ကြီး​ရှိ​တယ်။ သူတို့​ထဲ​က တ​ချို့ရဲ့​နာ​မည်​ကို သင် သိ​ကောင်း​သိ​ပါ​လိမ့်​မယ်။ နာ​မည်​သိ​ရုံ​နဲ့ အဲဒီ​လူ​ကို တ​ကယ်​သိ​တယ်​လို့ မပြော​နိုင်​ဘူး။ သူ့​ဘဝ​နောက်​ခံ၊ သူ​ဘယ်​လို​လူ​စား​လဲ​ဆို​တဲ့ အသေး​စိတ်​အချက်​အလက်​တွေ​ကို သိ​တယ်​လို့ ပြော​လို့​မရ​ဘူး။

လွန်​ခဲ့​တဲ့​နှစ်​ပေါင်း ၂,၀၀၀ ခန့်​က ကမ္ဘာ​ပေါ်​မှာ အသက်​ရှင်​ခဲ့​တဲ့ ယေရှု​ခ​ရစ်​အကြောင်း သင် ကြား​ဖူး​မှာ​ပဲ။ ဒါ​ပေမဲ့ ယေရှု ဘယ်​သူ​လဲ​ဆို​တာ​ကို လူ​အများ​စု မသိ​ကြ​ဘူး။ တ​ချို့​က ယေရှု​ကို လူ​ကောင်း​တစ်​ယောက်၊ တ​ချို့​ကျ​တော့ ပရော​ဖက်၊ တ​ချို့​ကျ​ပြန်​တော့ ဘု​ရား​သခင်​ဖြစ်​တယ်​လို့ ပြော​ကြ​တယ်။ သင်​ကော ဘယ်​လို​ထင်​သလဲ။—ရှင်း​လင်း​ချက် ၁၂ ကို​ကြည့်​ပါ။

၃။ ယေဟောဝါ​ဘု​ရား​နဲ့ ယေရှု​ခ​ရစ်​အကြောင်း သိ​ဖို့ ဘာ​ကြောင့် အရေး​ကြီး​သလဲ။

ယေရှု​နဲ့​ပတ်​သက်​တဲ့ အမှန်​တ​ရား​ကို သိ​ဖို့ အရေး​ကြီး​တယ်။ ဘာ​ကြောင့်လဲ။ “ထာ​ဝ​ရ​အသက် ရ​နိုင်​ဖို့​ဆို​ရင် တစ်​ဆူ​တည်း​သော စစ်​မှန်​တဲ့​ဘု​ရား​သခင် အဖကို​ရော အဖစေ​လွှတ်​လိုက်​တဲ့ ယေရှု​ခ​ရစ်​ကို​ပါ သိ​ကျွမ်း​ကြ​ရ​မယ်” လို့ ကျမ်း​စာ​မှာ ပြော​ထား​တယ်။ (ယောဟန် ၁၇:၃) ယေဟောဝါ၊ ယေရှု​နဲ့​ပတ်​သက်​တဲ့ အမှန်​တ​ရား​ကို သိ​ထား​မယ်​ဆို​ရင် ငြိမ်း​ချမ်း​သာ​ယာ​တဲ့ မြေကြီး​ပရ​ဒိ​သု​မှာ ထာ​ဝ​ရ​အသက် ရ​နိုင်​မယ်။ (ယောဟန် ၁၄:၆) ဒါ့​အပြင် ကျွန်​တော်​တို့ ဘယ်​လို အသက်​ရှင်​နေ​ထိုင်​ရ​မယ်၊ တ​ခြား​သူ​တွေ​ကို ဘယ်​လို ပြု​မူ​ဆက်ဆံ​ရ​မယ်​ဆိုတာ​နဲ့​ပတ်​သက်​ပြီး ယေရှု အကောင်း​ဆုံး ပုံသက်သေ​ပြခဲ့​တယ်။ ဒါ​ကြောင့် ယေရှု​အကြောင်း သိ​ထား​တာ​က ကျွန်​တော်​တို့​အတွက် အကျိုး​ရှိ​တယ်။ (ယောဟန် ၁၃:၃၄၊ ၃၅) အခန်း ၁ မှာ ဘု​ရား​သခင်​နဲ့​ပတ်​သက်​တဲ့ အမှန်​တ​ရား​ကို လေ့​လာခဲ့ပြီးပြီ။ အခု ယေရှု​နဲ့​ပတ်​သက်​တဲ့ ကျမ်း​စာ​သွန်သင်​ရာ​ကို လေ့​လာ​ကြည့်​ကြ​စို့။

မေရှိ​ယ​ကို တွေ့​ပြီ

၄။ “မေရှိ​ယ” နဲ့ “ခ​ရစ်​တော်” ဆို​တဲ့ အသုံး​အနှုန်း​တွေ​က ဘာ​အဓိပ္ပာယ်​ရှိ​သလဲ။

ယေဟောဝါ​က မေရှိ​ယ၊ တစ်​နည်း​အား​ဖြင့် ခ​ရစ်​တော်​ကို စေ​လွှတ်​မယ်​ဆို​ပြီး ယေရှု​မမွေး​ဖွား​ခင် နှစ်​ပေါင်း​များ​စွာ​က​တည်း​က ကျမ်း​စာ​မှာ ကတိ​ပေး​ခဲ့​တယ်။ “မေရှိ​ယ” ဆို​တာ ဟီ​ဘ​ရူး​စကား​က​နေ၊ “ခ​ရစ်​တော်” ဆို​တာ ဂရိ​စကား​က​နေ ဆင်း​သက်​လာ​တယ်။ နှစ်​ခု​စ​လုံး​ဟာ မေရှိ​ယ​ကို ဘု​ရား​ရွေး​ချယ်​ပြီး အထူး​ရာ​ထူး ခန့်​အပ်​မယ်​ဆို​တဲ့ အဓိပ္ပာယ်​ရှိ​တယ်။ မေရှိ​ယ​က ဘု​ရားရဲ့ ကတိ​မှန်​သမျှ​ကို ပြည့်​စုံ​စေ​မယ်။ အခု​ချိန်​မှာ​တောင် ယေရှု​က သင့်​ကို ကူညီ​နိုင်​တယ်။ ဒါ​ပေမဲ့ ယေရှု​မမွေး​ဖွား​ခင်​မှာ ‘မေရှိ​ယ​ဟာ ဘယ်​သူ​များ​ဖြစ်​မလဲ’ ဆို​ပြီး လူ​အများ သိ​ချင်​ခဲ့​ကြ​တယ်။

၅။ ယေရှု​ဟာ မေရှိ​ယ​ဖြစ်​မှန်း တ​ပည့်တွေ ယုံ​သလား။

ယေရှု​ဟာ ကြို​ဟော​ထား​တဲ့ မေရှိ​ယ​ဖြစ်​မှန်း တ​ပည့်တွေ ယုံ​ကြည်​စိတ်​ချ​ခဲ့​ကြ​တယ်။ (ယောဟန် ၁:၄၁) ဥပမာ၊ ရှိ​မုန်​ပေတရု​က “သခင်​ဟာ ခ​ရစ်​တော်​ပဲ” ဆို​ပြီး ယေရှု​ကို ပြော​ခဲ့​တယ်။ (မဿဲ ၁၆:၁၆) ဒါ​ပေမဲ့ ယေရှု​ဟာ မေရှိ​ယ​ဖြစ်​မှန်း ကျွန်​တော်​တို့ ဘယ်​လို ယုံ​ကြည်​စိတ်​ချ​နိုင်သလဲ။

၆။ စိတ်​ရင်း​မှန်​သူ​တွေ မေရှိ​ယ​ကို ခွဲ​ခြား​သိ​မြင်​နိုင်​ဖို့ ယေဟောဝါ ဘယ်​လို​ကူညီ​ပေး​သလဲ။

ယေရှု​မမွေး​ခင် အတော်​ကြာ​ကြာ​က​တည်း​က ဘု​ရား​သခင့်​ပရော​ဖက်​တွေ​ဟာ မေရှိ​ယ​ကို ခွဲ​ခြား​သိ​နိုင်​မယ့် အသေး​စိတ်​အချက်​အလက် အများ​ကြီး ရေးခဲ့​ကြ​တယ်။ ဘယ်​လို ခွဲ​ခြား​သိ​နိုင်​မလဲ။ တစ်​ခါ​မှ မမြင်​ဖူး​တဲ့ လူ​တစ်​ယောက်​ကို လူ​စည်​ကား​တဲ့ ကား​ဂိတ်​မှာ သွား​ကြို​ရ​မယ် ဆို​ပါ​စို့။ အဲဒီ​လူ​နဲ့​ပတ်​သက်​တဲ့ အသေး​စိတ်​အချက်​တ​ချို့ ပြော​ပြထား​တယ်​ဆို​ရင် သူ့​ကို ရှာလို့​လွယ်​မယ် မဟုတ်​လား။ အဲဒီ​လို​ပါ​ပဲ၊ ယေဟောဝါ​က မေရှိ​ယ​လုပ်​ဆောင်​မယ့်​အရာ၊ သူ​ကြုံ​တွေ့​ရ​မယ့်​အရာအကြောင်း ပရော​ဖက်​တွေ​က​တစ်ဆင့် ကြို​ဟော​ထား​တယ်။ အဲဒီ​ကြို​ဟော​ချက်​တွေ ပြည့်​စုံ​လာ​တဲ့​အခါ ယေရှု​ဟာ မေရှိ​ယ​ဖြစ်​မှန်း စိတ်​ရင်း​မှန်​သူ​တွေ ခွဲ​ခြား​သိ​မြင်​နိုင်​မယ်။

၇။ ယေရှု​ဟာ မေရှိ​ယ​ဖြစ်​မှန်း သက်​သေထူ​တဲ့ ကြို​ဟော​ချက်​နှစ်​ခု​ကို ပြော​ပြပါ။

ကြို​ဟော​ချက်​နှစ်​ခု​ကို သုံးသပ်​ကြည့်​ပါ။ ဦး​ဆုံး၊ ဘက်​သလီ​ဟင်​မြို့​လေး​မှာ မေရှိ​ယ မွေး​ဖွား​မယ်​ဆို​ပြီး မိက္ခာ​က နှစ်​ပေါင်း ၇၀၀ ကြို​ဟော​ခဲ့​တယ်။ (မိက္ခာ ၅:၂) အဲဒီ​မြို့​မှာ​ပဲ ယေရှု မွေး​ဖွား​ခဲ့​တယ်။ (မဿဲ ၂:၁၊ ၃-၉) ဒုတိ​ယ၊ အေဒီ ၂၉ မှာ မေရှိ​ယ​ပေါ်​ထွန်း​မယ်​ဆို​ပြီး ဒံယေလ ကြို​ဟော​တယ်။ (ဒံယေလ ၉:၂၅) ယေရှု​ဟာ ကြို​ဟော​ထား​တဲ့ မေရှိ​ယ​ဖြစ်​မှန်း သက်​သေထူ​တဲ့ ကြို​ဟော​ချက်​တွေ အများ​ကြီး​ရှိ​တဲ့​အနက် ဒါ​ဟာ နှစ်​ခု​ပဲ ရှိ​သေး​တယ်။—ရှင်း​လင်း​ချက် ၁၃ ကို​ကြည့်​ပါ။

ယေရှု နှစ်ခြင်း​ခံ​ချိန်​မှာ မေရှိ​ယ၊ တစ်​နည်း​အား​ဖြင့် ခ​ရစ်​တော် ဖြစ်​လာ

၈၊ ၉။ ယေရှု နှစ်ခြင်း​ခံ​ချိန်​မှာ မေရှိ​ယ​ဖြစ်​မှန်း သက်​သေအနေ​နဲ့ ဘာ​ဖြစ်​ခဲ့​သလဲ။

ယေရှု​ဟာ မေရှိ​ယ​ဖြစ်​မှန်း ရှင်း​ရှင်း​လင်း​လင်း သိ​နိုင်​အောင် ယေဟောဝါ ဖော်ပြခဲ့​တယ်။ မေရှိ​ယ​ကို ခွဲ​ခြား​သိ​မြင်​နိုင်​ဖို့ နှစ်ခြင်း​ပေး​သူ ယောဟန်​ကို အထောက်​အထား​တစ်​ခု​ပေး​မယ်​လို့ ယေဟောဝါ ကတိ​ပြု​တယ်။ အေဒီ ၂၉ မှာ ယောဟန်​ဆီ ယေရှု သွား​ပြီး ဂျော်​ဒန်​မြစ်​မှာ နှစ်ခြင်း​ခံ​တဲ့​အခါ အဲဒီ​အထောက်​အထား​ကို ယောဟန် မြင်​တွေ့​ခဲ့ရ​တယ်။ “ယေရှု နှစ်ခြင်း​ခံ​ပြီး ရေ​ထဲ​က​နေ ပေါ်​လာ​တာ​နဲ့ ကောင်း​ကင်​ပွင့်​လာ​ပြီး ဘု​ရား​သခင့် စွမ်းအား​တော်​က ချိုး​ငှက်​သဏ္ဌာန်​နဲ့ ယေရှု​အပေါ် ဆင်း​သက်​တာ​ကို သူ​မြင်​ရ​တယ်။ ဒါ့​အပြင် ‘သူ​ဟာ ငါ​မြတ်​နိုး​တဲ့ ငါ့​ရဲ့​ချစ်​သား​ပဲ’ ဆို​တဲ့​အသံ ကောင်း​ကင်​က​နေ ထွက်​လာ​တာ​ကို​လည်း ကြား​ရ​တယ်” လို့ ကျမ်း​စာ​ပြော​တယ်။ (မဿဲ ၃:၁၆၊ ၁၇) ဖြစ်​ပျက်​ရာ​ကို မြင်​ရ​ကြား​ရ​တဲ့​အခါ ယေရှု​ဟာ မေရှိ​ယ​ပဲ​ဆို​တာ ယောဟန် ယုံ​ကြည်​စိတ်​ချ​ခဲ့​တယ်။ (ယောဟန် ၁:၃၂-၃၄) ယေရှု​အပေါ် ဘု​ရား​သခင့်​စွမ်းအား​တော် သွန်း​လောင်း​တဲ့ အဲဒီ​နေ့​မှာ ယေရှု​ဟာ မေရှိ​ယ​ဖြစ်​လာ​တယ်။ သူ့​ကို ခေါင်း​ဆောင်​နဲ့ ဘု​ရင်​အဖြစ် ဘု​ရား ခန့်​အပ်​ခဲ့​တယ်။—ဟေ​ရှာ​ယ ၅၅:၄

ကျမ်း​စာ​ကြို​ဟော​ချက်​တွေ၊ ယေဟောဝါ​ကိုယ်​တိုင် ပြော​ဆို​ချက်၊ နှစ်ခြင်း​ခံ​ချိန်​မှာ ဘု​ရား​ပြတဲ့ အထောက်​အထား​က ယေရှု​ဟာ မေရှိ​ယ​ပဲ​ဆို​တာ သက်​သေထူ​တယ်။ ဒါ​ဆို​ရင် ယေရှု ဘယ်​နေ​ရာ​က လာ​သလဲ။ ယေရှု​ဟာ ဘယ်​လို​ပု​ဂ္ဂိုလ်​မျိုး​လဲ။ ကျမ်း​စာ​ဘာ​ပြော​သလဲ လေ့​လာ​ကြည့်​ကြ​စို့။

ယေရှု ဘယ်​နေ​ရာ​က လာ​သလဲ

၁၀။ မြေကြီး​ပေါ် မလာ​ခင်​က ယေရှု​ရဲ့​ဘဝ​အကြောင်း ကျမ်း​စာ ဘယ်​လို​သွန်သင်​သလဲ။

၁၀ ယေရှု မြေကြီး​ပေါ် မလာ​ခင် ကောင်း​ကင်​မှာ အကြာ​ကြီး နေ​ခဲ့​တယ်​လို့ ကျမ်း​စာ သွန်သင်​တယ်။ မိက္ခာ​က မေရှိ​ယ​ဟာ “ရှေး​အချိန်​က​တည်း​က” တည်​ရှိ​ခဲ့​သူ​လို့ ပြော​ခဲ့​တယ်။ (မိက္ခာ ၅:၂) လူ​သား​အဖြစ် မမွေး​ဖွား​ခင်​က ကောင်း​ကင်​မှာ နေ​ခဲ့​တယ်​လို့ ယေရှု​ကိုယ်​တိုင် မကြာ​ခ​ဏ ပြော​ခဲ့​တယ်။ (ယောဟန် ၃:၁၃။ ၆:၃၈၊ ၆၂။ ၁၇:၄၊ ၅ ကို​ဖတ်​ပါ။) မြေကြီး​ပေါ် မလာ​ခင်​က​တည်း​က ယေရှု​ဟာ ယေဟောဝါ​နဲ့ ရင်း​နှီး​တဲ့​ဆက်ဆံ​ရေး ရှိ​တယ်။

၁၁။ ယေဟောဝါ​က ဘာ​ကြောင့် ယေရှု​ကို အလွန်​တန်​ဖိုး​ထား​သလဲ။

၁၁ ယေဟောဝါ​က ယေရှု​ကို အလွန်​တန်​ဖိုး​ထား​တယ်။ ဘာ​ကြောင့်​လဲ။ ဘု​ရား​သခင် ဦး​ဆုံး​ဖန်​ဆင်း​ထား​သူ ဖြစ်​လို့​ပဲ။ ယေရှု​ကို “ဖန်​ဆင်း​ရာ​အားလုံး​မှာ သား​ဦး” လို့ ခေါ်​ထား​တယ်။ * (ကောလောသဲ ၁:၁၅) ယေရှု​ကို ယေဟောဝါ အလွန်​တန်​ဖိုး​ထား​ရ​တဲ့ အကြောင်း​ရင်း​က ယေရှု​ဟာ ဘု​ရား​သခင်​ကိုယ်​တိုင် ဖန်​ဆင်း​ခဲ့​တဲ့ တစ်ဦး​တည်း​သော​ပု​ဂ္ဂိုလ် ဖြစ်​လို့​ပဲ။ ဒါ​ကြောင့် သူ့​ကို “တစ်ဦး​တည်း​သော​သား” လို့​ခေါ်​တယ်။ (ယောဟန် ၃:၁၆) တ​ခြား​အရာ​အားလုံး​ကို ယေဟောဝါ ဖန်​ဆင်း​တဲ့​အခါ​မှာ ပါ​ဝင်​ကူညီ​ခဲ့​တဲ့ တစ်ဦး​တည်း​သော​သူ​လည်း ဖြစ်​တယ်။ (ကောလောသဲ ၁:၁၆) ကောင်း​ကင်​တ​မန်​တွေ​နဲ့ လူ​သား​တွေ​ကို သတင်း​စကား၊ ညွှန်​ကြား​ချက် ပေး​ဖို့ ယေဟောဝါ​သုံး​ခဲ့​တဲ့ ယေရှု​တစ်ဦး​တည်း​ကို “နှုတ်​က​ပတ်​တော်” လို့ ခေါ်​နိုင်​တယ်။—ယောဟန် ၁:၁၄

၁၂။ ဘု​ရား​သခင်​နဲ့ ယေရှု​ဟာ တစ်ဦး​တည်း​မဟုတ်​မှန်း ကျွန်​တော်​တို့ ဘယ်​လို​သိ​ရ​သလဲ။

၁၂ ဘု​ရား​သခင်​နဲ့ ယေရှု​ဟာ တစ်ဦး​တည်း​ပဲ​လို့ တ​ချို့ ယုံ​ကြည်​ကြ​တယ်။ ကျမ်း​စာ​က အဲဒီ​လို မသွန်သင်​ဘူး။ ယေရှု​ဟာ ဖန်​ဆင်း​ခံ​ရ​သူ ဖြစ်​တယ်​ဆို​ပြီး ကျမ်း​စာ​သွန်သင်​တယ်။ ဒါ​ကြောင့် ယေရှု​မှာ အစ​ရှိ​တယ်။ အရာ​ခပ်​သိမ်း​ကို ဖန်​ဆင်း​တဲ့ ယေဟောဝါ​မှာ​တော့ အစ​မရှိ​ဘူး။ (ဆာလံ ၉၀:၂) ဘု​ရားရဲ့​သား​တော် ယေရှု​ဟာ ဘု​ရား​သခင်​ဖြစ်​ဖို့ တစ်​ခါ​မှ စိတ်​မကူး​ခဲ့​ဘူး။ အဖဘု​ရား​ဟာ သား​တော်​ထက် ကြီး​မြတ်​တယ်​လို့ ကျမ်း​စာ​မှာ ရှင်း​ရှင်း​လင်း​လင်း သွန်သင်​ထား​တယ်။ (ယောဟန် ၁၄:၂၈ ကို​ဖတ်​ပါ။ ၁ ကော​ရိန္သု ၁၁:၃) ယေဟောဝါ​တစ်ပါး​တည်း​သာ “အနန္တ​တန်ခိုး​ရှင် ဘု​ရား​သခင်” ဖြစ်​တယ်။ (ကမ္ဘာဦး ၁၇:၁) ဘု​ရား​သခင်​သာ စ​ကြ​ဝ​ဠာ​မှာ အကြီး​မြတ်​ဆုံး၊ တန်ခိုး​အကြီး​ဆုံး ဖြစ်​တယ်။—ရှင်း​လင်း​ချက် ၁၄ ကို​ကြည့်​ပါ။

၁၃။ ကျမ်း​စာ​မှာ ယေရှု​ကို “မျက်​စိ​နဲ့​မမြင်​နိုင်​တဲ့ ဘု​ရား​သခင်​ရဲ့ ပုံ​သဏ္ဌာန်” လို့ ဘာ​ကြောင့် ပြော​တာ​လဲ။

၁၃ ယေဟောဝါ​နဲ့ သား​တော်​ယေရှု​ဟာ ကောင်း​ကင်​နဲ့ မြေကြီး​ကို မဖန်​ဆင်း​ခင် နှစ်​သန်း​ထောင်​ချီ​က​တည်း​က အတူ​တ​ကွ အလုပ်​လုပ်​ခဲ့​ကြ​တယ်။ တစ်ဦး​နဲ့​တစ်ဦး သိပ်​ချစ်​မြတ်​နိုး​မှာ​ပဲ။ (ယောဟန် ၃:၃၅။ ၁၄:၃၁) ဖခင်​ရဲ့​အရည်​အသွေး​တွေ​ကို အကောင်း​ဆုံး တု​ပခဲ့လို့ ယေရှု​ကို “မျက်​စိ​နဲ့​မမြင်​နိုင်​တဲ့ ဘု​ရား​သခင်​ရဲ့ ပုံ​သဏ္ဌာန်” လို့ ကျမ်း​စာ​မှာ ပြော​ထား​တယ်။—ကောလောသဲ ၁:၁၅

၁၄။ ယေဟောဝါ တန်​ဖိုး​အထား​ရ​ဆုံး​သား​ဟာ လူ​သား​အဖြစ် ဘယ်​လို မွေး​ဖွား​လာ​သလဲ။

၁၄ ယေဟောဝါ တန်​ဖိုး​အထား​ရ​ဆုံး​သား​ဟာ ကောင်း​ကင်​ကို စွန့်​ပြီး လူ​သား​အဖြစ် မြေကြီး​ပေါ် မွေး​ဖွား​လာ​ဖို့ တ​လို​တ​လား ရှိ​ခဲ့​တယ်။ ဒါ ဘယ်​လို​ဖြစ်​နိုင်​မှာ​လဲ။ ယေဟောဝါ​ဟာ ကောင်း​ကင်​မှာ​ရှိ​တဲ့ မိမိ​သား​ရဲ့​အသက်​ကို မာ​ရိလို့​ခေါ်​တဲ့ အပျို​တစ်ဦး​ရဲ့ သား​အိမ်​ထဲ အံ့​ဖွယ်​နည်း​နဲ့ ပြောင်း​ရွှေ့​ပေး​တယ်။ ဒါ​ကြောင့် ယေရှု​မွေး​ဖွား​လာ​ဖို့ လူ​သား​ဖခင်​တစ်ဦး မလို​အပ်​ဘူး။ မာ​ရိ​ဟာ ပြည့်​ဝ​စုံလင်​တဲ့​သား​ကို မွေး​ဖွား​လာ​ပြီး ယေရှု​လို့ နာ​မည်​ပေး​တယ်။—လုကာ ၁:၃၀-၃၅

ယေရှု​ဟာ ဘယ်​လို​ပု​ဂ္ဂိုလ်​မျိုး​လဲ

၁၅။ ယေဟောဝါ​အကြောင်း ဘယ်​လို​နည်း​နဲ့ ပို​သိ​ရှိ​လာ​နိုင်​သလဲ။

၁၅ မဿဲ၊ မာကု၊ လုကာ၊ ယောဟန်​ကျမ်း​ကို ဖတ်​မယ်​ဆို​ရင် ယေရှု​အကြောင်း၊ သူ့​အသက်​တာ၊ သူ့​အရည်​အသွေး​အကြောင်း အများ​ကြီး သိ​လာ​မယ်။ အဲဒီ​ကျမ်း​တွေ​ကို ခ​ရစ်​ဝင်​ကျမ်း​လို့ ခေါ်​တယ်။ ယေရှု​ဟာ ဖခင်​နဲ့​တူ​တဲ့​အတွက် ယေရှု​အကြောင်း ကျွန်​တော်​တို့ သိ​ရှိ​လာ​တာ​တွေ​က ယေဟောဝါ​အကြောင်း ပို​သိ​ရှိ​စေ​ပါ​လိမ့်​မယ်။ ဒါ​ကြောင့် ယေရှု​က “ကျွန်​တော့်​ကို မြင်​တာ​ဟာ အဖဘု​ရား​ကို မြင်​တာ​ပဲ” လို့​ပြော​ခဲ့​တယ်။—ယောဟန် ၁၄:၉

၁၆။ ယေရှု ဘာ​အကြောင်း သွန်သင်​ခဲ့​သလဲ၊ ယေရှု​ရဲ့ သွန်သင်​ချက်​တွေ​ဟာ ဘယ်​သူ့​ဆီ​က လာ​သလဲ။

၁၆ လူ​အတော်​များ​များ​က ယေရှု​ကို “ဆ​ရာ” လို့​ခေါ်​ကြ​တယ်။ (ယောဟန် ၁:၃၈။ ၁၃:၁၃) ယေရှု​က “နိုင်​ငံ​တော်​သတင်း​ကောင်း” အကြောင်း အဓိ​က​သင်​ပေး​ခဲ့​တယ်။ အဲဒီ​နိုင်​ငံ​တော်​ဟာ ဘာ​လဲ။ ကမ္ဘာ​မြေတစ်​ခု​လုံး​ကို ကောင်း​ကင်​က​နေ အုပ်​စိုး​ပြီး နာ​ခံ​မှု​ရှိ​တဲ့​လူ​သား​တွေ​အတွက် ကောင်း​ချီးတွေ ဆောင်​ကြဉ်း​ပေး​မယ့် ဘု​ရား​သခင့်​အစိုး​ရ​ပဲ။ (မဿဲ ၄:၂၃) ယေရှု​သွန်သင်​သမျှ​ဟာ ယေဟောဝါ​ဆီ​က​ဖြစ်​တယ်။ “ကျွန်​တော် သင်​ပေး​နေ​တာ​တွေ​ဟာ ကျွန်​တော့်ရဲ့​တ​ရား မဟုတ်​ဘူး။ ကျွန်​တော့်​ကို စေ​လွှတ်​လိုက်​တဲ့​အရှင်​ရဲ့ တ​ရားတွေ​ပဲ” ဆို​ပြီး ယေရှု​ပြော​ခဲ့​တယ်။ (ယောဟန် ၇:၁၆) ယေဟောဝါ​ဟာ လူ​တွေ​ကို နိုင်​ငံ​တော်​သတင်း​ကောင်း ကြား​စေ​ချင်​မှန်း ယေရှု​သိ​တယ်။

၁၇။ ယေရှု ဘယ်​နေ​ရာတွေ​မှာ သွန်သင်​ခဲ့​သလဲ။ တ​ခြား​သူ​တွေ​ကို ယေရှု ဘာ​ကြောင့် ကြိုး​စား​ပမ်း​စား သွန်သင်​ပေး​ခဲ့​တာ​လဲ။

၁၇ ယေရှု ဘယ်​နေ​ရာတွေ​မှာ သွန်သင်​ခဲ့​သလဲ။ လူ​တွေ​ရှိ​နိုင်​တဲ့ နေ​ရာ​တိုင်း​မှာ၊ ကျေး​လက်​ဒေ​သတွေ၊ မြို့​ရွာတွေ၊ ဈေး​တွေ၊ ဝတ်​ပြု​တဲ့​နေ​ရာတွေ၊ အိမ်​တွေ​မှာ ဖြစ်​တယ်။ ယေရှု​က လူ​တွေ သူ့​ဆီ​လာ​ဖို့ စောင့်​မနေ​ဘူး။ ကိုယ်​တိုင် လူ​တွေ​ဆီ သွား​တယ်။ (မာကု ၆:၅၆။ လုကာ ၁၉:၅၊ ၆) အချိန်၊ ခွန်​အား စိုက်​ထုတ်​ပြီး လူ​တွေ​ကို ယေရှု ကြိုး​စား​ပမ်း​စား သွန်သင်​ပေး​ခဲ့​တာ ဘာ​ကြောင့်​လဲ။ အဲဒီ​လို​လုပ်​ဖို့ ဘု​ရား​သခင် အလို​ရှိ​မှန်း သိ​တဲ့​အတွက်၊ ဖခင်​ကို အမြဲနာ​ခံ​တဲ့​အတွက် ဖြစ်​တယ်။ (ယောဟန် ၈:၂၈၊ ၂၉) ယေရှု ဟော​ပြော​ရ​တဲ့ နောက်​အကြောင်း​ရင်း​က​တော့ လူ​တွေ​ကို သနား​စာ​နာ​လို့​ပဲ။ (မဿဲ ၉:၃၅၊ ၃၆ ကို​ဖတ်​ပါ။) ဘာ​သာ​ရေး​ခေါင်း​ဆောင်​တွေ​က ဘု​ရား​သခင်​အကြောင်း၊ ဘု​ရား​နိုင်​ငံ​တော်​အကြောင်း အမှန်​အတိုင်း မသွန်သင်​ပေး​မှန်း ယေရှု​သိ​တယ်။ ဒါ​ကြောင့် လူ​များ​နိုင်​သမျှ​များ​များ နိုင်​ငံ​တော်​သတင်း​ကောင်း ကြား​နိုင်​အောင် သူ​ကူညီ​ချင်​တယ်။

၁၈။ ယေရှု​ရဲ့ ဘယ်​အရည်​အသွေး​တွေ​ကို သင် အကြိုက်​ဆုံး​လဲ။

၁၈ ယေရှု​ဟာ လူ​တွေ​ကို​ချစ်​ပြီး ဂရု​စိုက်​တဲ့​သူ ဖြစ်​တယ်။ ကြင်နာ​မှု​ရှိ​သူ၊ ချဉ်း​ကပ်​ရ​လွယ်​သူ ဖြစ်​တယ်။ က​လေး​ငယ်​တွေ​တောင် သူ့​အနား နေ​ချင်​ကြ​တယ်။ (မာကု ၁၀:၁၃-၁၆) ယေရှု​က မျက်​နှာ​မလိုက်​ဘူး။ အကျင့်​ပျက်​ခြစား​မှု​နဲ့ မတ​ရား​မှု​ကို မုန်း​တယ်။ (မဿဲ ၂၁:၁၂၊ ၁၃) အမျိုး​သမီး​တွေ​ကို နှိမ်​ပြီး အခွင့်​အရေး​နည်း​နည်း​ပဲ ပေး​တဲ့​ခေတ်​မှာ ယေရှု​က သူတို့​ကို တ​လေး​တ​စား ဆက်ဆံ​ခဲ့​တယ်။ (ယောဟန် ၄:၉၊ ၂၇) ယေရှု​ဟာ တ​ကယ်​နှိမ့်​ချ​သူ​ဖြစ်​တယ်။ တစ်​ခါ​က တမန်​တော်​တွေ​ကို ခြေ​ဆေး​ပေး​ခဲ့​တယ်၊ ဒါ​ဟာ နိမ့်​ကျ​တဲ့​အစေ​ခံ​တစ်ဦး လုပ်​တဲ့​အလုပ်​ပဲ။—ယောဟန် ၁၃:၂-၅၊ ၁၂-၁၇

လူ​တွေ​ကို တွေ့​တဲ့​နေ​ရာ​တိုင်း​မှာ ယေရှု ဟောပြော​ခဲ့

၁၉။ ယေရှု​ဟာ လူ​တွေရဲ့ တ​ကယ့်​လို​အပ်​ရာ​ကို သိ​ပြီး ကူညီ​ပေး​ချင်​တယ်​ဆို​တာ ဘယ်​အဖြစ်​အပျက်​က ဖော်ပြသလဲ။

၁၉ ယေရှု​က လူ​တွေရဲ့ တ​ကယ့်​လို​အပ်​ရာ​ကို သိ​ပြီး ကူညီ​ပေး​ချင်​တယ်။ ဖျား​နာ​မှု​တွေ​ကို ဘု​ရား​ပေး​တန်ခိုး​နဲ့ ကု​သပေး​ချိန်​မှာ အဲဒီ​အချက် ထင်​ရှား​တယ်။ (မဿဲ ၁၄:၁၄) တစ်​ခါ​က အနာ​ကြီး​ရော​ဂါသ​ည်​တစ်ဦး ယေရှု​ဆီ လာ​ပြီး “သခင်၊ ဆန္ဒ​ရှိ​ရင် ကျွန်​တော့်​ကို သန့်​ရှင်း​သွား​အောင် လုပ်​ပေး​ပါ​လား” လို့​အသနား​ခံ​တယ်။ အဲဒီ​လူ​ရဲ့ စိတ်​ဒုက္ခ​နဲ့ ဝေ​ဒ​နာ​အတွက် ယေရှု ကရု​ဏာ​သက်​မိ​တယ်။ သူ့​ကို သနား​ပြီး ကူညီ​ပေး​ချင်​တယ်။ ဒါ​ကြောင့် လက်​ကို​ဆန့်၊ သူ့​ကို လှမ်း​ကိုင်​ပြီး “ဆန္ဒ​ရှိ​တာ​ပေါ့။ သန့်​ရှင်း​စေ” လို့​ပြော​တဲ့​အခါ ချက်​ချင်း​ပဲ အနာ​ကြီး​ရော​ဂါ ပျောက်​သွား​တယ်။ (မာကု ၁:၄၀-၄၂) အဲဒီ​လူ ဘယ်​လို​ခံစား​ရ​မလဲ​ဆို​တာ သင် မြင်​ယောင်​ကြည့်​လိုက်​ပါ။

ဖခင်​အပေါ် အမြဲသစ္စာ​ရှိ

၂၀၊ ၂၁။ ဘု​ရား​သခင်​ကို နာ​ခံ​ရာ​မှာ အကောင်း​ဆုံး ပုံသက်သေ​ကို ယေရှု ဘယ်​လို​တင်​ပြခဲ့​သလဲ။

၂၀ ယေရှု​က ဘု​ရား​သခင်​ကို နာ​ခံ​ရာ​မှာ အကောင်း​ဆုံး ပုံသက်သေ​ ပြခဲ့​တယ်။ ဘယ်​လို​အခြေ​အနေ​ပဲ ကြုံ​ပါ​စေ၊ ရန်​သူ​တွေ ဘယ်​လို​ပဲ ဆန့်​ကျင်​ပါ​စေ ဖခင်​အပေါ် သစ္စာ​ရှိ​တယ်။ ဥပမာ၊ စာ​တန် သွေး​ဆောင်​တဲ့​အခါ ယေရှု အပြစ်​မလုပ်​ဘူး။ (မဿဲ ၄:၁-၁၁) မိသား​စု​ဝင်​တ​ချို့​က ယေရှု​ကို မေရှိ​ယ​အဖြစ် မယုံ​ကြည်​ဘဲ “စိတ်​ဖောက်​ပြန်​သွား​ပြီ” လို့ ပြော​ခဲ့​ကြ​တယ်။ ဒါ​ပေမဲ့ ဘု​ရား​အလုပ်​ကို ယေရှု ဆက်​လုပ်​ဆောင်​ခဲ့​တယ်။ (မာကု ၃:၂၁) ရန်​သူ​တွေ သူ့​ကို ရက်ရက်​စက်​စက် ဆက်ဆံ​တဲ့​အခါ​မှာ​လည်း ဘု​ရား​အပေါ် ဆက်​သစ္စာ​ရှိ​တယ်၊ ဆန့်​ကျင်​သူ​တွေ ထိ​ခိုက်​နစ်​နာ​သွား​အောင် မလုပ်​ခဲ့​ဘူး။—၁ ပေတရု ၂:၂၁-၂၃

၂၁ ယေရှု​ဟာ ရက်ရက်​စက်​စက်၊ ဝေ​ဒ​နာ​ခံစား​ပြီး သေဆုံး​ရ​တာ​တောင် ယေဟောဝါ​အပေါ် သစ္စာ​တည်​ကြည်​ခဲ့​တယ်။ (ဖိ​လိပ္ပိ ၂:၈ ကို​ဖတ်​ပါ။) သူ သေဆုံး​တဲ့​နေ့​မှာ ခံစား​ခဲ့ရ​တာ​တွေ​ကို စဉ်း​စား​ကြည့်​ပါ။ အဖမ်း​ခံ​ခဲ့ရ​တယ်၊ ဘု​ရား​ကို စော်​ကား​ပြော​ဆို​သူ​လို့ စွပ်​စွဲ​ခံ​ခဲ့ရ​တယ်။ ဆိုး​ညစ်​တဲ့ တ​ရား​သူ​ကြီး​တွေ အပြစ်​စီ​ရင်​တာ၊ လူ​အုပ် လှောင်​ပြောင်​တာ၊ စစ်​သား​တွေ ညှဉ်း​ဆဲ​တာ၊ သစ်​တိုင်​မှာ သံ​နဲ့​ရိုက်​တာ ခံ​ခဲ့ရ​တယ်။ အသက်​ထွက်​ခါ​နီး​မှာ “အဖခိုင်း​သမျှ ကျွန်​တော်​လုပ်​ပြီး​ပါ​ပြီ” လို့ အော်​ပြော​ခဲ့​တယ်။ (ယောဟန် ၁၉:၃၀) ယေရှု သေဆုံး​ပြီး သုံး​ရက်​မြောက်​နေ့​မှာ ယေဟောဝါ​က သူ့​ကို အသက်​ပြန်​ရှင်​စေ​ပြီး ဝိညာဉ်​ခန္ဓာ ပေး​ခဲ့​တယ်။ (၁ ပေတရု ၃:၁၈) ရက်​အတန်​ကြာ​ပြီး​နောက် ယေရှု​က ကောင်း​ကင်​ကို ပြန်​တက်​သွား​တယ်၊ “ဘု​ရား​သခင်​ရဲ့ ညာ​ဘက်​မှာ ထိုင်​ပြီး” ဘု​ရင့်​အာ​ဏာ ရ​ရှိ​မယ့်​အချိန်​ကို စောင့်​ဆိုင်း​နေ​ခဲ့​တယ်။—ဟီ​ဘ​ရူး ၁၀:၁၂၊ ၁၃

၂၂။ ယေရှု​ဟာ ဖခင်​အပေါ် သစ္စာ​တည်​ကြည်​ခဲ့လို့ ကျွန်​တော်​တို့​အတွက် ဘာ​လမ်း​ပွင့်​သွား​သလဲ။

၂၂ ယေရှု​ဟာ ဖခင်​အပေါ် သစ္စာ​တည်​ကြည်​ခဲ့လို့ ယေဟောဝါ​ရဲ့ ရည်​ရွယ်​ချက်​အတိုင်း မြေကြီး​ပရ​ဒိ​သု​မှာ ကျွန်​တော်​တို့ ထာ​ဝ​စဉ်​အသက်​ရှင်​ဖို့ လမ်း​ပွင့်​သွား​တယ်။ ယေရှု​ရဲ့​သေခြင်း​က အဲဒီ​လို​ဖြစ်​စေ​နိုင်​တဲ့​အကြောင်း နောက်​အခန်း​မှာ လေ့​လာ​ကြ​ပါ​မယ်။

^ စာပိုဒ်၊ 11 ယေဟောဝါ​ဟာ ဖန်​ဆင်း​ရှင်​ဖြစ်​တဲ့​အတွက် ကိုယ်​တော့်​ကို အဖလို့ ခေါ်​နိုင်​တယ်။ (ဟေ​ရှာ​ယ ၆၄:၈) ယေရှု​ကို ယေဟောဝါ ဖန်​ဆင်း​တဲ့​အတွက် ဘု​ရား​သခင်​ရဲ့​သား​လို့ ခေါ်​တယ်။ ကောင်း​ကင်​တ​မန်​တွေ​နဲ့ အာ​ဒံ​ကို​လည်း ဘု​ရား​သခင်​ရဲ့​သား​လို့ ခေါ်​ထား​တယ်။—ယောဘ ၁:၆။ လုကာ ၃:၃၈